မနုမနော ဘာသာစကားဖြင့် ဗေ့လပ်၏ အဓိပ္ပာယ်မှာရွက်ခူးပွဲဟုအဓိပ္ပာယ်ရပါသည်။မနုမနော တိုင်းရင်းသားတို့သည် ဗေ့လပ် ခေါ် ဒီးကူ(ဝါ) ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ်ဇူလိုင်လ ၁၇ ရက် သို့မဟုတ် ၂၀ ရက်၊ ၂၁ရက်နေ့တွင် နှစ်တိုင်းကျင်းပ ကြသည်။ ဒီးကူပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကျေးရွာတွင်ရောဂါဘယကင်းရှင်းရန်၊နှိပ်စက်တတ်သောအနှောက်အယှက်အန္တရာယ် ဆိုးများ ကျေးရွာတွင်းသို့ မဝင်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါသည်။ ထိုပွဲတော်သည် မနုမနော တိုင်းရင်းသား တို့ အထွတ်အမြတ်ထားသော ပွဲတော် ဖြစ်ပါသည်။
ဗေ့လပ် (ခေါ်) ဒီးကူ ပွဲတော်သည် တစ်ရွာလုံး စုပေါင်းလုပ်ကြသည့်ပွဲတော်ဖြစ်ပါသည်။ ထိုသို့ ပြု လုပ် ရာတွင်ပွဲတော်ကို နှစ်ရက်ကြာ ကျင်းပကြသည်။ ပွဲမတိုင်ခင်နေ့တွင် ဝက်သားကိုသုံးလေးအိမ်ပေါင်းပြီး ချက်စားကြသည်။ ထိုပွဲတွင် ကျွဲ၊နွားများ ကို သတ်ကာ သုံး၊လေး၊ငါးအိမ်ပေါင်းပြီးခွဲဝေယူကြသည်။ အိမ်တိုင်းအသားအနည်းငယ်စီဝယ်ထားပြီး ချက်ပြုတ်စားသောက်ကြသည်။အမဲသားကိုလည်းသုံးလေးအိမ်ပေါင်းပြီးစုပေါင်းချက်စားကြသည်။အနီးအနားရှိရွာများမှလာရောက်သည့် ဧည့်သည် တိုင်းကို ထမင်းကျွေးသည်။ သို့သော်မိမိတို့ ဖိတ်ထားသော ဧည့်သည်ကို မိမိအိမ်တွင်ကျွေး မွေးကြသည်။
ပွဲမကျင်းပမီ တစ်ရွာလုံး တစ်စိတ်တစ်ဝမ်း တည်း ဖြစ်အောင် ဝိညာဉ်ပြန်ခေါ်ကြသည်။ ခေါ်သည့် အခါတွင် အရွက်သုံးမျိုးနှင့်အတူ ကြက်၊ ဝက်တို့နှင့် ပြန်ခေါ်ရသည်။ ထိုအရွက်များမှာ ကြောင်လျှာရွက် (ကောက်ညှင်းထုတ်မည့်ဖက်ရွက်)ခူးထွက်ရန် နေ့ ကောင်းမကောင်းကို ကြက်ရိုးထိုး၍မေးရသည်။ ထို့ နောက်ပွဲ အကြိုနေ့တွင်လူဘော့ဂေါ်ဒေါ်လာ (ခ) ကြောင်လျှာရွက် တစ်ခက်ကိုလည်းကောင်း၊ နွယ်ဆူးပင်တစ်ကိုင်းကိုလည်းကောင်း၊ကောက်ညှင်းထုပ်ရွက် တစ်ပင်ကိုလည်းကောင်း၊ ထိုအရွက်များကိုခူးခဲ့ကြပြီးပွဲမကျင်းပခင်မကောင်းဆိုဝါးမလာနိုင်အောင်ထိုအရွက်များကို အိမ်နံရံတွင်လည်းကောင်း ၊ လှေကားထိပ်နံရံ ပေါ်တွင် ချိတ်ဆွဲထားရသည်။
