ဗုဒ္ဓဘာသာနှင့်နတ်ကိုးကွယ်သောကယားတိုင်းရင်းသားတို့သည်စိုက်ပျိုးရေးနှင့် ပတ်သက်၍ ကောက်ပင်ဖွံ့ဖြိုးရန်နှင့် လုပ်ငန်းများဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထမြောက်အောင်မြင်စေရေးအတွက် မိုးရေကိုပေးစွမ်းသော မိုးနတ်၊တောစောင့်နတ်၊ ချောင်း စောင့်နတ်နှင့် ယာစောင့်နတ်တို့ကိုပူဇော်ပသလေ့ရှိကြသည်။
ကယားတိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းက ခေတ်မီ သိပ္ပံနည်းများကိုအသုံးပြု၍ စိုက်ပျိုးနိုင်သူများ မဟုတ်ကြဘဲ ၄င်းတို့ ၏မိရိုးဖလာရိုးရာနည်းများကိုသာစိုက်ပျိုးကြသူများဖြစ်ခြင်းကြောင့် သဘာဝကပေးသည့် မိုးရေကိုအားကိုးပြီး ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။ သို့ဖြစ်ပါ၍ တောင်ယာမစိုက်ပျိုးမီ၊ စပါးမရိတ် သိမ်းမီနှင့် စပါးရိတ်သိမ်းပြီးချိန်တို့တွင် လုပ်ငန်းကိစ္စ အဝဝ အထမြောက်အောင်မြင်စေရေးအတွက် ကူညီစောင်မရန် ၄င်းတို့ မမြင်နိုင် သောတန်ခိုးရှင်များအား ပူဇော်ပသမှုပြုလုပ်ကြသည့် ပွဲများအနက် ကေ့ထိုးဘိုး (တံခွန်တိုင်ပွဲတော်) သည် ကယားအနွယ်ဝင်တို့၏ ရိုးရာ ကိုးကွယ်မှုမှပေါက်ပွားလာသည့်နတ်ပူဇော်ပသပွဲတစ်ခုဖြစ်ပါသည်။ အဆိုပါပွဲတော်ကို နှစ်စဉ်တန်ခူးလနှင့် ကဆုန်လတို့တွင် ကျင်းပလေ့ ရှိကြသည်။ ယင်းပွဲတော်သည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ပြောင်း သော နှစ်သစ်ကူးပွဲတော်လည်း ဖြစ်သည်။
ယင်းပွဲတော်ကျင်းပခြင်းအားဖြင့် မိုးလေဝသမှန်ကန်ပြီး ကောက်ပဲ သီးနှံများဖွံ့ဖြိုးအောင်မြင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် တံခွန်တိုင်ပွဲကို မိုးခေါ်ပွဲ(မိုးတပွဲ)ဟုခေါ်လျှင် မှားနိုင်မည်မဟုတ်ပေ။ တံခွန်တိုင်ပွဲတော်သည် ကယားတိုင်းရင်း သားတို့၏ အလွန်အရေးပါ အရာရောက်သောရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်ခြင်းကြောင့် ဘိုးဘွား အစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ပွဲတော်တစ်ရပ် ပင်ဖြစ်သည်။
တံခွန်တိုင်ပွဲတော် ကျင်းပခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းအမျိုးမျိုးလည်းရှိပါသည်။ထို့ကြောင့်ကယားတိုင်းရင်သားတို့အနေဖြင့် ရိုးရာဓလေ့ထုံးစံစည်းမျဉ်းများက ချမှတ်ထားသည့် စည်းကမ်းချက်များကိုတံခွန်တိုင်ပွဲတော်ကျင်းပ သည့်အခါတွင်တွေ့ရှိ ရပါသည်။အကယ်၍ တံခွန်တိုင်ပွဲတော်နှင့်သက်ဆိုင်သော သတ်မှတ် ထားသည့်စည်းကမ်းချက်တစ်စုံ တစ်ရာ ချွတ်ယွင်းချက်ရှိခဲ့သည်ရှိသော်မိမိတို့၏ ရပ်ရွာအိုးအိမ်များကိုစွန့်ခွါ၍ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရသည်အထိ စည်းကမ်းချက်ရှိသည်ကိုလည်း တွေ့ရှိရပါ သည်။
