ရှေးခေတ်လူမျိုးများသည် ဝမ်းစာအတွက်ခြေဦး တည်ရာအရပ်သို့ လှည့်လည်သွားကာ စီးပွားရှာကြလေ သည်။ ထို့နောက်အိုးအိမ် အတည်တကျ ထူထောင်၍ တစ်နေရာတည်းတွင် အခြေစိုက်ကာ နေလာကြသည်။ ယင်းသို့ အခြေစိုက်ကြခြင်းမှာ မြေဆီလွှာကို ခြစ်ယက်တူးဆွလျက် အသီးအနှံပင်များ စိုက်ပျိုးခြင်းအားဖြင့် စားဝတ် နေရေး ဖူလုံနိုင်သည်ဟူသော အသိဉာဏ် ပွင့်လင်းလာခြင်းကြောင့်ပင် ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းကို စတင်ဆောင်ရွက်ကြသည့်အခါ လူတို့သည် ယခင်ကကဲ့သို့ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာ မနေကြတော့ဘဲ တစ်နေရာတည်းတွင် အတည်တကျ အခြေစိုက်ကာ ကိုယ်ပိုင်စိုက်ခင်းမြေများ စိုက်ပျိုးလာကြသည်။
ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်မြေကိုယ့်ယာနှင့် အခြေတကျ ဖြစ်လာသောအခါတွင် လူသားအချင်းချင်း ရင်းနှှီးစွာ ပေါင်းသင်း ဆက်ဆံနိုင်ခြင်း၊ စိုက်ပျိုးရေးကို အခြေပြု၍ အလုပ်အကိုင်များခွဲဝေမှု ပေါ်ပေါက်လာခြင်း အစရှိသည့် လူမှုရေးရာတို့ ထွန်းကားပေါ်ပေါက်လာလေသည်။ ထိုသို့ဖြင့် လူ့ယဉ်ကျေးမှု အဆင့်အတန်းသည်လည်း တဖြည်းဖြည်း တိုးတက်လာလေသည်။ မူလသုံးစွဲသော တုတ်ချွန်၊ စူးချွန်များ အစား ထွန်သွားတို့ဖြင့်မြေကြီးကို ထွန်ယက်စိုက်ပျိုးလာကြ သည်။ သီးနှံများကိုလည်း တစ်မျိုးပြီးတစ်မျိုး ဖြည့်စွက် စိုက်ပျိုးလာကြသည်။ တိရိစ္ဆာန်ရိုင်းများကိုလည်း ယဉ်ပါးအောင် မွေးမြူလျက် နေထိုင်စားသောက်ရေးနှင့် လယ်ယာလုပ်ငန်းခွင် အတွက် အထောက်အပံ့ ဖြစ်စေရန် အသုံးချလာကြသည်။
ကယောတိုင်းရင်းသားလူမျိုးစုတို့သည် ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေအနိမ့်ဆုံး(၂၀၀၀)မှ အမြင့်ဆုံး (၈၀၀၀) အတွင်းရှိ ဒေသများတွင် နေထိုင်ကြပါသည်။ မြေပြန့်ဒေသ နည်းပါးပြီး လျှိုမြောင်တောင်ကြားတွင် လှေခါးထစ် စိုက်ခင်းများ ပြုလုပ်စိုက်ပျိုးကြပါသည်။ တစ်နှစ်လျှင် ဘတစ်ကြိမ် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း၍ တောင်ယာစိုက်ပျိုးကြပါသည်။ စပါးအပြင် အခြားသီးနှံများ ဖြစ်သော ပဲမျိုးစုံ၊ ပိန်းဥ၊ မြောက်ဥ၊ ဘူး၊ ဖရုံ၊ သခွား၊ ပြောင်းဖူး၊ နှံစားပြောင်း၊ လူး၊ ဆပ်၊ ဂျင်းတို့ကိုလည်း စိုက်ပျိုးကြပါသည်။ ကရင်ပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ် မြောက်ပိုင်း ဒေသတို့တွင် အနှစ်(၅၀)တစ်ကြိမ် ကြွက်ထလေ့ရှိ ကြောင်း လေ့လာတွေ့ရှိရ ပါသည်။ခရစ်ယာန်သာသနာပြုများ ရောက်ရှိလာချိန်မှစ၍ ဉယျာဉ်သီးနှံများဖြစ်သော ရှောက်၊ သရက်၊ လိမ္မော်၊ သံပုရာ၊ ကျွဲကောသီးပင်နှင့် ကွမ်းသီးပင်၊ ပိန္နဲ၊ ဖာလာ များကို ဈေးကွက်သို့ စီးပွားဖြစ်ရောင်းချနိုင်ရန် ပိုမို စိုက်ပျိုးလာကြောင်း လေ့လာတွေ့ရှိရပါသည်။
