ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုနွယ်စုများသည် မိမိတို့၏ ရိုးရာအမွေအနှစ်များ၊ ဓလေ့ထုံးတမ်း အစဉ်အလာ များကို ရာသီပွဲတော်များ၊ ရိုးရာတူရိယာများ တီးမှုတ် ခြင်းဖြင့် အသီးသီးကျင်းပလေ့ ရှိကြပါသည်။ ထို့အတူ ကယန်းလူမျိုးတို့တွင် ဓလေ့အရ ရိုးရာပွဲတော် အမျိုးမျိုး ရှိသည်။ ယင်းပွဲတော်နှင့် ပတ်သက်သော အကလည်း အမျိုးမျိုးရှိပါသည်။ ကယန်းလူမျိုးတို့သည် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ရိုးရာပွဲတော်များမှာ ကမ်းခွမ်ခေါ် တံခွန်တိုင်ပွဲတော်၊ အိမ်သစ်တက်ပွဲ၊ တောင်ယာစူးထိုးပွဲ တို့ဖြစ်ပါသည်။ ကယန်းတိုင်းရင်းသားတို့၏ ရိုးရာအကသည် တစ်ဦးချင်းကရသည့် တပင်တိုင်အက၊ နှစ်ဦးစုံတွဲကရသည့် နှစ်ပါးသွားအကဟူ၍ မရှိပေ။ နှစ်ဦးချင်း မျက်နှာချင်းဆိုင် ခြေထောက်ဖြင့် လှုပ်ရှားရသော လုပ်ကိုင်ခြင်းဟူသော စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် စုပေါင်းလုပ်ကိုင် ခြင်းဟူသော စည်းလုံးညီညွတ်မှုကို ဖေါ်ဆောင်သည့် စုပေါင်းကခုန်ခြင်း အကမျိုးသာရှိသည်။ တူရိယာပစ္စည်း များတွင်လည်း တီးလိုက်လျှင် အားမာန်ဖြစ်စေသော တက်ကြွမှုကိုဖြစ်စေသော ဖားစည်၊ ဗုံတို၊ ဗုံရှည်နှင့် မောင်းကြီးများ၊ မှုတ်လိုက်လျှင် ရသအာရုံ ဆွဲဆောင် နိုင်သော လေးလုံးတွဲ ဝါးပုလွေ၊ (၁၇)လုံးတွဲ ဝါးပုလွေ၊ ရဲစိတ်ရဲမာန် ဖြစ်ပေါ်စေသော ကျွဲချိုခရာများကို အသုံးပြု ကြသည်။
ကမ်းခွမ် ခေါ် တံခွန်တိုင်အက
ကမ်းခွမ် ခေါ် တံခွန်တိုင်အကသည် အထင်ရှား ဆုံးဖြစ်ပါသည်။ ပွဲတော်ကို နှစ်စဉ်တပေါင်းလနှင့် တန်ခူး လအတွင်း ကျင်းပလျက်ရှိပါသည်။ ကမ်းခွမ်အကတွင် အသုံးပြုသော တူရိယာပစ္စည်းများမှာ နှစ်ဘက်ပိတ် ဗုံတို (၁)လုံး၊ မောင်းကြီး(၂)လုံး၊ လေးလုံးတွဲ ပုလွေ(၁)စုံ၊ တစ်လုံးတွဲ ပုလွေ(၂)လုံး၊ လင်းကွင်း နှစ်စုံတို့ဖြစ်ပါသည်။
ကမ်းခွမ်အကကို ဗုံဆရာက ရှေ့ဆုံးမှ ဦးဆောင် ကပြပြီး အခြားသူများကတန်းစီ၍ နောက်မှလိုက်ကကြ သည်။ မောင်းကြီးထမ်းသူမှာ နောက်မှလိုက်ပြီး တီးခတ် ပေးရသည်။ အကမှာနှေးပြီး အတီးမှာလည်း ခပ်နှေးနှေး ဖြစ်ပါသည်။