ထို့ကြောင့်ကယားတိုင်းရင်းသားတို့သည် တံခွန်တိုင်ပွဲတော် မကျင်းပခင်ကတည်းက လုပ်ဆောင်ဖွယ်ရှိသည့် ကိစ္စမှန်သမျှကို ရိုးရာဓလေ့ထုံးစံနှင့် ကိုက်ညီအောင် တံခွန်တိုင်အား ဦးစွာပြင်ဆင် လုပ်ကိုင်ကြရသည်။ ကနဦးပြင်ဆင်ရသည်မှာ ခေါင်ရည်များချက် ခြင်းဖြစ်သည်။ ခေါင်ရည်အဆင်သင့်ချက်ပြီးသောအခါ ရွာအတွင်း ၌ လူများအစုံအလင် ရှိမရှိကြည့်ပြီး လူစုံလင်စွာရှိသည့်နေ့တွင် တံခွန်တိုင်ထူရန်အတွက်သစ်ပင်ခုတ်ရမည့်နေ့ရက်ကိုကြက်ရိုးထိုး၍ရွေးချယ်လေ့ရှိကြသည်။ ကြက်ရိုး ဗေဒင်က ကောင်းမွန်သည်ဟု နိမိတ်ထွက်သောနေ့ရက်တွင် တံခွန်တိုင်သွားခုတ်ရန် ပြင်ဆင်ရ သည်။ တံခွန်တိုင်ခုတ်ရန်မသွားမီသစ်ပင်ကောင်းကောင်းကို ရွာရှိ လူများက ကြိုတင်၍ရှာထားရပြီးခုတ်မည့်သစ်ပင်ကို ရှာတွေ့ခဲ့သည် ရှိသော် ထိုအပင်သည်တံခွန်တိုင်လုပ်ရန် ကောင်းမကောင်းဆိုသည်ကိုကြက်ရိုးထိုး၍ကြည့်ရှု့ကြပြန်သည်။အကယ်၍ကောင်းလျှင်ယင်း အပင်ကိုခုတ် ရန်သတ်မှတ်၍ ပြန်လာခဲ့ကြသည်။ ယင်းသို့ သတ်မှတ် ထားသည့်အပင်သည် ရွာနှင့်နီးလျှင် နံနက် ၃ ချက်တီး အချိန်၊ ရွာနှင့် ဝေးလျှင် ၁ ချက်တီး အချိန်ခန့်မှ စတင်၍ တစ်အိမ်လျှင် အမျိုးသား တစ်ဦးစီ ရေဘူးကိုယ်စီဖြင့် သစ်ပင်ခုတ်ရန်ထွက်ခွာလေ့ ရှိကြသည်။ ထိုသို့သစ်ပင်ခုတ်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့် မရကြပေ။
တံခွန်တိုင်သစ်ပင်ခုတ်ရာ၌ သစ်ပင်ခုတ်အဖွဲ့တွင် အနည်းဆုံး လူ၅၀မှ၁၀၀အထိပါဝင်ပြီး အတီးအမှုတ်များဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် တပျော်တပါး သွားလေ့ရှိကြသည်။ တံခွန်တိုင်အတွက်အသုံးပြုရန် သစ်လုံးမှာရိုးရာအလိုက် တချို့က ကျွန်းပင်ကို အသုံးပြုကြပြီး တစ်ချို့က အင်ပင်ကိုရွေးချယ်ကြသည်။ သို့သော်ရွေးချယ်သည့် သစ်လုံးမှာ အပြစ်အနာဆာ ကင်းရှင်းရန် လိုအပ် သည်ဟုဆိုသည်။ နွယ် ပတ်သောသစ်ပင်၊ ကောက်ကွေ့သောသစ်ပင်၊ ပိုးထိုးသော သစ်ပင် တို့ကိုမူ တံခွန်တိုင်အဖြစ်ရွေးချယ်ခြင်း မပြုကြကြောင်းသိရ သည်။
သစ်ပင်ကိုရွေးချယ်ပြီးနောက် ပထမဦးစွာ တံခွန်တိုင်နတ် ဆရာက စတိသဘောမျိုးဖြင့် သစ်လုံးကို စတင်ခုတ်ရသည်။ ထို့နောက် လိုက်ပါလာသူများက ဝိုင်းဝန်းခုတ်ကြရသည်။ သစ်ပင်ကို ခုတ်လှဲ၍ တံခွန်တိုင်လုပ်ရန်အတွက် လိုသလောက်အတိုအရှည် တိုင်းထွာဖြတ် တောက်ကြပြီး သစ်လုံးကို နွယ်ကြိုးများ ဝါးလုံးများ ဖြင့် ချည်နှောင် ကာ ထမ်းပိုးလာကြရသည်။