ထိုအရွက်များ ချိတ်ဆွဲထားလျှင် နတ်ဆိုးများ အိမ်ပေါ်မတက်ရဲဟု ယုံကြည်ကြသည်။ ထိုသို့ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာဒီးကူပွဲတော်သည်သန့်ရှင်းသော မိသားစုပွဲဖြစ်၍ ပွဲတော်အတွင်း မကောင်းဆိုးဝါးဖြစ် သောနတ်ဆိုးများအိမ်တွင်းရှိမိသားစုအား လာရောက် အနှောင့်အယှက်မပြုနိုင်ရန် တားဆီးသော အထိမ်း အမှတ်ဖြစ်သည်။ ပွဲတော်ကျင်းပချိန် နတ်ဆိုးများလာ ကြည့်ပါကထိုနတ်ဆိုးများအိမ်တွင်းသို့ဝင်ရန် ကြိုးစား ပါက ကောက်ညှင်းထုပ်ရွက်ဖြင့် နတ်ဆိုးများ ဝင်မလာ နိုင်စေရန်အတွက် ရည်ရွယ်သည်။ အချို့သောကျေးရွာ များမှာလည်း မကောင်းဆိုးဝါးများ၊ နတ်ဆိုးများ ဝင် မလာစေရန်အတွက် ရိုက်ပုတ်မောင်းထုတ် ၊ ခြောက် ထုတ်စေရန် ဝါးဖြင့်ရက်လုပ်ထားသော ဝါးကဒ်များ ကို ပြုလုပ်ကာ ထောင်ထားလေ့ရှိသည်။
ပွဲပြီးလျှင်နတ်ဆိုးများကျန်မည်စိုးသောကြောင့် နတ်ရုပ်တစ်ခုကို ဗေ့လဒ် (ခေါ်) ဒီးကူပွဲ အကြိုနေ့ ကတည်းကပြုလုပ်ထားကြပြီးရွာအပြင်၌နတ်ရုပ် တစ်ခုထားသည်။ နတ်ရုပ်ကို ပြုလုပ်ရာတွင် ဘူးသီးအခြောက်ကို ဆေးသုတ်လိမ်းကာ မျက်နှာဆေးပုံ ခြယ် ကြသည်။ ခြင်းပလိုင်းတစ်ခုကိုလည်း ခန္ဓာကိုယ်ပုံ ဖြစ် စေရန် အဝတ်စဖြင့်ပတ်ထားပေးကြသည်။ထိုနေ့ည တွင်အရုပ်ကိုရွာထဲသို့မသွင်းမီလူနှစ်ယောက်ကအရုပ်အားမည်သည့်နေအိမ်တွင် နေမည်ဆိုသည်ကို အဓိဌာန်ပြု၍မေးကြလေသည်။ အဓိဌာန်ပြု၍ မေးရာတွင် အရုပ်က နေချင်သောအိမ်ကို ပြသည်။ ထို့နောက် ရွာသူရွာသားများကအရုပ်ကို နေချင်သောအိမ်သို့ ဆိုင်း၊ ဗုံတို့ဖြင့်လိုက်ပို့ပေးရသည်။
အိမ်ရောက်လျှင်ကျပ်ခိုးစင်ပေါ်တွင်တင်၍ထား ရသည်။ လူများကကျပ်ခိုးစင်တစ်ဝိုက်တွင်လှည့်လည်၍ကကြရ သည်။ အရုပ်ကိုအကြိုနေ့နှင့်ပွဲနေ့ နှစ် ရက်သာကျပ်ခိုးစင်ပေါ်တွင် တင်ထားရသည်။ ထိုအိမ် သို့ရွာသားများက ကောက်ညှင်းထုပ်နည်းနည်းစီ လာ ပေးကြသည်။ ပထမနေ့ အကြိုပွဲနေ့အဝင်နေ့တွင် လူငယ်များယမ်းထောင်း၍ တောင်ပေါ် တွင်သေနတ် ဖေါက်ပြီး ဤရွာတွင် ဒီးကူပွဲ ကျင်းပမည် ဖြစ်ကြောင်း အသိပေးကြရသည်။ဘုရားကျောင်းတွင်လည်း မောင်း တီးကာ အသိပေးကြသည်။ ထိုနေ့တွင်အိမ်တိုင်းတွင် ခူးထားသောဒီးကူရွက်များဖြင့် ဒီးကူထုပ်ကာ ကောက် ညှင်းထုပ်များ ပြုလုပ်ကြသည်။ ညနေ နေဝင်ချိန်တွင် အိမ်အ တွင်းမီးဖိုဘေး နံရံတွင်ကြက်ရိုးထိုးထားသော ကြက် ရိုးနှင့်အတူ၊ ဝါးမောက်အသစ်တစ်ခု၊ ဒီးကူထုပ်တစ်တွဲ(ထိုတစ်တွဲတွင်တစ်ထုပ်ကိုဖြေထားရသည်) ကိုထိုးချိတ်ထားရသည်။
ထို့နောက်နတ်ကိုပူဇော်သည့်အနေဖြင့် ဂါထာများရွတ်ဆိုရသည်။ ထို့အပြင် “မိမိတို့အိမ်ကို စောင့် ရှောက်ရန်၊ ရောဂါဘယကင်းဝေးရန်၊စပါးသီးနှံကောင်း မွန်ရန်စောင့်ရှောက်ပါ”ဟုပြော၍ ခေါင်ရည်ကို ဝါး မောက်ထဲသို့ လောင်းထည့်ရသည်။ ကျန်သော ခေါင် ရည်ကို ယခင်နှစ်များက ချိတ်ထားသော ဝါးမောက်ထဲ သို့ လောင်းထည့်ရသည်။
ဒုတိယနေ့နံနက်၅နာရီ၊၆နာရီခန့်တွင်ဝက်၊ နွား များကိုသတ်ကြသည်။ ထို့နောက် ချက်ပြုတ်စား သောက် ကြသည်။ နေ့ ခင်း၁၂နာရီခန့်တွင်ရပ်ဝေးဧည့်သည်များလာရောက်ကြပြီးထမင်းကျွေးမွေးကြသည်။ ပွဲတော်ကျင်းပသည့်နေ့တွင် အနီးအနားရွာမှ လာသောဧည့်သည်များသည်အတီးအမှုတ် အကအခုန် များနှင့် ကြိုဆိုကြသည်။ ရွာခံလူငယ်များကလည်း ဧည့်သည်များကို သေနတ်ဖေါက်ပြီး ကြိုဆိုကြသည်။ ကြိုဆိုသူများနှင့်တွေ့သည်တွင်ဧည့်သည်များကလည်းသေနတ်ဖြင့် ပြန်လည်၍ ဖောက်ကြသည်။ ဧည့် သည်များရွာထဲသို့ ရောက်သည့်အခါတွင် ရွာခံလူငယ်များနှင့် ဧည့်သည်များအားလုံး စုပေါင်း၍ ပျော်ရွှင်စွာ က ကြသည်။
ညနေပိုင်းတွင် တစ်ရွာလုံး အိမ်တိုင်းမှ မီး(ထင်းမီးခဲ)တစ်တောင့်စီ၊အိုးခွက်အဟောင်းများ၊ဒီးကူထုပ်များကို ခြင်းတောင်းငယ်များတွင်ထည့်ပြီး ရွာ၏ အပြင်ဘက်သတ်မှတ်ထားသော နေရာသို့ လာရောက် ပို့ထားကြလေသည်။ ထိုကဲ့သို့ကျေးရွာမှ ပို့ထားသော ပစ္စည်းများကို တစ်နေရာတည်းတွင်စုပေါင်း ထားခြင်းဖြင့် တစ်ရွာလုံးနတ်ဆိုးများကို မောင်းထုတ်ကြသည်။ ရွာ ၏အပြင်ဘက်သို့ရောက်ရှိလျှင်“သွားတော့”ဟု ဆို ပြီး မီးခဲကို အဝေးသို့ လွှင့်ပစ်ကြရသည်။ ထိုသို့ နတ် ဆိုးကိုမောင်းထုတ်ပြီးလျှင်ပြု လုပ်ထားသော နတ်ရုပ် ကိုလည်း ရွာ၏အပြင် သတ်မှတ်ထားသော သစ်ပင် ပေါ်သို့ တင်ထားခြင်းပြု လုပ်သည်။ ထို့နောက် ဘုရားကျောင်းသို့ခေါ်သွားပြီးကပွဲများ ကျင်းပကာ ပွဲတော် အတွင်းတွင်လည်း တစ်အိမ်တက်တစ်အိမ်ဆင်း ပြု လုပ် ကြသည်။
