ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယားတိုင်းရင်းသားတို့၏ “ကေဒူလဲ” (ခေါ်) တောကောင်လိုက်ပွဲတော်
Image

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများသည် မိမိတို့၏ ရိုးရာယဉ် ကျေးမှု အမွေအနှစ်များ၊ ဓလေ့ ထုံး တမ်းအစဉ်အလာများကို ရာသီအလိုက်ပွဲတော်များ အသီးသီး ကျင်းပလေ့ ရှိကြပါသည်။ ကယားပြည်နယ်တွင် ကယား၊ ကယန်း၊ ကယော၊ ဂေခို၊ ဂေဘား၊ မနု  မနော၊ ယင်းဘော်၊ ယင်းတလဲ စသည့် ဌာနေ တိုင်းရင်း သား (၉)မျိုးအပြင် ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ကရင်၊ လီဆူ၊ အင်းသား စသည့် တိုင်းရင်းသား ပေါင်းစုံ နေထိုင်ကြသည့် ပြည်နယ် တစ်ခုဖြစ်ပါသည်။ ထို့အတူကယားပြည်နယ်ရှိ ကယား တိုင်းရင်းသား မျိုးနွယ်စုများသည်လည်း ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ နေ့ထူးနေ့မြတ်၊ ပွဲတော် ရက်များရှိကြပါသည်။ ကယားတိုင်းရင်းသား မျိုးနွယ်စု များတွင်ရှိသော ပွဲတော်များစွာအနက် ကယားတိုင်းရင်း သားတို့၏ ခေတ်အဆက်ဆက် ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကျင်းပခဲ့သော “ကေဒူလဲ”(ခေါ်) တောကောင် လိုက်ပွဲတော်အကြောင်းကို တင်ပြသွားမည် ဖြစ်ပါသည်။

ကယားတိုင်းရင်းသားတို့ နေထိုင်သော ကယား ပြည်နယ်သည် တော၊ တောင်၊ ရှို၊ မြောင်၊ စိမ့်၊ စမ်းတို့ ထူထပ်ပေါများသောဒေသဖြစ်ရာ၊ ဂျီ၊ ဒရယ်၊ ဆတ်၊ တောနွား၊ တောဝက်၊ တောဆိတ်၊ ကျား၊ ဝက်ဝံ တို့လည်း အဆိုပါဒေသများတွင်ခိုအောင်းကျက်စားလျှက်ရှိပါသည်။ ထို့ကြောင့် ကယားတို့သည်အမဲလိုက်ခြင်း၊အမဲပစ်ခြင်းကိုကျင်လည်စွာတတ်ကျွမ်းကြ၍ တောင်ယာ ရိတ်သိမ်း ပြီးချိန်တွင် လူစုလူဝေးဖြင့်လည်းကောင်း၊ ပုဂ္ဂလိက အနေ ဖြင့် လည်းကောင်း၊ အမဲလိုက်ကြလေသည်။ အမဲလိုက် ခြင်း၏ရည်ရွယ်ချက်မှာ အမဲလိုက်ရသည့် အသားများကို အခြောက်လှန်း၍ ပွဲတော်များတွင် ကျွေးမွေး ရန်နှင့် ပူဇော်ပသပွဲများတွင် အသုံးပြုရန်ဖြစ်ပါသည်။ ကယားတိုင်းရင်းသားတို့သည် တောင်ယာရိတ်သိမ်းပြီး ချိန်တွင် လူစုလူဝေးဖြင့် “ကေဒူလဲ” ခေါင်တစ်အိုးစီလည်း အဆင်သင့် ချက်ထားရပါသည်။ 

