တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန (၂)ခုတို့မှ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဌာနအကြီးအကဲများ၊ ဌာနခွဲ တာဝန်ခံများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ထမ်းများအနေဖြင့် မူလရုံးခန်းများတွင် တာဝန်များကို စနစ်တကျ ထမ်းဆောင်နေသည်ကိုတွေ့ရပြီး အချို့ပြင်ဆင်ရန် လိုအပ်သည့် အခန်းများအတွက်လည်း အမြန်ဆုံး ပြန်လည်ပြင်ဆင်ပြီး မူလအတိုင်း တာဝန် ထမ်းဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ယာများအတွက်လည်း နိုင်ငံတော်မှ မူလအတိုင်း တိုက်များဖြင့် ပြန်လည်နေထိုင်နိုင်ရန် ဆောင်ရွက်နေစဉ်ကာလ အတွင်း မိသားစုအလိုက် လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ နေထိုင်နိုင်ရန် ယာယီလုံးချင်းတဲ များကို ရေ၊ မီး၊ မိလ္လာအပြည့်အစုံဖြင့် တည်ဆောက်ပေးလျက်ရှိကြောင်း၊ မူလတာဝန်များ ဆောင်ရွက်ရာတွင်လည်း လိုအပ်ချက်များကို ဆင့်ကဲတင်ပြပြီး တက်ညီလက်ညီ ဝိုင်းဝန်း ဖြေရှင်းသွားရန်လိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော် အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များမှ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် ကူညီ ပေးအပ်သော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဝန်ထမ်းများသို့ စနစ်တကျ ခွဲဝေပေးအပ်နေသည်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရုံးမြေဧရိယာ အတွင်း ဝန်ထမ်းမိသားစုများ တစ်နှစ်ကျော်ခန့် စည်းစည်းလုံးလုံး လုံလုံခြုံခြုံ နေထိုင်နိုင်ရန် အတွက် ဆောက်လုပ်လျက်ရှိသော လုံးချင်းယာယီတဲများ၊ သုံးရေသွယ်တန်းထားရှိမှု၊ လျှပ်စစ်မီး သွယ်တန်းနေမှု၊ အရန်မီးအဖြစ် အသုံးပြုနိုင်ရန်အတွက် Solar တပ်ဆင်ထားရှိမှု နှင့်ယင်လုံအိမ်သာ ဆောက်လုပ်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။