ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယန်းတိုင်းရင်းသားတို့၏ လက်ထပ်ထိမ်းမြားခြင်း
Image

    ကယားပြည်နယ်တွင် ကယား၊ ဇယိမ်း၊ ကယန်း(ပဒေါင်)၊ ကဲ့ခို၊ ‌ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော် စသည့် တိုင်းရင်းသားမျိုးနွယ်စု(၉)မျိုးအပြင် ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ကရင်၊ လီဆူ၊ အင်းသား စသည့်တိုင်းရင်းသား စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခု ဖြစ်ပါသည်။ ကယားတိုင်းရင်းသားမျိုးနွယ်စုများတွင် မျိုးနွယ်စုအလိုက်ကိုယ်စီရိုးရာပွဲတော်များ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အသီးသီးရှိကြပါသည်။ ကယားတိုင်းရင်းသားမျိုးနွယ်စုများတွင်ရှိသော ရိုးရာယဉ် ကျေး မှု၊ ဓလေ့ထုံးတမ်းများစွာအနက် ကယန်းတိုင်းရင်းသားတို့၏ လက်ထပ်ထိမ်းမြားခြင်း အကြောင်းကို ဖေါ်ပြသွားမည်ဖြစ်ပါသည်။ 

အိမ်ထောင်ပြုခြင်း

ကယန်းလူမျိုးသည် အိမ်ထောင်ဘက်ရွေးချယ်ရာတွင် မိဘအုပ်ထိန်းသူများက ရွေးချယ်ပေးနိုင်သလို မိမိဆန္ဒအလျောက် ရွေးချယ်ခွင့်ရှိပါက ငြင်းပယ်ခွင့်ရှိပါသည်။ သားသမီးရွေးချယ်သူကို မိဘက အကြောင်းတစ်ခုခုကြောင့် မကြိုက်လျှင် ကန့်ကွက်နိုင်ခွင့်ရှိပါသည်။ သားသမီးတို့သည်အိမ်ထောင်မပြုမီမိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ကို ဦးစွာတောင်းခံလေ့ရှိပါသည်။ 

ကယန်းလူမျိုးတို့သည် လက်ထပ်ထိမ်းမြားနိုင်ရန် သတ်မှတ်ထားရှိသော အရည်အချင်း ကန့်သတ်ချက်များရှိပါသည်-

(၁) ရိုးရာဓလေ့အရ အမျိုးသားဖြစ်သူသည် အသက်(၂၅)နှစ်ပြည့်ရမည်။ ဤအရွယ်သည် လယ်ထွန်ခြင်း၊ တောင်ယာခုတ်ခြင်း၊ တောင်း၊ ပုလိုင်းအစရှိသော                          အိမ်ထောင်သည်တစ်ဦး တတ်အပ်သော အလုပ်အကိုင်များ တတ်မြောက်ပြီးဖြစ်၍ လက်ထပ်ခွင့်ပြုခြင်းဖြစ်သည်။ 

(၂)  အမျိုးသမီးဖြစ်သူမှာ အသက်(၂၀)နှစ်ပြည့်ရမည်။ ထိုအရွယ်တွင် အမျိုးသမီးသည် ဂျပ်ခုတ်ခြင်း၊ အိုးလုပ်ခြင်း၊ ချည်ငင်ခြင်း၊ ရေခပ်အစရှိသော အိမ်ထောင်                     ရှင်မတစ်ဦး၏ အလုပ် များတတ်မြောက်ပြီးဖြစ်၍ လက်ထပ်ခွင့်ပြုပါသည်။ 

အမျိုးတော်စပ်ပုံတွက်ချက်မှု 

       စေ့စပ်ကြောင်းလမ်းမပြုမီ ပထမဦးစွာအမျိုးသားနှင့်အမျိုးသမီးတို့သည် မည်သို့တော်စပ် ပုံကို စစ်ဆေးတွက်ချက်ရပါသည်။ အမျိုးတော်စပ်ပုံမှာ(ဆွီးဒွမ်း)ခေါ်  အမျိုးညီမျှခြင်း၊ (ဆွီးဘောင်း)  ခေါ် အမျိုးမညီမျှခြင်း၊ (ဆွီးခွက်) ခေါ် စက်ဝိုင်းပတ်လည် ဆွေမျိုးတော်စပ်ခြင်းတို့ဖြစ်ပါသည်။ 

