ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယန်းလူမျိုးအကြောင်းသိကောင်းစရာ
Image

       ကယန်းသည် မြန်မာနိုင်ငံရှိတောင်ပေါ်‌‌‌‌ဒေသတွင် နေထိုင်သော လူမျိုးတစ်ခု ဖြစ်သည်။ ကရင်နီလူမျိုးစုနွယ်ဝင် လူမျိုးစုခွဲတစ်ခုဖြစ်သည်။ ကယန်း(လထာ)၊ ကယန်း (ကငံ)၊ ကယန်းလဝီ(ပဒေါင်)၊ ကယန်း(ကခေါင်း) ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။ အများက ပ‌ဒေါင်ဟု သိထားသော လူမျိုးများသည် ကယန်းထဲတွင်ပါဝင် သည်။ သူတို့သည်လည်း “ပဒေါင်”ဟုခေါ်သည်ကို မကြိုက်ချေ။ “ပဒေါင်”ဆိုသည်မှာ ရှမ်းတို့က ပေးသောအမည်ဖြစ်သည်။ ၎င်းတို့ဘာသာ မှည့်ခေါ်သော အမည်မဟုတ်။ သူတို့က ကယန်းဟုခေါ်သည်ကို နှစ်သက်သည်။ တစ်ခါတစ်ရံ အခြား ကယန်းလူမျိုး များနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “လည်ပင်းရှည်”၊ “ကြေးကွင်းပတ်” ဟုလည်း ညွှန်း၍ ပြောတတ်သေးသည်။

သမိုင်းကြောင်း

ကယန်းတိုင်းရင်းသားများက မိမိတို့လူမျိုး၏ မူလအမည်မှာ “ကန်ယန်” ဖြစ်သည်ဟု ဆိုသည်။ “ကန်” မှာ “ပိုင်နက်၊ နယ်မြေဖြစ်ပြီး၊ “ယန်” မှာ “စွဲစွဲမြဲမြဲရှိခြင်း၊ အတည်အကျရှိခြင်း” ဟုအဓိပ္ပာယ်ရပါသည်။ ထိုကြောင့် “ကန်ယန်” ဆိုသည်မှာ “နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့်လူမျိုး” ဟုဆိုလို သည်။ ကာလရွေ့လျောလာသည့်အခါ “ကန်ယန်” မှ “ကယန်း” ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ပြင် ကယန်းမျိုးနွယ်၌ မျိုးနွယ်ခွဲပေါင်း(၄)မျိုး ရှိသည်ဟုဆိုသည်။ ယင်းတို့မှာ  မိမိကိုယ်ကို တောင်ပေါ်‌ဒေသ၏ အရှင်သခင်ဟု ယူဆထားပြီး အမျိုးသမီး များ၏ လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် “ကယန်း”(ပဒေါင်)၊ မြေပြန့်လွင်ပြင်တွင် အနေများပြီး လည်ပင်းတွင် ငွေပြားများ ချိတ်ဆွဲဝတ်ဆင်လေ့ရှိသည့် ယင်းဘော်ခေါ် “ကယန်း”(ကငံ)၊ တောင်ပေါ်‌ဒေသတွင်အနေများပြီး ကယန်း(ပဒေါင်) ဘာသာစကားနှင့် အလွန်နီးစပ်သည့်စကားကိုပြောဆိုကြသောကေဘားခေါ် “ကယန်း”(ကေခို) တောင်ပေါ်ဒေသ ကျောက် တုံး၊ ကျောက်စိုင်များ ကြားတွင် အိမ်ကလေးများဆောက်ကာ အမျိုးသားများ ကတုံးတုံးလေ့ရှိသော ဇယိမ်းခေါ် “ကယန်း”(လထာ)တို့ဖြစ်ကြသည်။ ကယန်း (ပဒေါင်) တိုင်းရင်းသားများကိုရှမ်းတို့ကပဒေါင်ဟု ခေါ်ကြသည်။ ကြေးပတ်သောသူ“ပတ်တောင်း”ဟူသော ရှမ်းစကားမှ“ပဒေါင်”ဖြစ်လာသည်ဟုဆိုသည်။“ကယန်း”(ပဒေါင်) တိုင်းရင်းသားများ ကိုယ်တိုင်ကမူ ကောင်း-ခေါင်း-ဒိုးဟု ခေါ်ကြသည်။ “တောင်များ၏ အရှင်သခင်”ဟု အဓိပ္ပာယ်ရ ပါသည်။

