ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများသည် မိမိတို့၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကိုရာသီအလိုက်ပွဲတော်များအသီးသီးကျင်းပလေ့ရှိကြပါသည်။ ကယားပြည်နယ်တွင် ကယား၊ ကယန်း၊ ကယော၊ ဂေခို၊ ဂေဘား၊ မနုမနော (ကော်ယော်)၊ ယင်းဘော်၊ ယင်းတလဲ၊ ဇယိမ်း (လထာ) စသည့် ဌာနေတိုင်းရင်းသား(၉)မျိုးအပြင် ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ကရင်၊ လီဆူ၊အင်းသားစသည့် တိုင်းရင်းသားပေါင်း စုံနေထိုင်ကြ သည့်ပြည်နယ်တစ်ခုဖြစ်ပါသည်။ထို့အတူကယားပြည်နယ်ရှိ ကယားတိုင်းရင်းသား မျိုးနွယ်စုများသည်လည်း ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ နေ့ထူးနေ့မြတ်၊ ပွဲတော်ရက်များ ရှိကြပါသည်။ ကယားတိုင်းရင်းသား မျိုးနွယ်စုများတွင်ရှိသောပွဲတော်များစွာအနက်ကယားတိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက် ရှေးဘိုးဘွားဘီဘင်လက်ထက် ကတည်းက ကျင်းပခဲ့သော“ ကေကရဲဒါး” (ခေါ်) ငှက်လိုက်ပွဲ အကြောင်းကို တင်ပြမည်ဖြစ်ပါသည်။
ပွဲတော်ကျင်းပချိန်နှင့်ကျင်းပရခြင်းရည်ရွယ်ချက်
ကယားတိုင်းရင်းသားတို့သည် ကောက်ပဲသီးနှံများ ကို ရိတ်သိမ်းပြီး မိမိတို့၏ စပါးကျီများထဲသိုလှောင်ပြီး သောအခါတွင် “ကေကရဲဒါး” (ခေါ်) ငှက်လိုက်ပွဲတော် ကျင်းပကြသည်။ ယင်းပွဲတော် ကျင်းပရခြင်းမှာ ပြည် စောင့်နတ်၊ ရွာစောင့်နတ်များကို မိမိတို့၏စီးပွားရေး တိုး တက်စေရန်နှင့် ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းရှင်း စေရန်၊ ကူညီစောင့်မရန် ပူဇော်ပသရသော ပွဲတော် တစ် ရပ်ဖြစ်ပါသည်။ ပွဲတော်မကျင်းပမီ ဧည့်ခံကျွေးမွေးရန် ကြိုတင်၍ ခေါင်ရည်ကို အဆင်သင့်ချက်ထားကြရသည်။ ထို့နောက် ပွဲတော်ကျင်းပမည့် နေ့ကောင်းရက်သာကို ကြက်ရိုးထိုးကြည့်ကာ ရွေးချယ် ကြရသည်။
ပွဲတော်ကျင်းပသည့်နေ့နှင့်ရိုးရာဓလေ့ထုံးတမ်းများ
ပွဲတော်ကျင်းပမည့်နံနက် ဝေလီဝေလင်းတွင် ရွာတွင်းရှိ အမျိုးသားများ တအိမ်တယောက်စီစုရုံးပြီး ဒူးလေး၊ လောက်လေးခွနှင့် တုတ်တိုများကို ယူဆောင်ကာ ရွာ၏ပတ်ဝန်းကျင်ရှိ တောတွင်းသို့ သွားကြလေသည်။ ထိုနေ့၌ ရွာပြင်လမ်းဘေးများတွင် ရာဇမတ်ကာရံထားကာငှက်လိုက်ပွဲကျင်းပနေသည့် အထိမ်းအမှတ်ကို ပြထား ကြသည်။ ထိုအခါ ဧည့်သည်များရွာတွင်းသို့ ဝင်ရောက် ခြင်းမပြုရချေ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဧည့်သည်ဝင်မိသော် လျော်ကြေးပေးရသော ထုံးစံရှိ လေသည်။