ဆွီးဒွမ်း ခေါ် အမျိုးညီမျှခြင်းဆိုသည်မှာ တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ၊ အဖိုးနှင့် မြေးတော်စပ်ပုံ ဖြစ်ပါသည်။ ဤတော်စပ်ပုံကို အမျိုးညီမျှသည်ဟုဆို၍ လက်ထပ် ထိမ်း မြားခွင့်ရှိပါသည်။ အဖွားနှင့် မြေးလေးတော်စပ်မှုတွင် လက်ထပ်ခွင့်မပြုရခြင်းမှာ ကမ္ဘာမြေရေလွှမ်းမိုးသွားစဉ် အသက်ရှင်ကျန်ရစ်ခဲ့သော အဖွားနှင့်မြေးလေးတို့ ပေါင်း သင်းခြင်းမပြုနိုင်သဖြင့် တားမြစ်ခြင်း ဖြစ်ပါသည်။ 

ဆွီးခွက်ခေါ် စက်ဝိုင်းပတ်လည်တော်စပ်ပုံမှာ မောင်(က)၏ သားသမီးကို မောင်(ခ)၏ သားသမီးနှင့် လက်ထပ်ထားသည်။ မောင်(ခ)၏ သားသမီးများသည် မောင် (ဂ) ၏သားသမီးနှင့် လက်ထပ်ထားသည်။ မောင်(က)၏ သားသမီးများသည် မောင်(ဂ)၏ သားသမီးများနှင့် လက်ထပ်ခွင့်မပြုပါ။ ဤစနစ်ကို(၃)ပွင့်ဆိုင်စနစ် (သို့မဟုတ်) ဖိုခနောက်စနစ် ဟုခေါ်သည်။ 

တစ်ဖန် မောင်(ဂ)၏ သားသမီးက မောင်(ည)၏ သားသမီးနှင့် လက်ထပ်လျင် မောင်(က)၏ သားသမီးများသည် မောင်(ည) ၏သားသမီးများနှင့် လက်ထပ်ခွင့်မပြုပါ။ ဤစနစ်ကို (၄)ပွင့်ဆိုင်စနစ်(သို့မဟုတ်) စက်ဝိုင်းပတ်လည်စနစ်ဟုခေါ်သည်။ (၃)ပွင့်ဆိုင် (သို့မဟုတ်) ဖိုခနောက်စနစ်နှင့် (၄) ပွင့်ဆိုင်စနစ်(သို့မဟုတ်) စက်ဝိုင်းပတ်လည်စနစ်ကို ရှောင်ကြသည်။ တစ်နည်းအားဖြင့် ဆွေမျိုး(၂)ထပ် မတော်စပ်စေခြင်းဖြစ်ပါသည်။ 

အမျိုးတော်စပ်မှုတွက်ချက်ရာတွင် အမျိုးညီခြင်းအဆင့်တွင်ရှိလျှင် လက်ထပ်ခွင့်ပြုပြီး (၃) ပွင့် (သို့မဟုတ်) ဖိုခနောက်စနစ်၊ (၄) ပွင့်ဆိုင် (သို့မဟုတ်) စက်ဝိုင်းပတ် လည်စနစ်တို့သည် အမျိုးမညီမျှခြင်းဟု သတ်မှတ်၍ လက်ထပ်ခွင့်မပြုပါ။ ဤရှောင်ကြဉ်ရမည့်စနစ်ကို ကျူးလွန် ပါက ရပ်ရွာကို ဘေးဖြစ်စေတတ်သည်ဟု ယုံကြည်ကြ ၍ ရွာမှ နှင်ထုတ်ခြင်းကို ခံရပါသည်။ 

