မြန်မာလ ရှမ်းလ
၁။ တန်းခူးလ ဒရမ်းကျစ် (၇)လပိုင်း
၂။ ကဆုန်လ ဒရမ်းပယ် (၈)လပိုင်း
၃။ နယုန်လ ဒရမ်းကောက် (၉)လပိုင်း
၄။ ဝါဆိုလ ဒရမ်းရှိ(စ်) (၁၀)လပိုင်း
၅။ ဝါခေါင်လ ဒရမ်းရှိ(စ်)အေ့ (၁၁)လပိုင်း
၆။ တော်သလင်း ဒရမ်းရှိ(စ်)ဆောင်(၁၂)လပိုင်း
၇။ သီတင်းကျွတ် ဒရမ်းကရန် (၁)လပိုင်း
၈။ တန်ဆောင်မုန်း ဒရမ်းညှိ (၂)လပိုင်း
၉။ နတ်တော်လ ဒရမ်းဆမ် (၃)လပိုင်း
၁၀။ ပြာသိုလ ဒရမ်းစီ (၄)လပိုင်း
၁၁။ တပို့တွဲ ဒရမ်းဟ (၅)လပိုင်း
၁၂။ တပေါင်း ဒရမ်းဟုတ် (၆)လပိုင်း
ကရင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားလူမျိုးတို့၏ ကျင်းပ ပြုလုပ်လေ့ရှိသည့် ၁၂ လ ရာသီ ပွဲတော်များ အကြောင်း မပြောခင် “ ရှမ်းလနှင့် မြန်မာလ” အခေါ် အဝေါ် များကို အရင် လေ့လာ ကြည့်လျှင်------
လတစ်လခြင်းစီကျင်းပပြုလုပ်လေ့ရှိသော ပွဲတော်များ
၁။ တန်ခူးလကို ရှမ်းဘာသာဖြင့် ဒရမ်းကျစ် (၇)လမြောက်သော လဟုခေါ်သည်။
သင်္ကြန်ကာလတွင် ရေပက်ကစားကြပါသည်။သင်္ကြန် မကျမီ ၁၅ ရက်အလိုမှစ၍ သင်္ကြန်ကာလ ဧည့်သည်များ ကျွေးမွေးရန်မုန့် (မရွေးခွက်၊ မရွေးကြီး၊ မုန့်လေပွေ) စသည့် မုန့်များကို အိမ်တွင်ကြိုတင်ပြုလုပ်ထားကြပြီး သင်္ကြန် အတွင်း အိမ်လာသောဧည့်သည်များကို ဧည့်ခံကျွေးမွေး ပါသည်။ထမင်း၊ ဟင်းများကို အပိုချက်ထားကြပြီး အားမနာတမ်း ရှာဖွေစားသောက်နိုင်သည်။ အိမ်ရှင်နှင့် ဧည့်သည်တို့ ယဉ်ကျေးစွာ ရေပက်ဖျန်းကြသည်။ ယခုကဲ့သို့ မဏ္ဍပ်များမရှိ၊ တစ်အိမ်တက် တစ်အိမ်ဆင်း လှည့်လည် ရေပက်ကစား ကြသည်မှာ ချစ်စရာဓလေ့တစ်မျိုး ဖြစ်ပါသည်။
သင်္ကြန်အကြတ်နေ့ ညနေပိုင်း၌ လူတိုင်းသဲများ သယ်ယူကြပြီး ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သဲပုံ စေတီပြုလုပ်ကြသည်။ ထိုသဲပုံစေတီတွင် တံခွန်များနေ့သား အလိုက်အိမ်ရှိ လူဦးရေအလိုက် စိုက်ထိုးထားကြသည်။ သင်္ကြန်အတက်နေ့ နံနက်ခင်းတွင် မိသားစုအလိုက် ဘုန်းကြီးကျောင်းတက်ကြပြီး ဆရာတော်ထံမှ သီလယူ၊ အလှူအတန်းပြုကြသည်။ ကျောင်းတကာကြီးမှ ဦးဆောင်ပြီး သဲပုံစေတီတွင် အားလုံးဆုတောင်းကြ ကုသိုလ်ပြုကြ သည်။ ပရိတ်တရားတော်နာခြင်း၊ ညနေပိုင်းတွင် ဘုန်းကြီး ကျောင်းရှိဘုရား၊ တရား၊ သံဃာတို့အား ကန်တော့ခြင်း၊ ဘုရား ရေသပ္ပါယ်ခြင်း၊ ကျောင်းရှိဆရာတော်သံဃာတော် တို့အား ရေသပ္ပါယ်ခြင်းပြုကြသည်။ ပြီးလျှင် တစ်ဦးကိုတစ်ဦးရေကစားကြသည်မှာ ပျော်စရာကောင်းပါသည်။ဤကဲ့သို့ ကျောင်းမှာကန်တော့ပြီးတော့အခါ မိမိတို့ အိမ်မှာရှိသော မိဘ၊ ဦးလေး၊ အဒေါ်၊ သက်ကြီးဝါကြီးများကို ကန်တော့ကြ အပြစ်များကို ဝန်ချတောင်းပန်ကြရပါသည်။
