ပိုးကရင်ဘာသာစကားဖြင့် ရိုးရာပူဇော်ပွဲ (နတ်စား) ကို “အောင်းဃယ်”ဟုခေါ်ပြီး စကောကရင်ဘာသာ စကားဖြင့် “အော်ဘွာ့”ဟုခေါ်ကြသည်။ ဤ ရိုးရာဓလေ့ သည် နတ်များကို ပသသောဓလေ့မဟုတ်ပဲ သေဆုံးပြီး သောမိဘ၊ဘိုးဘွားတို့၏ ဝိညာဉ်ကို ပြန်လည်ပူဇော်ပသခြင်းပင်ဖြစ်သည်။
သေဆုံးပြီးသောမိဘ၊ ဘိုးဘွားတို့တွင် “ဝိနွေးဂါး လာ နွေးဂါ” ဟုခေါ်သော ဝိညာဉ်ခုနှစ်ပါးရှိသည်ဟု ယုံကြည် ကြ၏။ ထိုဝိညာဉ်ခုနှစ်ပါးတို့သည် အကျွတ်တရားရသော ဝိညာဉ် ရှိသကဲ့သို့ အကျွတ်တရားမရပဲ ဝေ့တလည်လည် ဖြစ်နေရသော ဝိညာဉ်လည်း ရှိကြောင်း ယုံကြည်ယူဆထားကြ၏။ မည်သို့ပင်ဆိုစေ ပိုးကရင်တို့သည် တမလွန် ဘဝတွင်ရောက်ရှိနေကြသောမိဘဘိုးဘွားတို့၏ ဝိညာဉ် ကိုတစ်နှစ်တစ်ကြိမ် စားဖွယ်သောက်ဖွယ်များဖြင့် ပူဇော် ပသကြပြီးမိမိတို့နှင့်အတူတကွ ပြန်လာ၍ စားသောက် ကြပါရန် ရိုးရာပူဇော်ပွဲတစ်ရပ် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။
မိဘဘိုးဘွားတို့၏ ဝိညာဉ်ပူဇော်ပသရာတွင် ဦးစီးဦးဆောင်လုပ်ရသူမှာ အိမ်ရှင်မသာဖြစ်၏။အဘယ့် ကြောင့်ဆိုသော် ကရင်တို့သည်ဆွေမျိုးသွေးသားတော်စပ်ခြင်းတွင်မိခင်အနွယ်ဝင်ဘက်မှသာ တွက်ယူကြသောဓလေ့ (Martriarchal) ကြောင့် ဖြစ်၏။မိခင်သာလျှင်အိမ်ထောင်ဦးစီးကွပ်ကဲသူအဖြစ်ထားသောဓလေ့ရှိခဲ့သည်။ထို့ကြောင့်ပိုးကရင်ကို“မူးထိုက်”(မိုထိ )ဟူ၍ ယခုတိုင် ခေါ်ဝေါ်လျှက်ရှိကြ၏။ မိန်းကလေးတစ်ယောက်အိမ်ထောင်ကျပြီဆိုလျှင် မိမိသည် အိမ်ထောင် ကျသည့်နေ့မှစ၍ မိမိတို့ အိုးအိမ်တွင် ရိုးရာပူဇော်ပွဲကို ဦးဆောင်သွားရမည် ချည်းသာဖြစ်သည်။
ပိုးကရင်သည် မိဘနှစ်ပါးကို တရိုတသေ လေးစား ၍ နေ့စဉ်ပြုစုကြ၏။ နှစ်စဉ်တိုင်းနှစ်တိုင်း နေ့ကောင်း ရက်မြတ်တွင် မိဘတို့ထံပြန်လာ၍ စားဖွယ်သောက် ဖွယ်များဖြင့် လည်းကောင်း၊ စန္ဒကူးနံ့သာရည်အမွေး အကြိုင်တို့ဖြင့်လည်းကောင်း မိဘတို့ကိုပူဇော်ကန်တော့ ကြ၏။ မိဘများအသက်ရှင်ချိန်တွင်သာ ရိုသေလေး စားကြသည်မဟုတ်ပဲ ဘဝတစ်ပါးသို့ပြောင်းသွားသော မိဘတို့ကို နှစ်ပေါင်းမည်မျှပင် ကြာညောင်းသွားစေကာမူ မမေ့မလျော့ နှစ်စဉ်နှစ်တိုင်းပင် မိဘတို့၏ဝိညာဉ်ကို ပူဇော်ကန်တော့ကြသည်။ မိဘတို့၏ ဝိညာဉ်ကို စားဖွယ်သောက်ဖွယ်တို့ဖြင့် ပူဇော်ပသလျှက် မိမိတို့အသက် ထက်ဆုံး နှစ်တိုင်းပင် ကန်တော့ကာ ပြုစုစောင့်ရှောက် ကြရလေသည်။