ယင်းကဲ့သို့ တံခွန်တိုင်သယ်ယူရာတွင်လည်း မောင်းထု၍ သယ်ဆောင်လေ့ရှိသည်။ အကယ်၍တံခွန်တိုင်မှာ တောင်ပေါ်တွင်ရှိ နေပါက နွယ်ကိုကြိုးကျစ်သူကကျစ်ကာ ယင်းနွယ်ကြိုးများဖြင့် တောင်ခြေအရောက် ဆွဲယူချကြရပြီး သတ်မှတ်ထားသည့် စခန်းသို့ ရောက်ရှိသည့်တိုင်အောင် အထက်ပါအတိုင်းပင် ထမ်းပိုးသယ် ဆောင်ကြရသည်။ ထိုသို့သယ်ယူလာချိန်တွင် တံခွန်တိုင်နတ်ဆရာ က တံခွန်တိုင်သစ်လုံးပေါ်၌စီး၍လိုက်ရသည်။
ထို့နောက်ရပ်နားရန်သတ်မှတ်ထားသော စခန်းသို့ ရောက်ရှိ သည့်အခါတံခွန်တိုင်ကို မြေပေါ်သို့ခေတ္တချထားပြီး ၎င်းတို့နေအိမ် အသီးသီးမှ ချက်ပြုတ်၍ ယူဆောင်လာကြသော ထမင်းဟင်းများ ခေါင်ရည်များကို အသင့်စောင့်ကြိုနေသော အမျိုး သမီးများနှင့် အတူတကွ တပျော်တပါးကြီး စားသောက်ကြသည်။ အခြားရွာနီးချုပ်စပ် မှမိတ်ဆွေများကတံခွန်တိုင်ကိုဝင်ရောက် ကူညီထမ်းပိုးပေးကြသည့် အတွက် ထိုသူများကိုလည်း ထမင်းဟင်းများနှင့်ခေါင်ရည်များ ကို တိုက်ကျွေးကြရသည်။
ယင်းနောက်ရပ်နားသည့်စခန်းမှ တစ်ဖန်တံခွန်တိုင်ကို မိမိတို့ ရွာ၌ တံခွန်တိုင်စိုက်ထူရန် သတ်မှတ်ထားသော နေရာသို့ဆက်လက် ထမ်းပိုးသွားကြပြန်သည်။ တံခွန်တိုင်ပွဲတော်ကျင်းပသည့် နေရာများ ကိုများသောအားဖြင့် ရွာအဝင်ဝရှိ ကုန်းမြင့် သို့မဟုတ် ရွာထိပ်ကို ရွေးချယ်မှုပြုကြသည်။ တံခွန်တိုင်နယ်မြေများမှာ ကာရံထားခြင်း မရှိဘဲ တံခွန်တိုင်များပတ်လည်ဝိုင်း၍ စိုက်ထူထားခြင်း ဖြစ်သည်။ သီးသန့်ထားသည့်နေရာသို့ ရောက်သောအခါ တံခွန်တိုင်လုပ်မည့် သစ်လုံးကို ညင်သာစွာချကြရသည်။ထိုသို့ချရာ၌တံခွန်တိုင် ထိပ်ပိုင်း ကို ညင်သာစွာချကြရသည်။ ထိုသို့ချရာ၌ တံခွန်တိုင် ထိပ်ပိုင်းကို မြေကြီးနှင့်မထိစေရန် အထူးဂရုစိုက်ရသည့်အတိုင်း တိုင်ထိပ်ပိုင်းကို သစ်သားတုံးတစ်ခုပေါ်တွင် မြေမကျစေရန်တင်ထား၍ ထားကြခြင်း ဖြစ်သည်။
ထိုသို့ချထားပြီးသောအခါ ရွာတွင်အသင့်စောင့်နေကြသော အမျိုးသမီးကြီးငယ်များက ရေတကောင်းများတွင် သပြေပန်းများ စိုက်ကာယူလာကြပြီး သပြေခက်များဖြင့်အဆိုပါတိုင်ကို ပက်ဖြန်းကြရသည်။ ထို့နောက်တံခွန်တိုင်အသစ်နှင့် အဟောင်းတို့ကို ရေသွန်း လောင်းပေးကြပြီး အချင်းချင်းလည်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရေပက်ကစားကြသည်။ တံခွန်တိုင်မစိုက်မီ မြေပေါ်သို့ ချထားစဉ် ယင်းတံခွန်တိုင်အနီးသို့ အမျိုးသမီးများမကပ်ရချေ။ ခွေးများဖြတ် ကျော်မသွားစေရန်လည်း နေ့ရောညပါ စောင့်ရှောက် ကြရသည်။ အဖိုတိုင်ဖြစ်လျှင် ၂၅ ပေမှအများဆုံး ၄၅ ပေ အထိရှည်လျား၍ အမတိုင်မှာ ၁၂ ပေခန့် ရှည်လျားသည်ဟုသိ ရသည်။