နှစ်ဆန်း(၁)ရက်နေ့တွင် မိသားစုအလိုက် မကောင်းသော ဂြိုလ်ဆိုးဂြိုလ်နင်းများ ပပျောက်စေရန် ဆရာပင့်၍ ခေါစာကျွေးခြင်း၊ ရွာစောင့်နတ်၊ မြို့စောင့်နတ် များကို ပသပူဇော်ခြင်းများ ပြုလုပ်ကြပါသည်။ ဧပြီလ (၁၉)ရက်နေ့တွင် ကျေးရွာရှိ သက်ကြီးရွယ်အိုများအား သက်ကြီးပူဇော်ခြင်းများ ပြုလုပ်ကြပါသည်။
ဧပြီလ (၂၃)ရက်နေ့သည် ရှမ်းရိုရာသင်္ကြန်၏ နောက်ဆုံးနေ့အဖြစ် ကျေးရွာအားလုံးစုပေါင်းပြီး ကျေးရွာ နာယက ဆရာတော်ကြီးအား၊ သံဃာတော်များအားလုံး၊ ကျေးရွာသားများအားလုံး စုပေါင်း ကန်တော့ကြသည်။ စတုဒီသာဖြင့်ဧည့်ခံကျွေးမွေးပြီး ဘုန်းကြီးကျောင်းအလိုက်၊ ရပ်ကွက်အလိုက် ရှမ်းရိုရာအကများဖြင့် ဖျော်ဖြေကြသည်။
ဆရာတော်ကြီးထံမှ ငါးပါးသီလနှင့် ဩဝါဒအဆုံးအမ တို့ခံယူပြီး ဆရာတော်ဘုရားကြီးအား ကင်ပွန်းရည်ဖြင့် လက်ဆေးကန်တော့ကြသည်မှာ ကြိတ်ကြိတ်တိုးစည် ကား ပါသည်။ ဆရာတော်ဘုရားကျောင်းမှလည်း လက်ဝှေ့ပွဲတော် ပွဲများဖြင့် ဧည့်ခံပါသည်။ ရှမ်းရိုးရာသင်္ကြန်ကာလသည် ဧပြီလ (၁၃)ရက်မှ (၂၃)ရက်ထိ ကြာမြင့်ပြီး ချစ်စရာ ကောင်းမွန်သော ရိုးရာသင်္ကြန်ဖြစ်ပါသည်။
၂။ ကဆုန်လကို ရှမ်းဘာသာဖြင့် ဒရမ်းပယ်(၈)လ မြောက်သောလဟုခေါ်သည်။
ထိုလတွင် ကျောင်းအလိုက် ဇာတာဆက်ခြင်း ကုသိုလ်ပြုလုပ်ကြသည်။ ကျောင်းတကာကြီးမှသင့်တော်သော နေ့တစ်နေ့ကို သတ်မှတ်ပါသည်။ ဇာတာဆက်ရန် အောက်ပါ ပစ္စည်းများကို ကြိုတင်စုဆောင်းရသည်။ လုံးပတ် လက်မ ၅တောင်ခန့် သစ်ခွ (၂)ခု၊ ၄တောင်ခန့် သစ်ခွအသေး(၁၂)ခု၊ တစ်တောင်ခန့် သစ်ခွအသေး (၁၂၀) ချောင်း၊ ကွမ်းသီး၊ ကွမ်းရွက်ကို အပ်ချည်ကြိုးချည်ထားသော ဝါးခြမ်း(၉)ချောင်း၊ ၄တောင်ခန့်ရှိ ဝါးချောင်းထိပ်ဝါး အခေါင်းတွင် စပါး၊ သဲ၊ ဆန်၊ ရေ တစ်မျိုး (၉)ချောင်းစီ ၄ x ၂ သစ်သားပြား၊ ၄တောင်ခန့်တံတား(၁)ခု၊ ငှက်ပျောတက်၊ အုန်းအငြောင့်စ အပင်၊ ကွမ်းပင်ပေါက်စအပင်၊ ပင်ကြံ(၁)ပင်၊ အုန်း(၁)ခိုင်၊ ငှက်ပျော (၁)ခိုင်၊ ခေါင်းအုန်းသစ်(၁)လုံး၊ ဖျာ(၁)ချပ်၊ ရွှေအိုး (၁)လုံး၊ ငွေအိုး(၁)လုံး၊ ပျားဖရောင်းအကြီးတစ်တိုင်၊ အလတ်တစ်တိုင်၊ ဆီစိမ်အပ်ချည်တလံခန့် (၁၅) ချောင်း၊ ကျီးခြေဆီမီး ၁၅ခု၊ ပျားဖရောင်းအသေး ၁၅တိုင်၊ ၄ တောင်ခန့် ကုက္ကား (၁)ခု၊ ရောင်စုံစက္ကူအလံ ၁၂၀၊ သက်ကယ်ကြိုး ၁ချောင်း၊ အားလုံးကို ၃ထောင့်ပုံ ပြင်ဆင်ထားရပါမည်။ အားလုံး ပြင်ဆင်ပြီးပါက သံဃာတော်များပင့်ပြီး ပရိတ်ရေသပိတ် တစ်လုံး၊ ဆွမ်းပွဲ ၇ ပွဲ၊ အဆင်သင့် ပြင်ထားရမည်။
ထိုအခါ ကျောင်းတကာကြီးမှ သံဃာတော်များကို ပရိတ်တရားရွတ်ခြင်း၊ ဆုတောင်းပေးခြင်းများ ပြုလုပ်ရန် လျှောက်ထားပြီး အပ်ချည်ကြိုးဖြင့် ရွာတွင်းသို့ အိမ်တိုင်း ဆက်သွယ်ထားကြသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် အိမ်တိုင်းမှ မကောင်းကျိုးများ ရတနာသုံးပါး၏ တန်ခိုးကြောင့် ပြေပျောက်စေပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာရသည်ဟု ယုံကြည်ကြသည်။
၃။ နယုန်လကို ရှမ်းဘာသာဖြင့် ဒရမ်းကောက် (၉) မြောက်သော လဟုခေါ်သည်။
နယုန်လတွင် မိသားစုဆွေမျိုးအလိုက် ဆွေမျိုး အားလုံးတို့မှ ငွေကောက်ခံပြီး မိမိတို့ရိုးရာနတ်ကို နတ်ထိန်းအိမ်တွင် စုပေါင်းကန်တော့ကြသည်။ အချို့ ဝက်(သို့မဟုတ်)ကြက်တို့ဖြင့်ပူဇော်ပသပြီး မိမိတို့ကျန်းမာ ချမ်းသာကြစေရန် ဆုတောင်းပူဇော်ကြသည်။ ပူဇော် ပသပြီးသောအခါ အားလုံးလက်ရေတပြင်တည်း စားသောက် ကြသည်မှာပျော်စရာကောင်းလှပါသည်။ ဆွေမျိုးအချင်းချင်း ညီညွတ် ကြသည်။
၄။ ဝါဆိုလကို ရှမ်းဘာသာဖြင့် ဒရမ်းရှိ(စ်) (၁၀)လ မြောက်သောလဟု ခေါ်သည်။
ဝါဆိုလပြည့်နေ့တွင် ရွာသူရွာသားများ အားလုံး စုပေါင်းညီညာကျောင်းတက်ကြပြီး တရားနာခြင်း၊ သီလဆောက်တည်ခြင်း၊ ဘာဝနာပွားများခြင်း စသဖြင့် ဒါန၊ သီလ၊ ဘာဝနာပွားကြသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ပြုလုပ်ကြသည်။ ဝါတွင်း (၃)လပတ်လုံး ဉပုသ်နေ့တိုင်း သီလဆောက်တည်ကြသည်။ တရားဘာဝနာပွားကြသည်။
၅။ ဝါခေါင်လကို ရှမ်းဘာသာဖြင့် ဒရမ်းရှိ(စ်)အေ့ (၁၁)လ မြောက်သောလ ဟုခေါ်သည်။
ကျောင်းရှိဘုရား၊ တရား၊ သံဃာရတနာ (၃)ပါး တို့အပေါ်၌ ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့သော် ၎င်းကျောင်းဝင်း အတွင်းမဖွယ်မရာလုပ်မိလျှင်သော်၎င်း၊ ဉပမာ-ကျောင်းဝင်း အတွင်း တံတွေးထွေးမိသည်ဖြစ်စေ၊ အစားအစာတစ်ခုခု မတောင်းပဲစားမိလျှင်ဖြစ်စေ ထိုအပြစ်မျိုးမှ ပြေပျောက် စေရန် စုပေါင်းတောင်းပန်ပွဲကို ပြုလုပ်ကြသည်။