အမျိုးသားများတောတွင်းသို့ ငှက်များကို လိုက်လံ ပစ်ခတ်နေစဉ် ရွာရှိအမျိုးသမီးများက ရွာအနောက်ဖက် တွင်ရှိသော နတ်စင်၏အနီးအနားတွင် ထမင်းဟင်းလျာ များကို ချက်ပြုတ်၍ ငှက်လိုက်သူများအပြန်ကို စောင့် နေကြသည်။ ထမင်းကျွေးရန် ဟင်းလျာအတွက် ဝက်၏တန်ဖိုးကိုလည်း တစ်ရွာလုံးက အချိုးကျ အကုန်ကျခံရ သည်။ ဝက်ကိုသတ်ပြီး ဝက်၏အသည်းနှင့် သရက်ရွက်ကို ပြည့်မပြည့်ကြည့်ကြပြန်သည်။ အကယ်၍ ဝက်၏အသည်းနှင့် သရက်ရွက်မှာပဲ့နေလျှင် ထိုနှစ်အတွင်း တစ်ရွာလုံးအဖို့ မကောင်းဟု အယူရှိကြလေသည်။
အမျိုးသမီးများ ချက်ပြုတ်တတ်နေသော နေရာနှင့် မနီးမဝေးနေရာတွင် (၄) ထောင့်ပတ်လည်ရာဇမတ်များ ကာရံ၍ နတ်တင်ရန် နေရာတစ်ခုပြုလုပ်ထားကြသည်။ ထိုရာဇမတ် နေရာအတွင်း၌ ခြင်း(၇)လုံးကို ဝါးတိုင်များဖြင့် စိုက်ထူထားသည်။ ငှက်လိုက်သူများ ပြန်လာသောအခါပစ်ခတ်၍ရခဲ့သော ငှက်များကို ခြင်း(၇)လုံးထဲသို့ထည့်ကြသည်။အကယ်၍ခြင်း(၇)လုံးအတွက် ငှက်အပြည့် မရပါက ထပ်မံ၍ ငှက်လိုက်ရသည်။ ဤကဲ့သို့ပြုလုပ်၍ မပြည့်သေးလျှင် ကြက်များကို သတ်၍ ခြင်း(၇)လုံး ပြည့်အောင်ထည့်ကြရသည်။ ငှက်တစ်ကောင်ကိုလည်း နီးရာသစ်ငုတ်တွင်တင်၍ သစ်ပင်စောင့်နတ်ကို ပူဇော်ပသ ရပြန်သည်။ ငှက်လိုက်ပြန်လာသူများကို ဆီးကြို၍ ခေါင်ရည်တိုက်ပြီးနောက် ခြင်းထဲမှ ငှက်များ၏အသား အနည်းငယ်၊ ခြေသဲဖျား၊ အတောင်ဖျား၊ အသည်းနှလုံး အနည်းငယ်စီကိုယူ၍ “ကေကရဲဒါးနတ်” ကို ပူဇော်ပသ၍ အသားများကိုမူ ရွာ၏အိမ်ခြေ အနည်းအများပေါ်မှာလိုက်၍ အိမ်ထောင်စုများကို အတုံးညီတူညီမျှဝေငှပေးရ၏။ ငှက်သားတုံးများကို တုတ်ဖြင့်ထိုး၍ ပေးလေ့ရှိသည်။ ခြင်း(၇)ခြင်းလုံးအတွင်းမှ ငှက်များ၏ အရိုးကိုလည်း ငှက်ရိုးဗေဒင်ထိုးကာ ရွာရှိကလေး လူကြီးများအားလုံး၏ ကောင်းကျိုး၊ ဆိုးကျိုးအတွက်ဗေဒင်မေးကြသည်။ထို့နောက် ကယားအမျိုးသား၊ အမျိုးသမီးများက ခေါင်ရည်ဖြင့် ထမင်းဟင်းလျာများကို ပျော်ပျော်ရွှင်ရွှင် စားသောက်ကြ သည်။ ပိုနေသော် ဝက်သားအစိမ်းတုံး များကိုလည်း ရွာသူရွာသားများကအချိုးကျဝေယူ ကြရသည်။