ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဂေဘားတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု
Image

အုပ်ချုပ်ရေးနယ်မြေနှင့် ကွဲပြားသော ရိုးရာဝတ်စားဆင်ယင်မှု

      မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုကြီး (၈) မျိုးတွင် တိုင်းရင်းသား (၁၃၅)မျိုးရှိသည်။ တိုင်းရင်းသားလူမျိုးစုကြီး (၈)မျိုးအနက် ကယားပြည်နယ်တွင် နေထိုင် သော တိုင်းရင်းသားလူမျိုးစု (၉)စုရှိသည်။ ထို(၉)စုတွင် ‌ဂေဘားလူမျိုးတစ်စုလည်းပါဝင်သည်။ ဂေဘား လူမျိုးစုသည် စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း၊ နေ့ထူး နေ့မြတ်ရိုးရာ ပွဲတော်များကို တန်ဖိုးထား၍ ယနေ့တိုင် ထိန်းသိမ်းထားသော လူမျိုးတစ်စု ဖြစ်ပါသည်၊။ ထို့ကြောင့် ဂေဘားလူမျိုးစုတို့ တန်ဖိုးထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်သည့် ရိုးရာဝတ်စား ဆင်ယင်မှုကို အလေးထားဖေါ်ပြရခြင်းဖြစ်ပါသည်။ 

     ဂေဘားရိုးရာဝတ်စားဆင်ယင်မှုသည် ရှေးဘိုးဘေးတို့မှ မိမိတို့ရောက်ရှိနေထိုင်ရာဒေသ သဘာဝတောတောင်၊ ရေမြေ၊ ကောင်းကင်၊ နေ၊ လ၊ ကြယ်၊ သစ်ပင်ပန်းမန်တို့၏ အရောင် အဆင်းတန်ဖိုးများထားရာ တူရိယာအသုံးအဆောင်များကို သင်္ကေတ၊ ရုပ်ပုံ၊ အဆင်အကွက် ဖြင့် ရိုးရာအထည်များတွင် ထည့်သွင်းညွှန်းဆိုပြီး ရက်လုပ်ထားခြင်းဖြစ်သည့်အတွက် မိမိတို့၏ ရိုးရာ အထည်ကို တန်ဖိုးထားထိန်းသိမ်းဖော်ထုတ်ခြင်းဖြစ်ပါသည်။

ရိုးရာအထည်တွင် အသုံးပြုသော အရောင်နှင့် အဆင်ကွက်အမှတ်အသားများ

ရှေးယခင်ကအထည်များကို ရက်လုပ်ရာတွင် မိမိတို့ပိုင်မြေနေရာ၊ နေအိမ်ခြံဝန်းအတွင်း ဝါများကိုစိုက်ပျိုး၍ ကိုယ်တိုင်ဂျပ်ခုတ်ရက်လုပ် ဝတ်ဆင်ကြသည်။ အနက်၊ အနီ၊ အဝါ၊ အစရှိသော အရောင်များရရှိစေရန်အတွက် အနက်အတွက်ကို သစ်က‌ဇော်အခေါက်၊ ကြက်သွေး ‌ရောင်ကို သစ်နီမပင်အခေါက်။ အဝါအတွက် နနွင်းရောင်၊ အပြာအတွက် မဲရွက်၊ အနီရောင်အတွက် ပိုးသီတင်းပင်၏ အသီးများဖြင့် အသုံးပြု၍ အရောင်ဆေးဆိုးခဲ့ကြသည်။ သဘာဝသစ်ပင်တို့မှ ရရှိသောအရောင်ဖြစ်၍ ဆေးရောင်ကျွတ်ခြင်းမရှိပါ။ သင်တိုင်းပေါ်ရှိ အရုပ်ဒီဇိုင်းများသည် ဖားစည်တူရိယာ၏ မျက်နှာပြင်၊ ကိုယ်ထည်ပေါ်ရှိ ရုပ်ပုံများကိုယူပြီး ဒီဇိုင်းပုံဖေါ် ရက်လုပ်ခဲ့ပါသည်။ တောင်ယာတွင် သဘာဝအလျောက် ဖူးပွင့်နေသော ရောင်စုံပန်း၊ ကြက်မောက်ပန်းများ၏ အရောင်ဖြစ်သော အဖြူ၊ အနီ၊ အဝါ၊ ပန်း‌ရောင် တို့ဖြစ်သော အရောင်တို့နှင့် သဘာဝတောတောင် ရေ‌မြေတို့၏ အရောင်များဖြစ်သော အစိမ်းရောင်၊ ကောင်းကင်ပြာရောင် စသည်တို့၏အရောင်အပေါ်တွင် အခြေခံ၍ ထည့်သွင်း ရက်လုပ်ကြသည်။