          တောကောင်လိုက်မည့်နေ့ ရောက်သောအခါ ရွာရှိ အမျိုး သားများသည် ဓား၊ လှံ၊ သေနတ်များကို ဆွဲကိုင်ပြီး ငှက် လိုက်ပွဲကဲ့သို့ပင် တောတွင်းသို့ ဝင်ရောက်ကာ သမင်၊ ဒရယ်၊ ဂျီ၊ စိုင်၊ ဆတ် စသည့် တောကောင်တို့ကို လိုက်လံပစ်ခတ်ကြသည်။ ပစ်ခတ်၍ ရသောသားကောင် များ၏ ခြေသဲ၊ လက်သဲ၊ ခြေ(၄) ချောင်း၊ အူအသည်းနှင့် နားရွက်ဖျား၊ နှာခေါင်းဖျားပါမကျန် တစ်ကောင်လုံး၏ အင်္ဂါစုံ အနည်းငယ်စီကို စုပေါင်း၍ နတ်ကို ပူဇော်ပသကြ ရသည်။ “ကေဒူလဲ” ခေါ် တောကောင် လိုက်ပွဲတွင် နတ် ကို ပူဇော်သည့်အခါ နတ်စင်သို့ အမျိုးသမီးများ မသွားကြ ရချေ။ နတ်ကိုပူဇော်ပသပြီး တောကောင်အသားများကို ရွာရှိ အိမ်ထောင်စုများ အချိုးကျဝေငှယူကြသည်။ တော ကောင် လိုက်သူများကိုလည်း ရွာရှိအိမ်များမှ တစ်အိမ် လျှင် တစ်အိုးကျ စုဆောင်းယူဆောင်လာသော ခေါင်ရည် တို့ ကို တိုက်ကြသည်။“ကေဒူလဲ” ခေါ် တောကောင်လိုက်ပွဲ ကျင်းပနေစဉ် ရှောင်ကြဉ်ရမည့်ဓလေ့များမိမိတို့ရွာတွင် တောကောင်လိုက်ပွဲ ကျင်းပနေစဉ် ရွာတွင်းရှိလူများသည် အရက်ချက်ခြင်း၊ သစ်ဝါးခုတ်ခြင်း၊ ရက်ကန်းရက်ခြင်း၊ ဗိုင်းငင်ခြင်း၊ ချည်ရှည်ခြင်း၊ အဝတ် အထည်ချုပ်ခြင်းတို့မှ ရှောင်ကျဉ်ကြရ၏။ ဤကဲ့သို့ တား မြစ်ချက်များကို လိုက်နာခြင်းရှိမရှိ အစောင့်ထား ကြပြီး တစ်အိမ်တက်ဆင်း လိုက်ကြည့်ခိုင်းသည်။

         တောကောင်လိုက်နေစဉ်ရွာတွင်းသို့လည်း ဧည့် သည်များ ဝင်ပိုင်ခွင့်မရှိကြချေ။ ရွာအဝင်လမ်း များ ကို လည်းမည်သူမည်မျှဝင်ရောက်ခြင်းမပြုနိုင်ရန် ပိတ်ထား ကြရသည်။အကယ်၍ အရေးကြီးသော ကိစ္စပေါ်ပေါက် လာပါက ရွာတွင်းသို့ဝင်ခွင့်တောင်း၍ ကန်တော့ကြေးပေးပြီးဝင်ကြရပါသည်။ အရေးမကြီးလျှင်ရွာပြင်ဘက်မှ လှမ်း၍ ပြောလိုသည့်ကိစ္စကိုပြောနိုင်သည်။ ထိုအပြင် ရွာ တွင်း၌ ဆူညံခြင်းလည်းမပြုရပေ။ “ကေဒူလဲ”ခေါ် တော ကောင်လိုက်ပွဲနေ့ကို နေ့ထူးနေ့မြတ်ဟု သတ်မှတ်ထား ကြသဖြင့် ထိုနေ့တွင် အမျိုးသမီးများ ခေါင်းလျှော်ခြင်း မပြုရကြရပေ။ ကလေးများကိုလည်း တစ်ခါမျှ မသွားဖူး သေးသော နေရာသို့ သွားနေကြလမ်း မဟုတ်သည့် လမ်း မှခေါ်ဆောင်သွားတတ်ကြသည်။ ဤသို့ပြုလုပ်ခြင်းမှာ ထို့ နေ့သည် နေ့ကောင်းနေ့မြတ် ဖြစ်သဖြင့် ကောင်းသော နေရာသို့သွားခြင်းသဘောမျိုးပင်ဖြစ်သည်။ “ကေဒူလဲ” ခေါ် တောကောင် လိုက်ပွဲကျင်းပနေစဉ် မလုပ်ရဟု တား မြစ်ထားသော စည်းကမ်းများကို ချိုးဖောက်မိလျှင် ဓါး၊ လှံ၊ လက်နက်ကိုင်၍ တေ ာကောင် လိုက်သူများအတွက်ဘေး အန္တရာယ်နှင့် တွေ့တတ်သည်ဟု ယူဆကြသောကြောင့် ကယားတိုင်းရင်းသားတို့သည် ဤပညတ်ချက်များကို အထူး လိုက်နာကြပါသည်။