ကယန်းအမျိုးသားများ ကမ်းခွမ်(ခေါ်)တံခွန်တိုင်အား ဝိုင်းပတ်ကနေပုံ
ကမ်းခွမ်အကတွင် ဗုံဆရာကကွက်ကို ကြည့်ပြီး အခြားသူများက လိုက်ကကြပါသည်။ ဗုံဆရာသည် ဗုံကိုလည်တွင် လွယ်ပြီးကရသောကြောင့် လွယ်ကူမည်မဟုတ်ပါ။ အကကျွမ်းကျင်သူများကသာကနိုင်ကြပါသည်။ဗုံဆရာသည် ကကွက်ကိုပြောင်းလိုပါက ဗုံဖြင့်အချက်ပေး၍ ကကွက်ပြောင်းကြရသည်။ အကတွင် လူဦးရေကို ကန့်သတ် ထားခြင်းမရှိပါ။ အကတွင် အမျိုးသမီးများ ပါဝင်ကခွင့်မပြုပါ။ ကသူများ၏ ဘေးတွင်ရပ်၍ သပြေခက် များဖြင့်သာ ရေပက်ပေးနိုင်ပါသည်။
အိမ်သစ်တက်ပွဲအက
ကယန်းလူမျိုးတို့သည် တောင်ယာခုတ်ပြီးချိန်၌ အိမ်သစ်များ ဆောက်လုပ်ကြပါသည်။ နေအိမ်အသစ် ဆောက်လုပ်ပြီးစီးသည့်အခါ အိမ်သစ်တက်ပွဲကို ဦးစွာ ကျင်းပ ပြုလုပ်ကြပါသည်။ အိမ်သစ်တက်ပွဲတွင် (ဆွိုက်နီဆူး)ခေါ် ဝါးညှပ်အက၊ (ဘော့တန်) ခေါ် ဒိုင်း အကတို့ ကပြလေ့ရှိပါသည်။ အသုံးပြုသော တူရိယာ ပစ္စည်းများမှာ ဖားစည်ဖြစ်ပါသည်။ ဝါးညှပ်အကတွင် ဝါး(၄)ခြမ်းကို စတုဂံသဏ္ဍာန် အကွက်အနေအထားတွင် ချထားပြီး ဘေးတွင်လူ(၄)ဦးတို့က မျက်နှာချင်းဆိုင် ထိုင်ကြပါ သည်။ ထိုလူ(၄)ဦးတို့သည် ဖားစည်တီးခတ်သံကို နားဆင်ပြီး ဝါးခြမ်းကို စုရိုက်ရပါသည်။ ဝါးညှပ်အကတွင် လူ(၄)ဦး ပါဝင်ကကြပါသည်။ ထိုလူ(၄)ဦးတို့သည် ဝါးခြမ်း စုရိုက်သံကို နားဆင်ပြီး ခြေမညှပ်မိစေရန် လျင်မြန်သွက်လက်စွာ အကွက်မှန်မှန်ခုန်၍ တစ်ဦးကိုတစ်ဦး ပုခုံးနှင့် လိုက်တိုက်ရပါသည်။ လိုက်သူက အကွက်မှန်မှန်ခုန်ပြေးရသလို၊ ပြေးသူကလည်း အကွက်မှန်မှန်ပြေးရပါ သည်။ အပြေးမလွတ်ဘဲ အတိုက်ခံရပါက အရှုူံးပေးရပါ သည်။
ဝါးညှပ်အကသည် အညောင်းပြေစေသည့်အပြင် ကျန်းမာသန်စွမ်းပြီး သွက်လက်ဖြတ်လတ်မှု ရရှိစေရန် ရည်ရွယ်၍ လေ့ကျင့်ထားသည့် ရိုးရာကကြိုး တစ်မျိုးဖြစ် ပါသည်။ ရှေးအခါက စစ်ရေးအတွက် သွက်လက် ဖြတ်လတ်မှုရှိရန် ဝါးညှပ်အကကို လေ့ကျင့်ကြပါသည်။ ဝါးညှပ်အကကို ကယန်းတို့က (ဆွိုက်နီဆူး) ဟုခေါ်ပါ သည်။