မိဘတို့ကို ရိုသေကြသကဲ့သို့ မိမိတို့သားသမီးများကိုလည်း လွန်စွာခင်တွယ်တတ်ကြသည်။ မိမိတို့၏ သားသမီးများ အိမ် ထောင်ခွဲ၍ မိသားစုကွဲကွာသွားမည်ကို လွန်စွာစိုးရိမ်ကြသည်။ မိသားစုအနွယ်ဝင် အိမ်ထောင်စုများ တကွဲတပြား သီးခြားဖြစ်သွားမည်ကိုလွန်စွာစိုးရိမ်သည်။ သားသမီးတို့ကလည်း အိမ်ထောင်ပြုကြပြီး တောင်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်ကာ အိုး သစ်အိမ်သစ်ကို တည်ထောင်ကြ၏။ ဤသို့ဖြင့်တောင်ယာများကို ရွှေ့ပြောင်းလုပ်ကိုင်ယင်းမူရင်းအိမ်ထောင်ဖြစ်သော မိဘတို့နှင့် တစ်ဖြည်းဖြည်း ဝေးကွာလာခဲ့ကြ သည်။
ဤသို့သားသမီးများနှင့် ဝေးကွာလာခဲ့သဖြင့် တစ်နှစ်တစ်ကြိမ် သားသမီးများနှင့်အတူ ပြန်လည်ဆုံဆည်း နိုင်ရန် နှစ်စဉ်မိုးဦး ကျ နှစ်ပတ်လည်ရောက်၍ ကွယ်လွန် သွားသော မိမိတို့၏ မိဘဝိညာဉ်ကို ပူဇော်ပသရန် အချိန် ရောက်တိုင်း အဝေးသို့ရောက်ရှိနေကြသောသားသမီးများကို ခေါ်ယူ၍ မိမိတို့နှင့်အတူ ဘိုးဘွားဝိညာဉ်ကို ပါဝင်ပူဇော်ပသစေ၏။ ဤသို့ဖြင့် တစ်နှစ်လျှင် တစ်ကြိမ်ကျ မိမိတို့၏ မိသားစုတို့အား မျက်နှာစုံညီဖြင့် ဝမ်းပန်းတသာ ပြန်လည်ဆုံဆည်းခွင့် ရကြလေသည်။ သားသမီး နှင့်တကွ မြေးမြစ်တို့ အကုန်စုရုံးရောက် ရှိလာသောအခါ ညနေစောင်းတွင် မိဘတို့၏ဝိညာဉ် (သားသမီးတို့အနေဖြင့် ဘိုးဘွားတို့၏ ဝိညာဉ်)ကို ပူဇော် ပသကြသည်။
မိဘ၏ဝိညာဉ်အတွက် ချက်ထားသော ထမင်းနှင့် ဆားမပါပြုတ်ထားသော ဝက်သားကို သစ်သားဖြင့် ပြု လုပ်ထားသောဗျပ်တွင်ရေတစ်ခွက်နှင့်အတူထည့်ထားသည်။ ထိုအခါအရပ်ရပ်မှ စုရုံးရောက်လာကြသော မိသားစုအဖွဲ့ဝင်တို့သည် ဗျပ်ကို ပတ်ပတ်လည်ဝိုင်း၍ထိုင်ကြ၏။ ထို့နောက် တမလွန်ဘဝသို့ ရောက်ရှိနေသော မိဘ၏ ဝိညာဉ်ကို ခေါ်လေသည်။
