ကယား ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကယားလူမျိုးတို့၏ဖားစည်အကြောင်း
Image

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို ရာသီပွဲတော်များ၊ ရိုးရာတူရိယာများ တီးမှုတ်ခြင်းဖြင့် အသီးသီး တီးမှုတ်လေ့ရှိကြပါသည်။ ထို့အတူ ကယားပြည်နယ်ရှိ ကယားတိုင်းရင်းသားလူမျိုးများ သည်လည်း ကိုယ်ပိုင်ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ နေ့ထူး၊ နေ့မြတ်၊ ပွဲတော်ရက်များလည်းရှိကြပါသည်။ ကယားပြည်နယ်ရှိ ကယားတိုင်းရင်း သား မျိုးနွယ်စု များ၏ တေးသီချင်းသီဆိုရာ၌လည်းကောင်း၊ ရိုးရာအကများ ကခုန်ရာ၌လည်းကောင်း၊ အသုံးပြုသော တူရိယာပစ္စည်းများထဲမှ ဖားစည်တူရိယာအကြောင်း ဖြစ်ပေါ်လာပုံများနှင့် အသုံးပြုပုံများကို တင်ပြသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဖားစည်တူရိယာပစ္စည်း အဖြစ် အသုံးပြုသော မျိုးနွယ်စုများအနက် ကယားတိုင်းရင်းသား မျိုးနွယ်စုတို့လည်း အပါအဝင်ဖြစ်ပါသည်။

ကလူခေါ် ကြေးစည် ကို အသုံးပြုရန်မှာ လူစုရန် လူခေါ်ရန်ဖြစ်စေ၊ အ‌ရေးပေါ်ကိစ္စ ပေါ်ပေါက်လာသည် ဖြစ်စေ၊ စစ်ချီတက်ရာတွင်ဖြစ်စေ၊ ပွဲလမ်းသဘင်ကျင်းပ သည်ဖြစ်စေ အသုံးပြုကြပါသည်။

မူလအစ၌ စည်မျက်နှာပြင်တွင် ဖား၊ ငါး၊ ခရု၊ ပန်းနွယ်ပန်းခက်များ မပါရှိပါ၊ ဗလာဖြစ်သည်။ ကယား မျိုးနွယ်စုများ ပြောင်း‌ရွှေ့လာရာ ဒေသတိုင်းတွင် ယင်းစည်ကို ကိုယ်နှင့်မကွာ အမြဲယူဆောင်သွားလေ့ရှိသည်။ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပြီးနောက် ငွေတောင်ပြည်၌ ကြေးစည်များကို ဆက်လက်သွန်း‌လောင်း ခဲ့ကြပြီး စည်ပုံစံကိုအသစ်ထွင်၍ သွန်းလောင်း ခဲ့ကြသည်။

     (၁၃)ရာစုက သွန်း‌‌လောင်းထားသောကြေးစည်၏မျက်နှာပြင်တွင် ဖားတစ်ကောင်စီနှင့် ကြယ်ငါးလက်ပါရှိသည်။ (၁၈)ရာစုတွင် သွန်း‌လောင်းထားသော စည်၏ မျက် နှာပြင်အမြှောက်လက္ခဏာပုံ၊ ထောင့်လေးထောင့်တွင် ဖားနှစ်ကောင်၊ ဖားသုံးကောင်ပါရှိပြီး ဗဟိုကြယ်အလက် ခြောက်လက်မှ ရှစ်လက်အထိပါရှိသည်။ စည် မျက် နှာပြင် မှာတစ်ပေမှ နှစ်ပေအထိရှိသည်။ ကိုယ်ထည်ကို တစ်ပေမှ နှစ်ပေခွဲအထိအရှည်ထားရှိသည်။ လှပတင့်တယ်မှုရှိစေရန် စည်မျက်နှာပြင်၌ ရစ်ဖောင်းကြွများ၊ ငါးရုပ်၊ ခရုရုပ်၊ ပန်းနွယ်ပန်းခက်များ၊ နေဝန်းသဏ္ဍန် (သို့မဟုတ်) ကြယ်ပုံသဏ္ဍာန် ပုံများကို ပြုလုပ်ထားရှိသည်။ ကိုယ်ထည်ပေါ်၌လည်း ဆင်ရုပ်၊ ခရုရုပ်များကို တန်းစီ၍ သွန်းလုပ်ထားသည်။ ဖားစည်ကို ကြေးနီ၊ သွပ်၊ ခဲမဖြူ၊ ဘော်နှင့် ရွှေ စသည့် ဝတ္ထု (၅) မျိုးဖြင့် သွန်းလုပ်ထားသည်။

    ကယားမျိုးနွယ်စုတွင် ဖားစည်အမျိုးပေါင်းအများ အပြားရှိသော်လည်း ၎င်းအနက် အထူးခြားဆုံးမှာ သံစဉ် (၇)သံပါရှိသော (ကလူသူးရှီး)ခေါ် ဖားစည်(၇)လုံးနှင့် သံစဉ် (၅)သံပါရှိသော (ကလူဆိုး) ခေါ် ဖားစည်(၅)လုံးတို့ဖြစ်သည်။ ဖားစည်(၂)မျိုးအနက် သံစဉ်(၅)သံပါရှိသော ကလူဆိုးကို ကယားတိုင်းရင်းသားတို့က ရိုးရာတေး သီချင်းများနှင့် တွဲဖက်၍တီးခတ်သော တူရိယာအဖြစ် အသုံးပြုကြပါသည်။