အိမ်သစ်တက်ပွဲတွင် ကပြလေ့ရှိသော ရိုးရာအကတစ်မျိုးမှာ ဒိုင်းအကဖြစ်ပါသည်။ ဒိုင်းအကကို ကယန်းတို့က (ဘော့တန်) ဟုခေါ်ပါသည်။ ဒိုင်းအကတွင် ဓား၊ လှံ၊ ဒိုင်းတို့ကို ကိုင်ဆောင်ထားပါသည်။ ဒိုင်းအကတွင် အသုံးပြုသောတူရိယာမှာ ဖားစည်ဖြစ်ပါသည်။ ယင်းတို့သည် ဖားစည်တီးခတ်သံကို နားဆင်၍ အကွက်ကျကျ ခြေ နင်းပြီး တိုက်ခိုက်ခုခံကြပါသည်။ ဒိုင်းအကကို ရှေးအခါက စစ်ရေးအတွက် ဓားခုတ်၊ လှံထိုး၊ ဒိုင်းကာ အတတ်ကို လေ့ကျင့်သော အကတစ်မျိုး ဖြစ်ပါသည်။ ယင်းအကကို တစ်ဦးနှင့် တစ်ဦး၊ တစ်ရွာနှင့် တစ်ရွာ ဓားခုတ်၊ လှံထိုး၊ ဒိုင်းကာစွမ်းရည်ကို ပြိုင်ဆိုင်သည့် သဘောဖြင့် ယှဉ်ပြိုင်ကာ ကပြခြင်းဖြစ်ပါသည်။
ယွိုင်း(ခေါ်)အသုဘအက
ကယန်းလူမျိုးတို့သည် အသုဘပွဲတွင် သီဆိုခြင်း၊ ကခြင်းများ ပြုလုပ်လေ့ရှိပါသည်။ အသုဘ အကကို (ယွိုင်း)ဟုခေါ်ပါသည်။ အသုဘပွဲတွင် သီဆိုကပြရခြင်း၏ ရည်ရွယ်ချက်မှာ သေဆုံးသူ၏ ဝိညာဉ်ကောင်းရာသုဂတိ လားရန်အတွက် မေတ္တာပို့သခြင်းနှင့် ပူဆွေးဝမ်းနည်း နေသော အိမ်ရှင်များအား အဖော်ပြုပေးရန်ဖြစ်ပါသည်။ အကတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီးများပါဝင် ကပြပြီး ကလေးသူငယ်များ မကရပါ။ အကဦးရေကို ကန့်သတ်ခြင်းမရှိပါ။ အမျိုးသားနှင့် အမျိုးသမီးတို့က တစ်ဦးနှင့်တစ်ဦး လက်တွဲပြီး ကခုန်ကြပါသည်။ အကကို ညဦးယံမှ နံနက်မိုးလင်း၍ အသုဘမချမီအထိ သီဆိုကပြ ပါသည်။ အကတွင်အသုံးပြုသော တူရိယာများမှာ နှစ်ဖက်ပိတ် ဗုံရှည်(၂)လုံး၊ တွဲပုလွေနှင့် အမင်္ဂလာဖားစည် တို့ဖြစ်ကြပြီး ယင်းအမင်္ဂလာဖားစည်ကို တီးခတ်ရာ၌ မင်္ဂလာဖားစည်တီးသကဲ့သို့ ဘေးစောင်းမထားရဘဲ အသံအုပ်အောင် မှောက်ထား၍ တီးခတ်ရပါသည်။ အသုဘအတွက်ရည်စူး၍ လွမ်းတေးများကို သီဆိုခြင်း၊ မကောင်းဆိုးဝါးများအား ကြိမ်ဆဲမောင်းထုတ်ခြင်းတို့ကို တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြီးတိုင်း အမင်္ဂလာဖားစည်ကို အသံအုပ်အုပ်ဖြင့် တစ်ချက်တီးခတ်ရပါသည်။