ထိုရက်များအတွင်းကို ရှစ်မြှောင့် သို့မဟုတ် ခြောက်မြှောင့် ဖြစ်အောင် ပြုလုပ်ကြရသည်။ တံခွန်တိုင်တွင်တပ်ဆင်ရန်အတွက် လည်းထီး၊ကြက်လျှာနှင့်တံခွန်တိုင်များစသည်တို့ကို သုံးရက်အတွင်း အပြီး ရက်ကြရသည်။ ရွာရှိအိမ်တိုင်းမှ တစ်အိမ်လျှင် ချည်ငါးကျပ် သားခန့် ကောက်ခံပြီး ကြက်လျှာများကို ရှေးယခင်က အပျိုစစ် အမျိုးသမီးများက ရက်လုပ်ကြသည်။ ယခုခေတ်တွင်မူ မည်သည့် အမျိုးသမီးမဆို ရက်လုပ်နိုင်ကြသည်ဟုဆိုသည်။
တံခွန်တိုင်မစိုက်ထူမီ တစ်ရက်မှစ၍ ဝက်များကိုသတ် ဖြတ်ပြီး တံခွန်တိုင်စိုက်ထူပြီးသည့်နေ့ညအထိ ဧည့်သည်များအား ကျွေးမွေးဧည့်ခံကြသည်။ အိမ်တိုင်းစေ့တတ်အားသရွေ့ ဝက်များကို သတ်ကာ လာသမျှဧည့်သည်များကို ထမင်း၊ ဝက်သားဟင်းများဖြင့် ကျွေးမွေးကြ၍ ဆွေမျိုးသားချင်းမိတ်ဆွေများကိုလည်း ခေါင်ရည် အိုးငယ်တစ်အိုးစီနှင့် ဝက်သားအနည်းဆုံး သုံးတုံးစီပို့ပေးလေ့ ရှိကြသည်။
ထို့နောက် နောက်တစ်နေ့နံနက် ၆ နာရီတွင်တံခွန်တိုင်ကို စိုက် ထူကြသည်။ ထိုအချိန်တွင် အမျိုးသမီးများက တံခွန်တိုင်ကို ရေဘူး ထဲမှရေကိုသပြေခက်များဖြင့် ပက်ဖျန်း၍ရေသွန်းလောင်းကြသည်။ တံခွန်တိုင်ကိုဝိုင်း၍ ကသောအကတွင် အမျိုး သမီးများပါဝင် ဆင်နွှဲခြင်းမပြုရချေ။ ရေဗူးကိုယ်စီယူဆောင်လာကြသော တံခွန်တိုင်ပွဲကို ဘေးမှထိုင်ကြည့်နေကြသည့်ပရိ သတ် ကလည်းအချင်းချင်း ပက်ဖျန်း ကြသလိုတံခွန်တိုင်အသစ်နှင့်အဟောင်းတို့ကိုလည်းရေပက် ဖျန်းကြ သည်။
တံခွန်တိုင် ခုတ်လာသည့် နေ့ရက်မှစ၍ တံခွန်တိုင်ထူသည့် နေ့ရက်အထိ သုံးရက်တာကာလအတွင်း ကယားတိုင်းရင်း သားတို့သည် ရွာရှိတံခွန်တိုင်ထူသည့် အဆက်အနွယ်များ၏အိမ်တို့ကို အတီးအမှုတ်များတီးကာ လက်ယာရစ်လှည့်ပတ်ကြသည်။ နောက် တစ်နေ့နံနက်တွင်ရေနတ်စာကျွေး၍မိုးခေါ်ကြသည်။ ယောက်ျား လေးများက တစ်အိမ်တစ်ယောက်စီစုပြီး ခြုံစောင် အနီတစ်ထည်၊ ပေါက်ပေါက်၊သပြေရွက်၊ဝါးကြက်လျှာ၊စက္ကူကြက်လျှာ၊ ခေါင်ရည်၊ ငှက်ပျောသီးများယူဆောင်လာ၍ အတီးအမှုတ်များဖြင့် နတ် ပူဇော် ရန်ထွက်ကြသည်။ ငှက်ပျောသီး၊ ပေါက်ပေါက်၊ သပြေခက်၊ နှီးဖြင့် ထိုးထားသည့် ဝက်သားတုံး၊ ဝါးဘူးငယ်ဖြင့်ထည့်ထားသော ခေါင်ရည်တို့ကိုစိုက်ကာ နတ်စာကျွေးပြီးနောက် တံခွန်တိုင်ပွဲပြုလုပ်မှုကို အဆုံးသတ်ကြလေ့ရှိသည်။