တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဇွန် ၁၂
နေပြည်တော် 2025-06-13
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက  Online စနစ်ဖြင့်  တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မိမိတို့သင်ကြားရသည့် အတန်းပညာ၊ စာပေပညာများကို တတ်မြောက်အောင်၊ ထူးချွန်အောင် လေ့ကျင့်သင်ကြားသွားကြရမည်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားသည့် အတန်းပညာများသာမက အခြားဗဟုသုတနှင့် လူမှုကျင့်ဝတ်ဆိုင်ရာများကိုလည်း လေ့လာသင်ယူပြီး လူတော်များ လူရည်ချွန်များဖြစ်ရန် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း၊ မိဘများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ပညာတတ်ကြီးများ ဖြစ်လာစေရန်၊ လူချွန်လူကောင်းများ ဖြစ်လာစေရန် ကျောင်းမှ ဆရာ၊ ဆရာမများကိုသာ လွှဲအပ်မထားဘဲ တတ်နိုင်သည့်ဘက်မှ ပံ့ပိုး ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်း သားသမီးများ၏ ပညာရေးအတွက်တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တက်ရောက်နေသူများနှင့် အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်ပါသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာပစ္စည်းများ အသီးသီး ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုမှာ မူလတန်း (၁၄၁) ဦး၊ အလယ်တန်း (၄၃) ဦး၊ အထက်တန်း (၂၈) ဦး၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၉) ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း ၁၃,၀၀၃,၈၀ဝိ/- ကျပ်အား ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image