၆။ တော်သလင်းလကို ရှမ်းဘာသာဖြင့် ဒရမ်းရှိ(စ်)ဆောင် (၁၂)လ မြောက်သောလ ဟုခေါ်သည်။
ဆွမ်းတော်ကြီးတင်ပွဲ၊ ရှင်ဉပဂုတ္တပူဇော်ပွဲနှင့် တော်သလင်းလဆုတ်တွင် ဆလတ်ပွဲ(စာရေးတံမဲပွဲ) ကျင်းပကြသည်။ ကျင်းပပုံမှာ ဆလတ်ပွဲနေ့တွင် ကျောင်းသံဃာတော်များ ပင့်ဖိတ်ပြီး ခြင်းအတွင်းစားစရာ အစုံထည့်၍ လှူကြရသည်။ အိမ်အလိုက်မိမိတတ်နိုင် သလောက်ခြင်းထဲတွင် အသီးမျိုးစုံ၊ မုန့်မျိုးစုံ၊ ထည့်ပြီး ခြင်း၏ထိပ်တွင် ဆေးလိပ် ဖရောင်းတိုင် မုန့်ခြောက်များဖြင့် အလှဆင်ထားသည်။ အချို့ ခြင်းအသေး၊ အချို့ ခြင်းအကြီး တတ်နိုင်သလို ပြင်ဆင်ထားရသည်။ သေဆုံးသွားပြီး ဖြစ်သော ဆွေမျိုးများကိုလည်းကောင်း၊ နတ်မင်းကြီး လေးပါးအားလည်းကောင်း သိကြားမင်း၊ ဗြဟ္မာမင်းအား လည်းကောင်း သူရဿတီမယ်တော်အား ၎င်းရည်စူးလှူဒါန်း ပေးသည်။ ခြင်းတစ်လုံးအတွက် ပေစာရွက်တွင် လှူဒါန်း ပေးမည့် ပုဂ္ဂိုလ်၏အမည်ကို ရေးထားပါသည်။ တစ်ရွာလုံးမှ ပေစာအားလုံးကိုစုပြီး ပင့်သံဃာအရေအတွက်အလိုက် အချိုးကျ ဘုရားတကာမှ ဆောင်ရွက်ပေးသည်။ ပြီးလျှင် သီလယူ ရေစက်ချတရားနာပြီး မိမိတို့ ပေစာများကိုရှာပြီး ရေစက်ချလှူဒါန်းပေးသည်။ ပဒေသာပင်ကြီးတစ်ခုကို ဘုန်းကြီးကျောင်းလျှင် တစ်ခုစီပြုလုပ်ပြီး မဲနှိုက်စေသည်။ ဆလတ်ပွဲတော်သည် လူစည်ကားပြီး ပျော်စရာကောင်းသော အလှူပွဲတစ်ခု ဖြစ်ပါသည်။နှစ်စဉ်တော်သလင်းလပြည့်နေ့ရောက် ကျင်းပလေ့ရှိသည့် မဟာဒုတ်အလှူပွဲ(ဆလတ်ပွဲ)
၇။ သီတင်းကျွတ်လကို ရှမ်းဘာသာဖြင့် ဒရမ်းကရန် (၁) လ မြောက်သောလ ဟုခေါ်သည်။
ထိုလတွင် ပဝါရနာဝါကျွတ်ပွဲတော်နှင့် ကထိန် ပွဲတော်ကိုတွဲ၍ ကျင်းပကြသည်။ ကထိန်အလှူကို စုပေါင်းဘုံကထိန်အဖြစ် ပြုလုပ်ကြသည်။ စတုဒီသာ အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးပြီး ကထိန်အနုမောဒနာ တရားနာကြားခြင်း ပြုလုပ်ကြသည်။
၈။ တန်ဆောင်မုန်းလကို ရှမ်းဘာသာဖြင့် ဒရမ်းညှိ (၂)လမြောက်သော လဟုခေါ်ပါသည်။
တန်ဆောင်မုန်းလတွင် လဆန်း ၁၄ ရက်မှ ၁၅ ရက်ထိ၊ ၂ရက်၊၂ညတိုင်တိုင် ဇာတ်ကြီး (၁၀) ဘွဲ့ တရားနာ ပူဇော်ပွဲ ကျင်းပသည်။ ညပိုင်းတွင် မီးပုံပျံများလွှင့်တင်ပြီး မီးပူဇော်ပွဲလည်း ကျင်းပကြပါသည်။
၉။ နတ်တော်လကို ရှမ်းဘာသာလို ဒရမ်းဆမ် (၃)လ မြောက်သောလ ဟုခေါ်သည်။