ခေါ်ပုံမှာ “တမလွန်ဘဝသို့ ရောက်ရှိနေသော မိဝိညာဉ် ဖဝိညာဉ်တို့ယနေ့ညတွင်သားသမီးတို့ဆီသို့ ပြန်လာ၍ သားသမီးတို့ ပူဇော်ပသသော စားဖွယ်သောက်ဖွယ်ဖြစ်သည့် ဝက်သား၊ ဝက်သည်းတို့ကို လာရောက် သုံးဆောင်တော်မူကြပါ” ဟူ၍ အဓိပ္ပာယ်ရ ပါ သည်။ ထိုသို့ ရွတ်ဖတ်ဖိတ်ခေါ်ပြီးသည်နှင့် မိဘတို့ ဝိညာဉ် ရောက်လာပြီဟု ယုံကြည်ကြသည့်အတိုင်း ရေထည့် ထားသောခွက်ကိုယူကာ တမလွန်ဘဝသို့ ရောက်နေသောမိဘတို့ကို ရည်စူး၍ စားဖွယ်သောက်ဖွယ် မစားမီ လက်ဆေးပါရန် ရွတ်ဖတ် ပြောဆိုရ၏။ ထို့နောက်တည်ခင်းထားသောစားဖွယ်သောက်ဖွယ်များကိုစားပါရန်နှင့်စားသောက်ပြီးလျှင်ရေသောက် ပါရန် ရွတ်ဖတ်ပြောဆိုရပြန်သည်။
မိဘဝိညာဉ်ကို ကျွေးမွေးပြီးသော် အိမ်ထောင် ဦးစီး ဖြစ်သူ(အဖေနှင့်အမေ)နှစ်ဦးက အနည်းငယ်စီ ဝက် သားကိုဖဲ့စားရ၏။ ဆက်လက်၍ ရိုးရာပူဇော်ပွဲတွင် ပါဝင်သူအားလုံး ကြီးစဉ်ငယ်လိုက် အနည်းငယ်စီ ဝက်သားကို ဖဲ့စားပြီးသော် ခွက်ထဲမှရေကို တစ်ယောက်အနည်းငယ်စီ သောက်ကြပြန်သည်။ မိသားစုဦးရေများသဖြင့် ဗျပ်ထဲ တွင် ထည့်ထားသော ထမင်းနှင့်ဝက်သားဟင်းမှာ တလင်း ပြောင် သွားတော့သည်။
မိဘတို့၏ဝိညာဉ်(သားသမီးများအတွက် ဘိုးဘွား ၏ဝိညာဉ်ကို)ပူဇော်ပသရာတွင် စကားမပြောရပဲ တိတ် ဆိတ်စွာနေရသည်။ကလေးများဆော့ခြင်း၊လှုပ်ရှား ဆူညံ ခြင်းမပြုရပေ။စိတ်ချမ်းချမ်းသာသာဖြင့် ပျော်ရွှင် ဆိတ် ငြိမ် စွာ နေရလေသည်။
အိမ်ထောင်ဦးစီးဖြစ်သူမိခင်သည် ရောက်လာသော သားသမီးမြေးမြစ် အားလုံးတို့အား ခိုင်ခံ့စွာ ကျစ် ထား သောချည်ဖြင့်သီကုံးထားသည့်ရွှေစငွေစကို တစ်ယောက် တစ်ကုံးစီ အသီးသီးဆွဲပေးလေသည်။ ဤသို့ ရွှေကြိုး ငွေကြိုးကို လည်တွင် ကိုယ်စီဆွဲထားပြီးလျှင် ထိုညအဖို့ ရိုးရာပူဇော်ခြင်း အစီအစဉ် ပြီးဆုံးသွားပါသည်။ သို့သော် ထိုညတွင် အခြားနေရာသို့ သွားရောက်အိပ်စက်ခြင်း မပြု ရပဲ အိမ်တွင်သာ တစုတရုံးတည်း အိပ်ကြရမည်သာ ဖြစ်ပေသည်။ ဤညအတွက် ဘိုးဘွား၏ ဝိညာဉ်ကို ပူဇော်ကန်တော့ခြင်းမှာ အမေဘက်မှ အဘိုးနှင့် အဘွား တို့၏ ဝိညာဉ်ကို ပူဇော်ကန်တော့ခြင်းဖြစ်၏။