ညနေ(၅)နာရီခန့်တွင် ဧည့်သည်များကို ထမင်း ကျွေးရသည်။ ညနေ(၇)နာရီခန့် ကတည်းက ရွာခံရော ဧည့်သည်ပါမကျန်ရွှံ့ဗွက်များလူးကြသည်။ ရွှံ့ဗွက်များ လူးသောအခါကိုယ်ကြိုက်ရာလူမရွေး အပျော်သဘော ဖြင့်ရွှံ့ဗွက်များလူးပေးနိုင်သည်။တစ်ခြားရွာမှလာသော မိန်းမပျို၊ မိန်းမအိုများ ၊မိန်းမကြီးများ ၊လူကြီး၊လူငယ်၊ ကျား၊ မ မရွေး အပျော်သဘောဖြင့် ရွှံ့ဗွက်များလူးပေး နိုင်သည်။ဒီးကူပွဲတွင်ရွှံ့ဗွက်များလူးကြသောအခါ အပျို ချောများမှာ ပို၍လူးခံကြရသည်။ စိတ်ဆိုးမှုမှာ မရှိကြ ပေ။ မိဘမောင်နှမများကဝိုင်းပြီး ဖယ်ရှားပေးမှသာ သက်သာရာရောက် ပေသည်။ ထိုကဲ့သို့ ရွှံ့ဗွက်များ လူးကြပြီးတစ်ညလုံးပျော်ကြသည်။နံနက်မိုးလင်းသည် နှင့် အချို့ဧည့်သည်များသည် ပြန်ကြပြီး သောအခါ တွင်လည်း ကျန်ရစ်ခဲ့သည့်ရွာခံများကလည်း ညနေ ၃နာရီ၊ ၄နာရီအထိဆက်ပြီးပျော်ကြသေးသည်။ ပွဲပြီး၍ ဧည့်သည်များ မိမိတို့၏ရွာသို့ ပြန်ရာတွင် အသား အနည်းငယ်၊ ခေါင်ရည်ကျည်တောက်နှင့်ကောက်ညှင်း ထုပ် သုံးထုပ်တွဲထားသောအတွဲနှစ်ခု၊ သုံးခုစီကိုလက် ဆောင်ပေးလိုက်ကြသည်။ ဒီးကူပွဲတွင် လူကြီးလူငယ် အားလုံး ပါဝင်ဆောင်ရွက်ကြပြီး ပျော်ကြသည်။ အကယ်၍မပါဝင်လျှင် သီးနှံမအောင်မြင်ဟု ယူဆကြ သည်။ ရွှံ့ဗွက်မလူးလျှင်လည်း စပါးသီးနှံများ မအောင် မြင်ဟု ယုံကြည်ကြသည့်အတွက် အားလုံးပါဝင်ကြ သည်။ ထိုကဲ့သို့ဒီးကူပွဲတွင် ရွှံ့ဗွက်များလူးသည့် ဓလေ့ မှာ တစ်ရွာနှင့်တစ်ရွာ မတူကြပေ။ ရှေးယခင်ကာလ များက ကျေးရွာများတွင်ယင်းဓလေ့ကို ကျင့်သုံးခဲ့ကြ သော်လည်း ယခုချိန်တွင်ရွှံ့ဗွက်လူးသည့်ဓလေ့မှာ မပြု လုပ်သလောက်နီးပါးပင် ဖြစ်သည်။ ထိုကဲ့သို့ရွှံ့လူး ရခြင်းမှာ ကလေးမြေကြီးတွင် လူးလျှင် မြေဓာတ်ရပြီး ကျန်းမာရေးကောင်းသည်၊ သန်မာသည်ဟု ယုံကြည် ကြသည်။ သို့သော်ယခုအခါတွင် ကြည့်ရှုမကောင်းဟု ယူဆကြသဖြင့် ကျင့်သုံးမှု နည်းပါးလာခဲ့သည် ။ ခရိုးခို တွင်မူ ဒီးကူပွဲတွင်ရွှံ့ဗွက် လူးသည့် ဓလေ့မှာကျင့်သုံး ဆဲ ဖြစ်သည်။