လက်ထပ်ထိမ်းမြားခွင့်မပြုသော အခြားစနစ်မှာ ဆွေ(၇)ဆက် လက်မထပ်ဟု ကြိမ်ဆို ထားသော အမျိုးထဲမှဖြစ်လျှင် လက်ထပ်ခွင့်မပြုပါ။ ဇနီးသည်သေဆုံးလျှင် ဇနီး၏ညီမ (ခယ်မ) ကိုလက်ထပ်ခွင့်မပြုပါ။ အစ်ကိုသေဆုံးလျှင် ညီက အစ်ကို၏ဇနီးကို လက်ထပ်ခွင့် ပြုသည်။

စေ့စပ်ကြောင်းလမ်းခြင်း

အမျိုးသားနှင့် အမျိုးသမီးတို့(၂)ဦး၏ အမျိုးတော်စပ်ပုံကို တွက်ချက်ရာ၌ အမျိုးညီခြင်း အဆင့်တွင်ရှိပါက စေ့စပ်ကြောင်းလမ်းကို ပြုလုပ်ကြသည်။ ထိုနေ့တွင် လက်ထပ်ထိမ်းမြား မှုအတွက် ပွဲကျင်းပမည့်နေ့ရက်ကို သတ်မှတ်ပြီးလျှင် အမျိုးသား၊ အမျိုးသမီးအား လက်ဆောင် ပေးခြင်း၊ အမျိုးသမီး၏ မိဘသို့ပေးရမည့် ငွေကြေးပစ္စည်းများ၊ အမျိုးသမီး၏ မိဘနေအိမ်တွင် ကျင်းပမည့် လက်ထပ်ပွဲအတွက် ကုန်ကျစရိတ်များ၊ အခြားဆွေမျိုးတော်စပ်သူများအား ပေးရမည့်ငွေကြေးနှင့် ပစ္စည်းများကို ဆွေမျိုးအချင်းချင်း ညှိနှိုင်းဆောင်ရွက်ကြသည်။ လက်ဆောင်တောင်းခံမှုတွင် အမျိုးသမီးက အများအပြားတောင်းခံတတ်သည်။ ဤသို့ တောင်းခံခြင်းမှာ အမျိုးသားဘက်မှ မချိုးဖောက်ရန် ကတိမပျက်စေရန် အာမခံကြေးအဖြစ် တောင်းခံခြင်းဖြစ်ပါသည်။  စေ့စပ်ကြောင်းလမ်းပြုလုပ်သည့်နေ့တွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ဘက်စလုံးတို့မှ ကြက်ဖတစ်ကောင်ကို ဟင်းလျာအဖြစ် ချက်ပြုတ်ပြီး ကြွရောက်လာကြသော နှစ်ဖက်လူကြီးတို့ကို ဧည့်ခံကျွေးမွေးရပါသည်။

လက်ထပ်ထိမ်းမြားမင်္ဂလာ

၅။ ထိမ်းမြားမင်္ဂလာအခမ်းအနားကျင်းပရန် သတ်မှတ်ထားသောရက်တွင် နံနက်စောစော၌ ဝက်တစ်ကောင်ကို သတ်ပြီးလျှင် ဝက်သည်းခြေကိုကြည့်၍ ဇနီးမောင်နှံ၏ အနာဂတ်ဘဝ အတွက် ဗေဒင်ကြည့်ကြသည်။ ဤဝက်ကို နှစ်ဖက်သောမိဘဆွေမျိုးများသာ စားနိုင်သည်။ သတို့သားနှင့် သတို့သမီးမစားရပါ။ ယင်းတို့အတွက် ကြက်တစ်ကောင်ကို သီးခြားသတ်ပြီး ကျွေးမွေးရပါသည်။