ပေါ်ပေါက်လာပုံ

ကယန်းတိုင်းရင်းသားများက မိမိတို့လူမျိုးဖြစ်ပေါ်လာပုံကို ကာကောင်းဟု ခေါ်သော လင်္ကာရှည်ကြီးဖြင့် ဘိုးစဉ်ဘောင်ဆက် နှုတ်တိုက် ရွတ်ဖတ် မှတ်သားလာ ခဲ့ကြသည်။ ထိုလင်္ကာရှည်ကြီး၏ မြန်မာပြန်အနက် အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ 

ကယန်းတိုင်းရင်းသားများသည် မူလက မောအိုက်ရှ ခေါ် အာရှမိုင်းနားအရပ် ဒေသ၌ နေခဲ့သည်ဆို၏။ မောအိုက်ရှ၏ အဓိပ္ပာယ်မှာ “အကြီးဆုံးနှင့် ပထမဆုံးဖြစ်ပေါ် လာသောနယ်မြေ” ဟုအဓိပ္ပာယ်ရသည်။  အာရှမိုင်းနားတွင်ရှိစဉ် မျှော်နီကြီးကို မိုးထိအောင် တည်ဆောက်ကြရာ အလွန်မြင့်သည့်အတွက် ပြိုကျသွားရာတွင် လူ၊ သတ္တဝါ အားလုံးတို့  ပိတ်ဆို့ခြင်းခံခဲ့ရသည်။ ထိုနေရာကို ကယန်းတို့က ဘီးလူခေါ် ဘေဘီလုန် ဟုခေါ်ကြသည်။ အဓိပ္ပာယ်မှာ အကုန်ပိတ်အရပ်ဖြစ်သည်။ လူ၊ သတ္တဝါတို့ ပိတ်ဆို့ခြင်း ခံရသည့်အတွက် အကြီးအမှူးဖြစ်သူ ဖူးကလိပ်ဆိုသူက မြေကြီးကိုရေဖြင့် သုံးပိုင်းပိုင်းရာ၌ ကယန်းတို့သည် နေထွက်ရာ အ‌‌‌ရှေ့ဘက်ခြမ်းတွင် ပါဝင်ကုန်ကြသည်ဟုဆိုသည်။

တဖန်အိုင်ရာဟုခေါ်သော အရပ်သို့သွားရောက်နေထိုင်ကြသောအခါ လူအများသည် ဆိုးကြမိုက်ကြသည့်အတွက် မိုးကောင်ကင်မှ မီးကျလာပြီး ကမ္ဘာမြေပြင်မှ မြေပြိုကျ သွားသည့်အတွက် ကြောက်မက်ဖွယ်ရာ မြို့(၇)မြို့၊ ရွာ(၇)ရွာသေကြေပျက်စီးသွားပြီး ယနေ့တိုင် အိုင်ရာအိုင် ဖြစ်သွားသည်ဟုဆိုသည်။ ယင်းမှတဖန် နှစ်ပေါင်းလေးရာကျော် ခရီးသွားလာပြီး တောတောင်ထူထပ်သော မော‌ဂွေခေါ် မွန်ဂိုလီးယားဒေသို့ ရောက်ရှိခဲ့ ကြသည်ဟုဆိုသည်။ မောဂွေ၏အနက်မှာ မိုးကုပ်စက်ဝိုင်း၏ အမြင့်ဆုံးနေရာဟု အဓိပ္ပာယ်ရသည်။