နောက်တစ်နေ့ ညဘက်ရောက်သော် ဖခင် ဘက်က အဘိုးအဘွားတို့၏ ဝိညာဉ်ကို ယခင်နေ့ည အတိုင်း ပူဇော်ကန်တော့ရပြန်သည်။ပိုးကရင်တို့သည် မိခင်ကိုအိမ်ထောင်ဦးစီးကွပ်ကဲသူအဖြစ်ထားသောမိခင်အနွယ်“မူးထိုက်”(မိုထိ)ဖြစ်သော ကြောင့် မိခင်ဘက်မှ ဘိုးဘွားတို့၏ဝိညာဉ်ကို အစဦးဆုံးပူဇော်ပသခြင်းဖြစ်၏။ ဖခင်ဘက်မှ ဘိုးဘွားတို့၏ဝိညာဉ်ကို ပူဇော်ပသပြီးသော် ယခင်ညကအတိုင်း အိမ်၌ တစုတရုံးတည်း အိပ်ကြရပြန်သည်။ ထိုညရိုးရာ ပူဇော်ပွဲပြီးသော် ယခင်နေ့ရိုးရာပူဇော် ပွဲတွင် ပါဝင်သော မိသား စုအားလုံးကို ရွှေကြိုးငွေကြိုး တစ်ကုံးစီ ဆွဲပေးရ ပြန် သည်။
ဤသို့ မိခင်ဘက်မှ ဘိုးဘွားတို့၏ ဝိညာဉ် အတွက် တစ်ည၊ ဖခင်ဘက်မှ ဘိုးဘွားတို့၏ ဝိညာဉ်ကို တစ်ည ထမင်းနှင့်ဝက်သားပြုတ်ကို ကျွေးပြီးပူဇော်ပသ သော လုပ်ငန်း ပြီးဆုံးသွားသောအခါ ရိုးရာပူဇော်ပွဲ (နတ်စား) ကိစ္စများ ပြီးစီးသွားတော့သည်။ နောက်နေ့တွင် သားသမီးတို့သည် မိမိနေအိမ်ရှိရာ တောင်ယာ လုပ်ငန်းခွင် အသီးသီးသို့ ပြန်သွားကြရလေသည်။
တစ်နှစ်ကုန်၍ နောက်တစ်မိုးကျပြန်သော် ယခင် အတိုင်းပင် သားသမီးတို့သည် မိဘတို့၏အိမ်သို့ပြန်လာကာ ရိုးရာပူဇော်ပွဲကို ပြုလုပ်ကြပြန်ပါသည်။ ဤနည်းအတိုင်းပင်ပိုးကရင်တို့သည်ရိုးရာပူဇော်ပွဲ(နတ်စား)ကိုနှစ်စဉ်နှစ်တိုင်းပြုလုပ်သွားကြ၏။ မိဘနှစ်ပါး သေဆုံး ပြန်သော် သားသမီးတို့သည် မိဘတို့လုပ်ခဲ့သော ရိုးရာ ပူဇော်ခြင်းဓလေ့ကို ကိုယ့်အိမ်သို့ အသီးသီးယူ ဆောင်သွားကြကာ မိမိတို့၏အိမ်ထောင်စုတွင် မိမိတို့ကိုယ်တိုင် ပြန်လည်ဦးစီး၍ ဘိုးဘွားစဉ်ဆက် ဆက်လက်လုပ်ဆောင် သွားကြရမည်သာ ဖြစ်သည်။
ဤကဲ့သို့ နှစ်ရှည်လများ ရိုးရာပူဇော်ပွဲကို ပိုးကရင်တို့သည် ရှေးပဝေသဏီကပင်ထိန်းသိမ်းစောင့် ရှောက်ကာ တရိုတသေ လုပ်ဆောင်လာခဲ့ကြသည်။ နောက်ပိုင်းတွင်စီးပွားရေးအရလည်းကောင်း၊ အခြားသောအကြောင်းများကြောင့် သော် လည်း ကောင်း ရိုးရာ ပူဇော်ပွဲ လုပ်ဆောင်ကြ ရာတွင် ဝက်အစား ကြက်ကို အသုံးပြုလာကြသည်။ ကြက်မှ တစ်ဖန်လျှော့၍ ငါး၊ ငါးမှ တဖန်လျှော့၍ ထမင်း၊ကောက်ညှင်း၊ခေါပျဉ်၊ နောက်ဆုံးအဆင့်မှာ ထမင်းနှင့် နှမ်းလှော်တို့ဖြင့်သာ ပူဇော်ပသကြတော့ကြောင်း တွေ့ရှိရသည်။ ဓနအင်အားကောင်းသူများက ဝက်၊ ကြက်တို့ဖြင့် လုပ်ဆောင်နိုင်ကြသော်လည်း ဆင်းရဲနွမ်းပါးသူများကမူ ငါး၊ ထမင်း၊ ကောက် ညှင်း၊ ခေါပျဉ်၊ ထမင်းနှင့် နှမ်းလှော် တစ်မျိုးမျိုးဖြင့်သာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