နတ်တော်လဆန်း(၁)ရက်နေ့တွင် ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပခြင်း၊ ကျေးရွာမှစုပေါင်းပြီး ငွေပဒေသာပင် ပူဇော်ပွဲကိုကျင်းပသည်။ တစ်အိမ် ပဒေသာပင် တစ်ပင် အလှူငွေ(တတ်နိုင်သလောက်)ထည့်ပြီး ကျေးရွာအတွင်း အတီးအမှုတ်၊ အကအခုန်တို့ဖြင့် လှည့်လည်ပြီးညနေပိုင်း ကျောင်းတွင်စုရုံးကာ ရေစက်ချ တရားနာကြသည်။ ရရှိသော ဝတ္ထုငွေကို ကျောင်းရံပုံငွေအတွက် စုဆောင်းထားသည်။
၁၀။ ပြာသိုလကို ရှမ်းဘာသာဖြင့် ဒရမ်းဆီ (၄)လ မြောက်သောလ ဟုခေါ်သည်။
ကောက်သစ်အလှူပွဲဖြစ်သည်။ မိမိတို့ပြုလုပ်ထား သောလယ်မြေမှထွက်သည့် ဆန်ဦးများကို ကောက်ညှင်း ကျည်ထောက်ဖုတ်၍ လှူကြသည်။ တစ်အိမ်စပါးတစ်တင်း ကျစီ ဘုန်းကြီးကျောင်းသို့ ပေးလှူကြသည်။ လဆန်း(၁၄) ရက်ည ကောက်ညှင်းကျည်ထောက် ဖုတ်ထားပြင်ဆင်ထားပြီး (၁၅) ရက် လပြည့်နံနက်စောစော ဘုန်းကြီးကျောင်းသို့ သွားကြ သည်။ ဆွမ်း၊ ဟင်း၊ ထမင်း တို့ကို သံဃာတော်နှင့် ကျောင်းတကာကြီးတို့အား ပေးလှူကြသည်။ ပြီးလျှင် တရားနာ၊ ရေစက်ချသည်။ နံနက်စောစောတွင် ရိုးရာမီးပုံပွဲ ကိုလည်း ကျင်းပကြသည်။
၁၁။ တပို့တွဲလကို ရှမ်းဘာသာဖြင့် ဒရမ်းဟ (၅)လမြောက်သော လဟုခေါ်သည်။
နှစ်ပတ်လည် ရိုးရာနတ်ပူဇော်ပွဲ ကျင်းပသည်။ မိမိဆွေမျိုးအလိုက် နတ်ထိန်းအိမ်တွင် စုပေါင်းပူဇော်ကြသည်။ ဖေဖေါ်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သော ရှမ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပခြင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှု ဖေါ်ထုတ်ရေးပွဲတော်ကို စုပေါင်းကျင်းပကြ သည်။ ထိုနေ့တွင် ရှမ်းရိုးရာနှင့်ပတ်သက်သော ပြခန်းများ၊ ကဗျာပြိုင်ပွဲများ၊ ရှမ်းဆောပွဲများ၊ ကျောင်းအလိုက် မီးပုံ ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပသည်။
၁၂။ တပေါင်းလကို ရှမ်းဘာသာဖြင့် ဒရမ်းဟုတ် (၆)လမြောက်သော လဟုခေါ်သည်။
တပေါင်းလတွင် ရှင်ပြုရဟန်းခံပွဲများ ကွယ်လွန်သွားပြီးသော ဆွေမျိုးများအား အိမ်ကလေး လှူပေးခြင်း (ထိုအိမ်ကလေးတွင် အိမ်ထောင်ပစ္စည်းအစုံထည့်ရသည်) ထိုအိမ်ကလေးကို သံဃာတော်များပင့်ပြီး သေဆုံးသွားသူအား ရည်စူးပြီးနေစရာရှိအောင် အမျှဝေလှူဒါန်းပေးသည်။ နှစ်ပတ်လည်စေတီ ပုထိုးဘုရားပွဲတော်လည်း သင့်သလိုကျင်းပ ပူဇော်ကြပါသည်။