     မွန်ဂိုလီးယားဒေသ၌ နေထိုင်ကြစဉ် ကယန်းလူမျိူးသည် လင်းယန်းနှင့် လင်းချူး ဟူ၍  နှစ်ခုခွဲလာရာ  နယ်မြေနေရာ  အမွေခွဲရေးကိစ္စနှင့် ပတ်သက်၍  မကြာ ခဏ မသင့်တင့်ကြဘဲ စစ်တိုက်ကြသည့်အတွက် လင်းယန်းလူမျိုးစုသည် တောင်ဘက်အရပ်သို့ ထွက်ခွာလာသည်ဟူ၏။ တစ်ဖန်ထိုလူမျိုးစုအထဲမှ “ခေ” ခေါ် “တရုတ်” နှင့် ခဲယန်း ခေါ် “ကယန်း” လူမျိုးစုနှစ်စု ထပ်မံကွဲထွက်လာပြန်ပြီး နယ်မြေစားကျက်နှင့် ပတ်သက်၍ မကြာခဏခိုက်ရန် ဖြစ်ပွားကြရာ ရှုံးနိမ့်သော ကယန်းလူမျိုးစု သည် တောင်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟုဆိုသည်။ ထိုသို့ပြောင်းရွှေ့လာသည့်အခါ စော်ဘွားခေါ် စော်ဘွားလင်ခရမ်းဆိုသူက ဦးဆောင်၍ အုပ်ချုပ်သွားသည်ဆို၏။ မွန်ဂိုလီးယားမှ တောင်ဘက်သို့ ပြောင်းရွှေ့လာခဲ့ရာ “တောင်ဖာတောင်ဖက်ခေါ် တိဘက်”သို့ ရောက်လာ၍ “ကွီလုံ၊ ကွီလန်” တောင်တန်း၌ တောင်ယာများကို စိုက်ပျိုး ကြ၍ တောင်ကမ်းပါးပြိုကျလာသောကြောင့် အိုင်ကြီး (၃)ခု၊ မြစ်ကြီး(၃)သွယ် မြစ်ဖျား ခံရာဒေသသို့ ပြောင်းရွှေ့လာပြီး နေထိုင်ကြသည်ဟု စော်ဘွားထောဖားအမျိုးက အုပ်ချုပ်ကြီးကြပ်လာသည်ဟုဆိုသည်။

အမျိုးသမီးတို့သည် လည်တိုင်ရှည်မှ လှပသည်ဟု ယုံကြည်လာသဖြင့် လည်တိုင်ရှည်အောင်လည်ပင်းတွင်ကြေး‌ခွေများကိုတစ်ခွေပြီးတစ်ခွေဆင့်၍ ရစ်ပတ်ဝတ်ဆင်သည့် အလေ့အထရှိသော ပဒေါင်လူမျိုးတို့သည် ကရင်လူမျိူးတစ်မျိုးဖြစ်သည်။ ယခုအခါ ပဒေါင်အမျိုးသမီးများလည်ပင်းတွင် ကြေးခွေစွပ်သောအလေ့အထမှာ ပျောက်ကွယ်စ ပြုနေပြီဖြစ်သည်။ ပဒေါင်တို့သည် ၁၉၃၁-ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ (၁၆၅၀၀) ကျော်မျှရှိ၍၊ တောင်ငူအ‌‌ရှေ့ဘက် ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ်တောင်ပိုင်းဒေသတို့အကြားတွင်အနှံ့အပြားနေထိုင်ကြသည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပဒေါင်(၁၄၀၀၀)ခန့်ရှိ၍ ကယားပြည်နယ်တွင် (၂၅၀၀)ကျော် ရှိသည်။ ပျဉ်းမနားအရှေ့ဘက်တွင်ရှိသော ကယားပြည်နယ်ထဲအပါအဝင် ပေါင်းလောင်းငယ် မြစ်ဝှမ်းရှိ စတုရန်း (၁၅၀) မျှ ကျယ်သောမြေပြန့်၌လည်း နေထိုင်ကြသည်။ ပဒေါင်တို့သည် မိမိတို့ကိုယ်ကို ကေကောင်းဒုဟု ခေါ်ဝေါ်ကြသည်။ ပ‌ဒေါင်အမျိုးသားတို့သည် တောင်သူလူမျိုးတို့ကဲ့သို့ပင် ဖော်ရွေသူများ ဖြစ်ကြသည်။ ကိုယ်လက်ကြံ့ခိုင် တောင့်တင်းသည်။ အလုပ်ကို အပင်ပန်းခံ၍ လုပ်နိုင်ကြသည်။ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသည်။ ပဒေါင်တို့သည် တောင်ယာကို လှေခါးထစ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးရာ၌ တောင်စောင်းတွင် တစ်ဆင့်ပြီး တစ်ဆင့်ကန်သင်းခတ်၍ ရေသွင်းစိုက်ပျိုးကြသည်။ ထိုအလုပ်မှာ များစွာခက်ခဲပင်ပန်းသည်။ သို့သော်မညီးမညူလုပ်ကြသည်။ ကုန်ရောင်းကုန်ဝယ်အလုပ်၌လည်းကောင်းစွာလုပ်တတ်ကြသည်။အမဲလိုက်လည်းဝါသနာထုံသည်။ပတ်ဝန်းကျင်ရှိတောင်ပေါ်သားတို့တွင်ပဒေါင်တို့သည် အလုပ်အကိုင် ၌ အတော်ဆုံး အကောင်းဆုံး လူတစ်မျိုးဖြစ်သည်ဟု ချီးကျူးခံရသော လူမျိုးဖြစ်လေသည်။