ရှေးယခင်ကာလတွင် ရွှေ ငွေများပေါသဖြင့် ရိုးရာ ပူဇော်ပွဲတွင် ပါဝင်သူ မိသားစုအားလုံးကို ရွှေဆွဲကြိုး၊ ငွေဆွဲကြိုးတို့ကို တစ်ကုံးစီဆွဲပေးနိုင်သော်လည်းနောက်ပိုင်းတွင်ရွှေဆွဲကြိုး၊ငွေဆွဲကြိုးတို့ကိုမဆွဲပေးနိုင်တော့ပေ။ရွှေအစားမီးသွေးကိုလည်း ကောင်း၊ ငွေအစား မှိုကိုလည်းကောင်း အစားထိုးကာ အဝတ်စဖြင့် ချည်၍ လည်တွင် တစ်ယောက်တစ်ကုံးစီ ဆွဲပေးကြသည်။
ယနေ့တိုင်အောင် မိဘတို့၏ဝိညာဉ်ကို ပူဇော်ပသ သော ရိုးရာပူဇော်ပွဲ လုပ်ဆောင်ရာတွင် ဝက်ဖြင့် ပူဇော် ပသသူအချို့ရှိသေး၏။အချို့မှာကြက်ဖြင့်လည်းကောင်း၊ အချို့မှာကောက်ညှင်းဖြင့်လည်းကောင်း၊အချို့မှာ ထမင်းဖြူနှမ်းဖြူဖြင့် လည်း ကောင်း ၊ တစ်နေရာနှင့် တစ်နေရာ၊ ဒေသတစ်ခုနှင့် တစ်ခု ကွဲပြားခြားနား လာကြ သည်။
အချို့သော သူတို့မှာ ကရင်လူမျိုးတို့၏ ရိုးရာ ပူဇော်ပွဲ (နတ်စား) ဓလေ့ကို နတ်တို့အား စားသောက် ဖွယ်ရာတို့ဖြင့် ပူဇော်ပသသည်ဟူ၍ ထင်ယောင်ထင်မှား ဖြစ်နေကြ၏။ စင်စစ်မှာပိုးကရင်ဘာသာစကား အခေါ် အဝေါ်“အောင်းဃယ်”သည်လူအများယူဆနေကသော နတ် တစ်မျိုးကို အစားအသောက်ဖြင့် ပူဇော်ပသခြင်း မဟုတ်ပေ။ အရပ်ရပ်သို့ တစ်ကွဲတစ်ပြား ရောက်ရှိနေ ကြသော ဆွေမျိုးသားချင်းတို့အား ပြန်လည်ဆုံဆည်း စေလို၍ လည်းကောင်း၊ တမလွန်ဘဝသို့ ရောက်သွား ကြသော မိဘတို့၏ ကျေးဇူးကို အောက်မေ့တသ ရည်စူး၍ လည်းကောင်း၊ သားသမီးဆွေမျိုးသားချင်းအားလုံးကို တစ်စုတစ်ရုံးတည်းခေါ်၍ မိဘတို့၏ ဝိညာဉ်ကို ပူဇော်ပသကာ မိဘအားရည်စူး၍ စားသောက်ဖွယ် တို့ဖြင့် ပူဇော်ပသခြင်းသာဖြစ်သည်။
မိမိတို့၏ ဆွေမျိုးသားချင်းများ တစ်စည်းတစ်လုံး တစ်ညီတစ်ညွတ်တည်းဖြစ်စေလိုသောဆန္ဒဖြင့် လည်းကောင်း၊ မိဘတို့၏ ကြီးမြတ်လှသော ဂုဏ်ကျေးဇူးကို ရည်စူး၍လည်းကောင်း ဓလေ့ထုံးတမ်းတစ်ရပ်အနေဖြင့် လက်ခံကျင့်သုံးကြသော ပိုးကရင်တို့၏ “အောင်းဃယ်” ခေါ် ရိုးရာပူဇော်ပွဲ ဓလေ့ကို ကမ္ဘာကြီးတည်နေသရွေ့ ဆက်လက် ကျင့်သုံးနေကြမည်သာတည်း။