ခေါင်ရည်
ကယန်းတိုင်းရင်းသားတို့သည် ဆင်းရဲ၊ ချမ်းသာ မရွေး အိမ်တိုင်းလိုလို နံနက်မိုးလင်းလျှင် ခေါင်ရည်တစ်အိုး ဖောက်ပြီး မီးဖိုဘေး(သို့မဟုတ်) ဧည့်ခန်းတွင် ထားရှိရ သည်။ ခေါင်ရည်စုပ်ရန် ဝါးလုံးသေးသေးဖြင့် ပြုလုပ်ထား သည့် ပိုက်တစ်ချောင်းဖြင့် ခေါင်အိုးပေါ်တွင်စိုက်ထားသည်။ နောက်ထပ်လိုအပ်သည့် ခေါင်ရည်များဖြည့်ဆည်းရန် ရေနွေး ဓါတ်ဘူးတစ်လုံးပါ ထားပေးရသည်။ မိသားစုဝင် နို့စို့ကလေးအရွယ်မှ အဖိုးအဖွားအရွယ်အထိ ခေါင်ရည် စုပ်၍ သောက်သုံးကြသည်။ ညအိပ်၊ ညနေ ဧည့်သည် အတွက် သီးခြားခေါင်အိုးဖြင့် ဖောက်ပေးရသည်။ နေ့စဉ် သုံးဆောင်သော အစားအသောက် ဖြစ်သည့်အပြင် သာရေး၊ နာရေး၊ လူမှုရေးနှင့် ပွဲလမ်းသဘင်များတွင် ထမင်း၊ ဟင်းနှင့် တွဲဖက်၍ ဧည့်ခံကျွေးမွေးရသည်။ အထူးသဖြင့် အမွေစား၊ အမွေခံကိစ္စ၊ အမှုအခင်းကိစ္စ၊ အရောင်း အဝယ်ကိစ္စ၊ လက်ထပ်ထိမ်းမြားခြင်းကိစ္စများ လုပ်ငန်း ဆောင်ရွက်မှု အောင်မြင်ပြီးစီးပါက ခေါင်ရည်သောက် သက်သေဖြင့် အသိအမှတ်ပြုသည့်ဓလေ့သည် စာချုပ် စာတမ်းသဖွယ် ယနေ့အထိ ကျင့်သုံးလျှက်ရှိပါသည်။
ခေါင်ရည်ကိုဆန်၊ ပြောင်းဖူး၊ နှံစားပြောင်းဖြင့် ချက်လုပ်ရသည်။ ရှေးခေတ်တွင် မြေအိုးကြီးဖြင့် ချက်ရပြီး ယခုခေတ်တွင် ဒန်အိုးကြီးနှင့် ထမင်းချက်သည့်အတိုင်း ချက်ရသည်။ ကျက်သည့်အခါတွင် အမိုးအကာအောက်ဖျာပေါ် ခူးထည့်ပြီး အအေးခံထားရသည်။ ခေါင်ထမင်းအေး လာလျှင် တဆေးကို အမှုန့်ဖြစ်အောင်ထောင်းပြီး ခေါင် ထမင်းပေါ်သို့ ဖြူးထည့်ရသည်။ လက်ဖြင့်ဖြစ်စေ၊ ယောက်မ ဖြင့်ဖြစ်စေ နှံ့စပ်အောင် မွှေပေးရသည်။
တစ်ဖန် ခေါင်ထမင်းများကို လေလုံသည့် တောင်းထဲသို့ပြောင်းထည့်ပြီး တောင်းပေါ်တွင် ဖွဲဖြင့်အုပ်၍ တစ်ရက်၊ နှစ်ရက်ထားရသည်။ တောင်းထဲရှိခေါင်ဖတ်ကို လက်ဖြင့်နှိုက်ကြည့်၍ ပူနွေးလာပါက ဖျာပေါ်သို့သွန်ချ ရသည်။ ဖျာပေါ်ရှိခေါင်ထမင်းကို ဖွဲကြမ်းအနည်းငယ်ရော စပ်ပြီး စဉ့်အိုးကြီးထဲသို့ ပြောင်းထည့်ရသည်။ စဉ့်အိုး ပေါ်တွင် လေလုံအောင် ဖုံးအုပ်ထားရသည်။ (၁၅)ရက်ခန့် အကြာတွင် လိုအပ်ပါက ခေါင်အိုးငယ်ဖြင့် ခွဲထည့်၍ ရေနွေးဖြင့်ဖောက်ပြီး စုပ်ခေါင်အဖြစ် သောက်သုံးနိုင် သည်။ လက်ထပ်မင်္ဂလာအခမ်းအနားနှင့် အခြားလူမှုရေး ကိစ္စများတွင် စုပ်ခေါင်ကိုအသုံးနည်းပြီး ခေါင်ရည်ဖြင့် ဧည့်ခံကြသည်။ ခေါင်ရည်ဖြစ်အောင် ပြုလုပ်ရာတွင် စဉ့်အိုးကြီးထဲသို့ ခေါင်ဖတ်များသိပ်ထည့်ပြီး ရေနွေးဖြင့် ဖောက်ရသည်။ ခေါင်အိုးဖတ်ကို အမြင့်နေရာ၌ထားပြီး တစ်မတ်လုံး အရွယ်ရှိ ပိုက်ပြွန်ဖြင့် ခေါင်ရည်ထုတ်ရသည်။ ရရှိလာသည့် ခေါင်ရည်များကို စဉ့်အိုးဖြင့် လည်းကောင်း၊ ဝါးဘူးဖြင့် လည်းကောင်း ထည့်ထားပြီး သောက်သုံးသည့်အခါ ခွက်ဖြင့် ထည့်သောက်ရသည်။ ခေါင်ရည်သည် လတ်ဆတ်သည့် သီးနှံဖြင့်လုပ်သောကြောင့် အာဟာရဓာတ်အပြည့်အဝ ပါဝင်ကြောင်း သိရသည်။
ခေါင်ကျရည်
ခေါင်ကျရည်သည် ကောက်ညှင်းဆန်ဖြင့် ချက်လုပ်ရသည်။ ချက်ပုံချက်နည်းသည် ရိုးရိုးခေါင်ရည်အတိုင်း ဖြစ်သည်။ ခေါင်ထမင်းထဲတွင် ဖွဲအနည်းငယ်ရောထည့် ရသည်။ တဆေးမှုန့်နှင့်ရောနယ်ပြီးလျှင် ငှက်ပျောဖက်ခံ ထားသည့် တောင်းတစ်လုံးထဲသို့ သိပ်ထည့်ရသည်။ တောင်းထဲရှိ ခေါင်ဖတ်သည် ချိုချဉ်အနံ့ ထွက်လာလျှင် စဉ့်အိုးထဲသို့ပြောင်းထည့်ပြီးလေလုံအောင်ဖုံးအုပ်ထားရသည်။ခေါင်ဖတ်သည်အနည်ထိုင်လာပြီးခေါင်ရည်အကြည်ရည်သည် အပေါ်သို့ စိမ့်ထွက်လာသည်။ ကောက်ညှင်း ဆန်အဖြူဖြင့် ချက်လုပ်သည့် ခေါင်ကျရည်၏ အရောင်သည် အဖြူရောင်ထွက်လာပြီး၊ ကောက်ညှင်းငချိတ်ဖြင့် ချက်လုပ် သောခေါင်ကျရည်သည် အနီရောင်(သို့မဟုတ်) ပျားရည် အရောင်ကဲ့သို့ထွက်လာသည်။ ပျားရည်ကဲ့သို့ပင် အချိုဓာတ်ကြွယ်ဝသည်။ ထွက်ရှိလာသော ခေါင်ကျရည်များကို ဝါးဘူး(သို့မဟုတ်)ပုလင်းဖြင့် ခပ်ထည့်ရသည်။ ယခင်က မိသားစုသောက်သုံးရန် ရည်ရွယ်၍ ချက်လုပ်ကြသော်လည်း ယခုအခါတွင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ချက်လုပ် ရောင်းချကြသည်။ ဧည့်သည်များအားလက်ဆောင်ပေးခြင်း၊ ရပ်ဝေးရပ်နီး ဆွေမျိုးသားချင်းများအား လက်ဆောင်ပေးခြင်းဖြင့် ခေတ်စားလာသည့် ခေါင်ရည်တစ်မျိုးဖြစ်ပါသည်။