ဂေဘားရိုးရာအထည်ကို -

(၁) ကွမ်းအုံ ခေတ်ဟောင်းရိုးရာ အထည်အမျိုးအစား

(၂) ကမ်းနီခေတ်သစ်ရိုးရာ အထည်အမျိုးအစားဟူ၍ (၂)မျိုးရှိပါသည်။

ကွမ်းအုံအမျိုးသားခေတ်ဟောင်းဝတ်စု

ဂေဘားကွမ်းအုံအမျိုးသားခေတ်ဟောင်း၏ မူလပုံစံသင်တိုင်းအရောင်သည် သင်္ကေတ ဖော်ညွှန်းချက်များဖြင့် တိကျစွာ ဖော်ပြထားသည့်အတွက် ပုံကြမ်းရေးဆွဲပြီး ဖားစည်တူရိယာ ပေါ်ရှိ သင်္ကေတများ၊ ဂေဘားအမျိုးသားတို့၏ အလံတွင်ပါရှိသော အရောင်အကွက်များကို ထည့်သွင်းရေးဆွဲပြီး ပြန်လည်ယက်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ကွမ်းအုံ အမျိုးသား အပေါ်ပိုင်း အခြေခံအရောင်သည် အဖြူရောင်ဖြစ်ပြီး ခါးအောက်ပိုင်း အရောင်သည် ကြက်သွေးရောင်ဖြစ်ပါသည်။ ပခုံးလိုင်းရှိ အပြာ၊ အနီ၊ အဝါစင်းသည် မျိုးနွယ်စုတို့၏အရောင်ကိုအခြေခံထားပါသည်။အဖြူနှင့် ကြက်သွေးရောင်စပ်ထားသည့် ရင်လိုင်းသည် ဖားစည်တူရိယာ၌ ရှိသော စတုရန်းကွက်နှင့်အတုံးများကိုအခြေခံထားသည်။လိုင်းသဏ္ဍာန်များသည်ဖားစည်တူရိယာ၌ရှိသောလိုင်းပုံစံဖြစ်ပြီးလိုင်း‌ပေါ်တွင်တွေ့ရသောအခက်များသည် ဖားစည်တူရိယာ၌ ရှိသော ငါးဘဲရုပ်များကို ဖော်ညွှန်းထားပါသည်။ 

ကွမ်းအုံအမျိုးသမီး ခေတ်ဟောင်းဝတ်စုံ

ကွမ်းအုံအမျိုးသမီး၏ အခြေခံအရောင်သည် ကြက်မောက်ပန်း၏အရောင်၊ ကြက်သွေး ရောင်ဖြစ်သည်။ လိုင်းကြီး၊ လိုင်းသေးချိတ်လိုင်းများသည် ဖားစည်တူရိယာရှိ ကြိုးချိတ်လိုင်းကို ဖော်ညွှန်းထားပြီး ချိတ်လိုင်းကြီးရှိ ကန့်လန့်ရောင်စုံသည် တောတောင်၊ ရေမြေ၊ ကောင်းကင်၊ ကြက်မောက်ပန်း၏ အရောင်ဖြစ်သော ကြက်သွေးရောင်၊ အဖြူ၊ အဝါ၊ ပန်းရောင်၊ အစိမ်းနှင့် အပြာ‌ရောင်စသည့် အရောင်မျိုးစုံတို့ကို ဖော်ညွှန်းရက်လုပ်ထားပါသည်။ ကွမ်းအုံအမျိုးသမီး        ထဘီသည်  ကန့်လန့်ချိတ်တစ်ကြောင်း လိုင်းမွှာကြီး(၁၀)လိုင်း၊ လိုင်းသေး(၁၁)လိုင်း၊ ရောင်စုံချိတ် (၈)လိုင်း တို့ဖြင့် ရက်လုပ်ထားပါသည်။ ဂေဘားကွမ်းအုံ အမျိုးသမီးထမီကို အပေါ်အောက်ခွဲပြီး ဝတ်ဆင်ရပါသည်။ အထက်ဆင်ဘက်ရှိ အပေါ်ပိုင်းတွင် လိုင်းကြီး၊ လိုင်းသေး တစ်ကွက်ခြား(၄)လိုင်းရှိပြီး အောက်ခြေတွင် လိုင်းအမွှာကြီး (၁)လိုင်း၊ လိုင်းသေး(၂) လိုင်းတွင် အပြာရောင်လိုင်းသေးဖြင့် ရက်လုပ်ထားပါသည်။

