တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “Computer Repair and Maintenance သင်တန်း (၁/၂၀၂၅)” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) တိုးတက်ထွန်းကားလာသည်နှင့်အမျှ ကမ္ဘာပေါ်ရှိ နိုင်ငံများက ဒစ်ဂျစ်တယ်စနစ်ကို အခြေခံပြီး နိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်ဆောင်ရွက်လျက် ရှိကြပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာများကို လေ့လာဆည်းပူးနိုင်ရန်အတွက် ကွန်ပျူတာနှင့် ဆက်စပ်သည့် နည်းပညာပိုင်းဆိုင်ရာ အခြေခံကောင်းများကို ကိုယ်တိုင်သိရှိနားလည် တတ်မြောက်ထားကြရန် လိုအပ်ပြီး မိမိတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို အသုံးချ၍ ဌာန၏ ရည်မှန်းချက်ကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ချစ်ကြည်စည်းလုံးစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်ကြားသူ ဆရာ၊ ဆရာမများအား ကျေးဇူးတင်စကား ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြား ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ(၂)ပတ် ကြာမြင့်မည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၆) ဦး တက်ရောက်ကြကြောင်း သိရှိရပါ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးတွင် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၂၂) ခုနှစ်အရ မှတ်ပုံတင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ အကြံပြုချက်အရ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအား စိစစ်ကြီးကြပ်နိုင်ရေးနှင့် မိမိတို့ ဝန်ကြီးဌာနက ယခင်ထောက်ခံချက်ပေးခဲ့သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိုင်းရင်းသားရေးရာများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ကျော်ထွန်းတို့က ဝိုင်းဝန်ဆွေးနွေးကြပါသည်။
ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။