ချင်း ရိုးရာအစားအစာများ

ချင်းရိုးရာဝက်အူချောင်း ( အဓိကအစားအစာ )

ပါဝင်ပစ္စည်းများ

၁။ ဝက်အူ

၂။ ဝက်သား

၃။ ဝက်ကလီစာ

၄။ ဝက်ဆီဖတ်ကြော်

၅။ ကြက်သွန်ဖြူ

၆။ ကြက်သွန်နီ

၇။ ချင်း

၈။ ငှက်ပျောဖူး

၉။ ရှမ်းနံနံ

၁၀။ ဆား

၁၁။ ဆီ

၁၂။ အစာသွပ်ရန်ကတော့




ချက်ပြုတ်နည်း

ချက်ပြုတ်ပုံအဆင့်ဆင့်

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကိုရေဆေးသန့်စင်ပြီး ညက်အောင်ထောင်းထားရပါမည်။ ရေဆေးသန့်စင်ထားသော ရှမ်းနံနံကိုလည်း ပါးပါးလှီးထားရပါမည်။ ဝက်သား၊ ဝက်ကလီစာ၊ ဝက်ဆီဖတ်ကြော်တို့ကို နုတ်နုတ်စင်းထားရပါမည်။ ငှက်ပျောဖူးကို အဖန်ရည်ထွက်အောင် ပါးပါး လှီးပြီးဆားနှင့်နယ်ဆေးထားရပါမည်။ ‌ရေကိုလည်းဆူအောင်တည်ထားရပါမည်။ နုတ်နုတ်စင်း ထားသော ဝက်သားထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငှက်ပျောဖူး၊ ရှမ်းနံနံ၊ ဆား အနည်းငယ်တို့ကိုရောထည့်ပြီး သမအောင်နယ်ရပါမည်။ ချင်းရိုးရာဝက်အူချောင်း အစာသွပ်ရာတွင် ကတော့(သို့မဟုတ်)‌ရေသန့်ဘူးခွံထိပ်ပိုင်းကို အသုံးပြုနိုင်ပါသည်။ သွပ်ထားသောအစာများ ပြန်မထွက် စေရန်ထိပ်ပိုင်းကိုနှီးဖြင့်ပိတ်ပြီး ရေနွေးအိုးထဲသို့ ထည့်ပြုတ်ရပါမည်။ ဝက်အူချောင်းကျက်ပြီဆိုလျှင် ဆယ်ယူ၍ ဆီအနည်းငယ်နှင့်လှော်ရပါမည်။ အနီရောင်သန်းလာလျှင် အရသာရှိသည့် ချင်းရိုးရာ ဝက်အူချောင်းကို သုံးဆောင်နိုင်ပါမည်။