ထိမ်းမြားမင်္ဂလာအခမ်းအနားကျင်းပသည့်နေ့တွင် အမျိုးသား၏ နေအိမ်နှင့် အမျိုးသမီး၏ နေအိမ်တို့တွင် နှစ်ဖက်သော ဆွေမျိုးများနှင့် ဖိတ်ကြားထားသော ဧည့်သည်များကို ထမင်း၊ ဟင်းလျာနှင့်ခေါင်ရည်ဖြင့် ဧည့်ခံကျွေးမွေးရပါသည်။ညမိုးချုပ်အချိန်ရောက်သောအခါ အမျိုးသားနှင့် လူပျိုရံများ ဖိတ်ကြားထားသူများတို့က အမျိုးသမီးအိမ်သို့ သွား‌ရောက်ကြ၍ သတို့သမီးကို သွားရောက်ဖိတ်ခေါ်ကြပါသည်။ အမျိုးသမီးနှင့် အတူအပျိုရံများ မိဘဆွေမျိုးများတို့က အမျိုးသားအိမ်သို့ လိုက်ပါပို့ဆောင်ကြပါသည်။၊ အမျိုးသား၏ အိမ်တွင် မိဘဆွေမျိုးတို့က လိုက်လျောပျူငှာစွာဖြင့် စားကောင်းသောက်ဖွယ် တို့ဖြင့် ဧည့်ခံရပါသည်။

အတည်ပြုချက်များ

၆။ သတို့သမီးနှင့် မိဘဆွေမျိုးများသည် သတို့သားအိမ်၌ ရောက်လာကြသောအခါ သတို့သားမှ ခေါင်ရည်ဖြင့်ပထမဦးစွာ ဧည့်ခံရပါသည်။ ထို့နောက် သတို့သမီးက နှစ်ဖက်သော မိဘဆွေမျိုး များကို ခေါင်ရည်ဖြင့် ဧည့်ခံရပါသည်။ ဤမင်္ဂလာခေါင်ရည်ကို သောက်သုံးကြပြီးနောက် သတို့သားနှင့် သတို့သမီးတို့၏ မင်္ဂလာကိစ္စကို ဆွေးနွေးအတည်ပြုကြပါသည်။

(၁) အောင်သွယ်ပြုလုပ်သူများအား သတို့သားဘက်မှ ငွေဒင်္ဂါးတစ်ကျပ်နှင့် သတို့သမီး  ဘက်မှ ငွေဒင်္ဂါးတစ်ကျပ် ပေးဆောင်ရပါသည်။

(၂) သတို့သားမှ သတို့သမီးကိုယ်ဖိုးအတွက် ငွေဒင်္ဂါးငါးကျပ်မှ တစ်ရာကျပ်အထိ ပေး ဆောင်ရသည်။ သတို့သမီးကိုယ်ဖိုးမှာ သတို့သား၏ ဆင်းရဲ၊ ချမ်းသာမှုအပေါ်မူတည်ပြီး သင့်လျော်သလို သတ်မှတ်လေ့ရှိသည်။

(၃) သတို့သားမှ သတို့သမီး၏ မိခင်နို့ဖိုးအတွက် ငွေဒင်္ဂါးသုံးဆယ်ကျပ်မှ ငါးဆယ် ကျပ်အထိ၊ သင်ဖြူးဖျာနှင့် တောင်တစ်ထွာ (၈)ချပ်၊ ဒေသစောင်(၃)ထည်၊ စီရင်အတည် ပြုပေးသူအတွက် သင်ဖြူးဖျာ(၁)ချပ်နှင့် ငွေဒင်္ဂါးတစ်ကျပ်ကို ပေးဆောင်ရပါသည်။ မိခင်နို့ဖိုးအတွက် ငွေကြေးကို သတို့သမီး၏ မိဘတို့ကယူပြီး သတို့သမီးကို သတို့သားနှင့် ယင်း၏ ဆွေမျိုးတို့က ပိုင်သည်။

