တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၀) ရက်နေ့
နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးမြေဧရိယာ အတွင်း၌ ငလျင်ဘေးဒဏ်ကြောင့်
ထိခိုက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက်
ယာယီတဲများဆောက်လုပ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက်
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယာယီတဲများ အတွက် သုံးရေသွယ်တန်းထားရှိမှု အခြေအနေ၊ ယာယီတဲများဆောက်လုပ်ပြီးစီးမှု
အခြေအနေနှင့် ယင်လုံအိမ်သာဆောက်လုပ်မည့်မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့် နိုင်ငံတော်မှ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး မိမိဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် ယာယီတဲများကို မိသားစုအလိုက် တစ်နှစ်ကျော်ခန့် လုံလုံခြုံခြုံ နေထိုင်နိုင်ရန် မူလကတည်းက ရည်ရွယ်ဆောက်လုပ်ပေးလျှက်ရှိသဖြင့် နေထိုင်မည့် စာရင်းများကို ကြိုတင် စစ်ဆေးရန်နှင့် လိုအပ်မည့်မိသားစုများကို အခြေတကျ နေထိုင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်၍ တာဝန်ခံများအနေဖြင့် အဆင့်ဆင့် ဆင့်ကဲ၍ အောက်ခြေဝန်ထမ်းများအထိ သတင်း အချက်အလက်များ ပြန်လည်မျှဝေပေးရန်၊ သင်္ကြန်ရုံးပိတ်ရက်များအပြီး ရုံးလုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။