    မူလသံစဉ် (၇) သံရှိသော်လည်း အကြီးဆုံးဖားစည် (၁)လုံး ပျောက်ဆုံးသွားပြီး အငယ်ဆုံးဖားစည်မှာ အစ်ကိုကြီး ကရင်ကို အမွေပေးလိုက်ရ၍ သံစဉ် (၅) သံ ပါရှိသော ဖားစည်သာ မိမိလက်ဝယ် ကျန်ရှိသည်ဟု အဆိုရှိ၏။  အဆိုပါ ပျောက်ဆုံးသွားသော အသံ(၂)သံကို ကေ့ထိုးဘိုး ပွဲတော်တွင် တီးခတ်သော ‌မောင်းကြီး၌ လည်းကောင်း၊ ဖားစည်အကြီးဆုံးနှင့် အငယ်ဆုံးအသံကို တီးတူ ခေါ် ဝါးဂီတတွင်လည်းကောင်း၊ တွဲပုလွေတွင် လည်းကောင်း ထိန်းထားသည်။ ကယားမျိုးနွယ်စုများ သည် ဖားစည် အသံကို အခြေခံ၍ ဗုံ၊ မောင်း၊ ပုလွေများကို တီထွင် အသုံးပြုထားရှိသည်။

    ကယားမျိုးနွယ်စုတို့သည် ဖားစည်ကို အိမ်သစ်တက်ပွဲ၌တီးခတ်၍ အမျိုးသား၊ အမျိုးသမီးများ လက်တွဲကာ တေးသံစုံဖြင့် အချီအချ ညလုံးပေါက် သီဆိုကခုန်လေ့ရှိ ကြသည်။ စည်များကိုမတီးခတ်မီ ခေါင်ရည်ဖြင့် ဖြန်းပက် ပူဇော်ပေးထားသည်။

    ဖားစည်တွင် မင်္ဂလာစည်နှင့် အမင်္ဂလာဖားစည် ဟူ၍ (၂)မျိုးရှိသည်။ မင်္ဂလာဖားစည်ကို မင်္ဂလာရှိသော အခမ်းအနားများတွင် တီးခတ်ပြီး၊ အမင်္ဂလာ ဖားစည်ကို အသုဘအခမ်းအနားတွင် တီးခတ်ကြသည်။ မင်္ဂလာ ဖားစည်ကိုအိမ်တက်ပွဲ၊ ရှေးအခါကစစ်ချီရာတွင် အချက်ပေး ရန်အတွက် တီးခတ်ခြင်း၊ တီးခတ်ပုံအမျိုးမျိုးရှိသည်။ ဖားစည်တီးခတ်သံကို နားဆင်ပြီး အဓိပ္ပာယ်ကောက်ယူ ရပါသည်။

   မင်္ဂလာဖားစည်တွင် ဖားရုပ်များသည် လက်ဝဲ ရစ်ဖြင့် ရှေ့ဆင့် နောက်ဆင့် တစ်ဘက်တည်းလှည့်  ထားသည်။ အမင်္ဂလာဖားစည်မှာ ဖားရုပ်ကိုတစ်ကောင် နှင့်တစ်ကောင် မျက်နှာချင်းဆိုင်လှည့်ထားသည်။

ဖားစည်အမျိုးအမည်

ကယားမျိုးနွယ်စုများ၏ အဆိုအရ ဖားစည် (၇)မျိုးရှိသည်။ ယင်းတို့မှာ

(၁) ကော်နီယို

(၂) ကလူသီးလုံ

(၃) ကလူဆထန်

(၄) ကလူမီဖိုး

(၅) ကလူသိုက်ထောက်

(၆) ကလူတုတ်ဖော့

(၇) ကလူလွမ် တို့ဖြစ်သည်။

  ကယားမျိုးနွယ်စုတို့သည် ဖားစည်ကိုတီးပြီး လိုရာကိုတမ်းတလျှင် ရနိုင်သည်ဟု ယုံကြည်ကြပါသည်။ ဖားစည်ကိုတီးလျှင်မိုးရွာစေခြင်း၊  ဘေးရောဂါကိုဟန့်တား နိုင်စေခြင်း၊ ကျန်းမာစေခြင်းအပြင် ရန်စွယ်များကင်းရှင်း စေသည်ဟုဆိုသည်။

ကယားမျိုးနွယ်စုတို့သည် ဖားအော်မိုးရွာ၊ မိုးရွာမှ ရေကြီး၊ ရေကြီးမှ ငါးမော့ဟုဆိုသော စကားအရ  လယ်ယာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းသူများ ဖြစ်ကြသည့် အတိုင်း ရေရရှိရန် တမ်းတပြီး ဖားစည်တီးခတ်ခြင်းကို အခြေခံသဖြင့် ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားရုပ်များ ထည့်ထားပါသည်။

ဖားစည်ကို အရွယ်အစားအမျိုးမျိုး၊ သတ္ထုအမျိုး အစား အမျိုးမျိုးတို့ဖြင့် ပြုလုပ်ကြသည်။ ဖားစည်ကို လူမျိုး တစ်မျိုး၏ အမျိုးသားလက္ခဏာဆောင်သည့် ပစ္စည်းတစ်ခု အဖြစ် သိမ်းဆည်းထား၍ အထွတ်အမြတ်ထားကြသည်။