၂၀၁၂ ခုနှစ်တွင် ကွမ်းအုံအမျိုးသမီးကို အခြေခံ၍ ပြည်သူအများ ဝတ်ဆင်နိုင်ရန် ကွမ်းအုံ ကွက်ကျဲထဘီကို လက်ရက်ကန်းဖြင့် အဆင်ဆန်းဖော်ထုတ်ခဲ့သည်။ 

ကမ်းနီအမျိုးသားဝတ်စုံ 

       လက်ရက်ကန်းအထည်သည် အပေါ်ပိုင်းအဖြူ၊ ခါးအောက်ပိုင်းသည် ကြက်သွေးရောင် ဖြစ်ပြီး နှစ်ရောင်စပ်ကြားတွင် ဖားစည်တွင်ရှိသည့် ရာဇမတ်ကွက်ဖြင့် ရက်ထားသည်။ ဒေါင်လိုက်လိုင်းတစ်ခြမ်းတွင် အပြာ(၂)လိုင်းကြားတွင် (၁)လက်မအကျယ်ရှိသော အနီ၊ အဝါ၊ အနီအစင်းလိုင်းများပါရှိသည်။ လည်ဝိုက်၊ လက်အပေါက်များကို ဖားစည်တွင်ရှိသည့် ကျစ်ကြိုး ပုံစံဖြင့် ကြက်သွေးနီနှင့် အဖြူစပ်ကျစ်ကြိုးဖြင့် အလှဆင်ထားသည်။ ဘယ်ဘက်ရင်ဘတ်ပေါ် တွင် ဖားစည်မျက်နှာပြင်ပုံနှင့် ညာဘက်ရင်ဘတ်တွင် ဗုံရှည်၊ ကျွဲချို၊ တွဲပလွေ သင်္ကေတများ တပ်ဆင်ထားသည်။ 

ကမ်းနီအမျိုးသမီးဝတ်စုံ

ကမ်းနီအမျိုးသမီး လက်ရက်ကန်းအထည်သည် အပေါ်ပိုင်းအဖြူ၊ ရင်အောက်ပိုင်းကို ပန်းရောင်နှင့် ကြက်သွေးရောင် ရက်ထားပြီး နှစ်ရောင်စပ်ကြားနှင့် အင်္ကျီ၏ အောက်ဘက်(၅) လက်မအကွာတွင် ဖားစည်တူရိယာရှိပန်းပွင့်နှင့် လိုင်းကြိုးများကို ကြက်မောက်ပန်း၏ အရောင်ဖြစ်သော ကြက်သွေးရောင်ဖြင့် အလှဆင်ရက်လုပ်ထားပါသည်။ အင်္ကျီ၏လည်ပင်း တွင်ရှိသော ကွပ်ကြိုးများသည် ဖားစည်တူရိယာ နှုတ်ခမ်းပတ်လည်၌ ကွပ်ထားသည့် လိုင်းကျစ်ကြိုးပုံစံ သင်္ကေတဖြင့် ရက်လုပ်ထားပါသည်။ ၁၉၆၉ ခုနှစ်တွင် ဆရာမမိုမိုစီစီးလီယာ (ပညာရေးငြိမ်း)က ထုတ်ဝေခဲ့သော ကမ်းနီထဘီကို ဆက်လက်ထုတ်လုပ်ခဲ့ပါသည်။ ဂေဘား ကမ်းနီထဘီ၏ အခြေခံအရောင်သည် ကြက်သွေးရောင်ဖြစ်ပါသည်။ ၎င်းကြက်သွေးရောင် ပေါ်တွင် တောတောင်၊ ရေမြေ ကောင်းကင်တို့၏ အရောင်နှင့် ပန်းရောင်၊ အစိမ်း‌ရောင်၊ အပြာ၊ အဖြူ၊အဝါ၊ အနီ၊ အပြာနုရောင် စသည်တို့ဖြင့် ပန်းတို့၏ အရောင်များကိုယူ၍ ချိတ်လိုင်း တစ်လိုင်းလျှင် နှစ်ရောင်အပေါ်အောက် တွဲထားပြီး ချိတ်လိုင်းကြားတွင်  အဖြူရောင်လိုင်းနှင့် ချိတ်လိုင်းအပေါ်အောက် ပိတ်ထားပါသည်။ 