ကျေးရွာတိုင်း၌ တစ်နှစ် တစ်ကြိမ်၊ (၅)နှစ် တစ်ကြိမ်၊ (၇)နှစ်တစ်ကြိမ်၊ (၁၀)နှစ်တစ်ကြိမ်၊ (၁၂)နှစ် တစ်ကြိမ်မှ (၁၄)နှစ်တစ်ကြိမ် တစ်နေရာမှ တစ်နေရာသို့ အလှည့်ကျ ရွှေ့ပြောင်းတောင်ယာ ခုတ်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြပါသည်။ လက်ရှိစိုက်ပျိုးနေသည့် တောင်ယာစိုက်ခင်း တစ်ခင်းကို နောက်တစ်ကြိမ် အသုံးပြုရန်အတွက် ကျေးရွာရှိ အိမ်ခြေလူဦးရေ အချိုးအစားအလိုက် (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ်၊ (၁၂)နှစ်၊ (၁၄)နှစ်အထိကြာအောင် စောင့်ဆိုင်းရပါ သည်။တောင်ယာခင်းပိုင်နက် သတ်မှတ်ရာတွင် တစ်ဒေသနှင့် တစ်ဒေသ သတ်မှတ်ချက်ကွာခြားသည်ကို တွေ့ရှိရပါသည်။ ကယောလူမျိုးများ နေထိုင်သည့် အအေးပိုင်းဒေသများတွင် သစ်ပင်ကို ခါးလယ်မှ ခုတ်ဖြတ်ပြီး အမှတ်အသား ပြုကြပြီး အပူပိုင်းဒေသများတွင် ကျောက်တုံးကျောက်ခဲ များကိုစုပုံပြီး ကျောက်ပုံအနေဖြင့် အမှတ်အသားပြု၍ ဘွဲ့ကယော ဒေသများတွင် တောင်ပို့တောင်ကုန်းနှင့် အမြင့်ဆုံးသောသစ်ပင်ကို အမှတ်အသားပြုလုပ်ကြပါသည်။
ကယောတိုင်းရင်းသားများသည် တောင်ယာ စူးမထိုးမီ ပထဦးစွာတောင်ယာမီးရှို့ထားပြီး ကျန်ရှိနေသည့် အမှိုက်များကို သန့်ရှင်းရေး ပြုလုပ်ထားရပါသည်။ အမျိုးသားများက ဒေသခေါ် ရဲရဲမူ (တောထန်းပင်အခေါက်)ကို တူရွင်းပြားငယ်ပုံသဏ္ဍာန်ရှိသည့် စူးထိုးမည့် ကိရိယာအဖြစ် အသုံးပြုပြီး အရှည်(၉)ပေရှိသည့် ဝါးလုံးထိပ်တွင် တပ်ဆင်ထားရပါသည်။ တောင်ယာသို့မသွားမီ စပါးမျိုးစေ့၊ စားသောက်ဖွယ်ရာများနှင့် ခေါင်ရည်များကို အမျိုးသမီးက ပြင်ဆင်ထားရပါသည်။ ကျေးရွာအကြီးအကဲမှ တောင်ယာစူးထိုးမည့်နေ့ရက်ကို သတ်မှတ်ပေးပြီးပါက စူးထိုးမည့် တောင်ယာအထိသွား၍ ရွာလုံးကျွတ် တောင်ယာစူးထိုးကြပါ သည်။
အမျိုးသားများက စူးထိုးတံကိုကိုင်၍ မြေကြီးထဲသို့စိုက်သွင်းပြီး စူးထိုးတံပြန်အနုတ်တွင် အမျိုးသမီးများက စပါးမျိုးစေ့စူးထိုးသည့်မြေကြီးအတွင်းသို့ တစ်ပြိုင်တည်း ထည့်ရပါသည်။ မွန်းတည့်ချိန်တွင် အသင့်ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများနှင့် ခေါင်ရည်များကိုနေ့လယ်စာအဖြစ်သုံးဆောင်ကြသည်။တောင်ယာစူးထိုးချိန်ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိသည့်အချိန်၌လက်သုံးဆုပ်ခန့်ရှိသည့် ဝက်တစ်ကောင်ကိုသတ်၍ ပထမဦးစွာဝမ်းတွင်းသားများကို ထုတ်ယူ၍ ချက်ပြုတ်ထားပါသည်။ ကျန် ရှိသည့် ဝက်တစ်ကောင်လုံးကို အပြီးသတ် ပြင်ဆင်နေစဉ်အတွင်း ချက်ထားသည့် ဝမ်းတွင်းသားများကို လူကြီးနှင့်ကလေးများပါမကျန်စတိအနေဖြင့်ကျွေးပါသည်။ ၎င်းကို ကယောလို“ဒါးပရီးကီ” ဟု ခေါ်ပါသည်။ ထို့နောက်ဝက်သားများကို ဆက်လက်ချက်ပြုတ်စားသောက်ကြပါသည်။ ၎င်းကိုကယောလို “ဟာလာ” ဟု ခေါ်ပါ သည်။