ထိုငွေကြေးနှင့်ပစ္စည်းများကို ပေးဆောင်ကြပြီးနောက် အောက်ပါတို့ကို ကတိပြုရသည်-

(၁) သတို့သမီး၏ မိဘတို့က သမီးကို အပြီးအပိုင်အပ်ကြောင်းဝန်ခံရသည်။

(၂) သတို့သား၏ မိဘတို့က ထိုနေ့မှစ၍ သတို့သမီးကို ပိုင်ဆိုင်ကြောင်းဝန်ခံရပါသည်။

ဤကဲ့သို့ နှစ်ဦးနှစ်ဖက်ဝန်ခံကြောင်းကို ဂုဏ်သ‌ရေရှိ လူကြီးတစ်ဦးအား သက်သေထူ၍ အကောင်းဆုံးခေါင်ရည်တစ်ခွက်နှင့် ငွေဒင်္ဂါးတစ်ကျပ်ကို ပေးဆောင်ပြီး ထိုလူကြီးမှ လက်ထပ် မင်္ဂလာအတွက် အတည်ပြုဆောင်ရွက်ရပါသည်။ သက်ဆိုင်ရာ သတို့သားနှင့် သတို့သမီးတို့အား ဇနီးမောင်နှံအဖြစ် ဆွေမျိုးတို့က အသိအမှတ်ပြုကြောင်းမြွက်ဆိုရသည်။ အိမ်ထောင်အသစ် အတွက် ကောင်းချီးမင်္ဂလာပေးပြီး လက်ထပ်မင်္ဂလာကိစ္စကို ပြီးဆုံးခြင်းသို့ရောက်စေသည်။

အထက်ပါဖော်ပြပါ အချက်အလက်များကို အတည်ပြုပြီးနောက် သတို့သားနှင့် သတို့သမီး တို့၏ နောင်အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးဆုံးဖြတ်ချက်ချမှတ်ကြသည်-

(၁) သတို့သားသည် သတို့သမီးကို ချစ်ကြိုက်ခြင်းမရှိကြောင်းကို ရိုးသားစွာကွာရှင်း လိုပါက ငွေဒင်္ဂါး(၁၂)ကျပ်ကိုပေးဆောင်ရမည်။ 

(၂) သတို့သမီးက သတို့သားကို မချစ်မကြိုက်ပါက ငွေဒင်္ဂါး(၆၀)ကျပ်ကိုပေးရမည်။ 

(၃) အကယ်၍ သတို့သားသည် စေ့စပ်ကြောင်းလမ်းပြုလုပ်ပြီးမှ အခြားအမျိုးသမီးတစ်ဦးဦးနှင့် ကျူးလွန်ပြစ်မှားခဲ့သော် အမျိုးသမီးအားဖားစည်တစ်လုံး၊ ငွေဒင်္ဂါး (၂၀) ကျပ်ပေး ဆောင်ရပါမည်။ သတို့သမီးက စေ့စပ်ကြောင်းလမ်း ပြုလုပ်ပြီးနောက် အခြားအမျိုးသား တစ်ဦးဦးနှင့် ကျူးလွန်ပါက ဖားစည်တစ်လုံး၊ ငွေဒင်္ဂါး(၁၀၀) ကျပ်၊ လူကြီးကို ကျော်ရှင်းသည့် အတွက် ငွေဒင်္ဂါး(၂၀)ကျပ်ပေးဆောင်ရမည်။ 

(၄)သတို့သားသည် စေ့စပ်ကြောင်းလမ်းမတိုင်မီက အခြားအမျိုးသမီးတစ်ဦးဦး ကျူးလွန် ခဲ့သော် အမျိုးသမီးကဆက်၍ အိမ်ထောင်ပြုလျှင် အမျိုးသမီးအား ငွေဒင်္ဂါး (၄၀)ကျပ်ပေးဆောင် ရပါမည်။ အကယ်၍ သတို့သမီးက စေ့စပ်ကြောင်းလမ်းမတိုင်မီ အခြားအမျိုးသား တစ်ဦးဦးကို ကျူးလွန်ခဲ့သော် အမျိုးသမီးက ငွေဒင်္ဂါး (၄၀)ကျပ် ပေးဆောင်ရမည်။ 

     ကယန်းလူမျိုးတို့၏ ဓလေ့အရ လက်ထပ်ထိမ်းမြားမှု ပြီးဆုံးလျှင် သတို့သမီးသည် သတို့သား၏အိမ်သို့ သွား‌ရောက်ပြီး သတို့သား၏ ဆွေမျိုးမိသားစုဝင်အဖြစ် အပြီး အပိုင် သွား‌ရောက်နေထိုင်ရပါသည်။