     ထဘီတစ်ထည်တွင် ချိတ်လိုင်း(၃၀)လိုင်းရှိပါသည်။ အပေါ်အောက်ကို အဖြူ၊အပြာ၊ပန်းရောင်၊အပြာနု‌ရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ကြက်မောက်ပန်း၏အရောင် ကန့်လန့်လိုင်း(၆)လိုင်းရက်လုပ်ထားပါသည်။၂၀၁၆ခုနှစ်မှစ၍ဂေဘားကမ်းနီရိုးရာအထည်များကိုပွဲလမ်းသဘင်များတွင်ဝတ်ဆင်နိုင်ရန်ရွှေချည်ကြိုးများဖြင့် ထည့်သွင်းရက်လုပ်ခြင်း၊ အခြေခံ အရောင်မှ ရောင်စုံဝတ်နိုင်ရန် ကမ်းနီထမီကို ရောင်စုံထုတ်လုပ်ခဲ့ပါသည်။ လက်ရက်ကန်း ထည်ဖြင့် နှစ်နံစပ်ကိုလည်း ထုတ် လုပ်ခဲ့ပါသည်။

ခေါင်းပေါင်းပဝါ(ခူဘော်)

ခေါင်းပေါင်းပဝါ(ခူဘော်)ကိုရှေးယခင်ကပန်းရောင်ပဝါကိုခေါင်းပေါင်းအဖြစ်အသုံးပြုကြသည်။ ထို့နောက်အနားကွပ်တစ်ဖက်တစ်ချက်တွင်အဝါရောင်စင်း၊ အနက် ရောင်စင်း၊ အနီရောင်စင်း အစင်း(၃)စင်းဖြင့် အလှဆင်၍ပေါင်းကြသည်။ ပါဝင်သောသင်္ကေတများမှာ ခေါင်းပေါင်း၏ အလယ်ဗဟိုတွင် ဖားစည်မျက်နှာပြင် အစွန်းနားတွင်နေနှင့်ဗုံရှည်ကတစ်ဘက်၊လ၊ခုနစ်စင်ကြယ်နှင့် စပါးနှံတို့ကတစ်ဘက်ပါရှိသည်။ ခေါင်းပေါင်းမှ ာအကျယ်(၈)လက်မ (၂ခေါက်ချိုး) ၊ အရှည်(၄)ပေခွဲ ရက်လုပ်ပြီး အဖျားတွင်အမြိတ်ချထားပါသည်။ ခေါင်းပေါင်းကို သိုင်းကစားရာတွင်လည်းကောင်း ဓားသိုင်းကစားရာတွင်လည်းကောင်း၊ ခါးစည်းကြိုးအဖြစ် ချည် နှောင်၍ အသုံးပြုကြသည်။ နောက်ပိုင်းတွင် အမျိုးသားများအတွက် လွယ်ကူစွာ ပေါင်းနိုင်ရန်အသင့်ချုပ်ခေါင်းပေါင်းကို အသုံးပြုလာကြသည်။ ခေါင်းပေါင်းနည်းမှာ အမျိုးသားများသည် ညာဘက်တွင် ဆံမြိတ်ချထားပြီး ပေါင်းကြသည်။ အမျိုးသမီးများသည် ဦးခေါင်းအလယ်မှသိုင်း၍ ဂုတ်ပိုးအနောက်မှ ကြက်ချေစီးပြီး အရှေ့ရင်ညွန့်ဘက်သို့ ဆံမြိတ်ချ ထား၍ ပေါင်းကြသည်။