ရှမ်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ရှမ်းတိုင်းရင်းသားလူမျိုးများ၏တူရိယာနှင့် တေးသီချင်းများ
Image

      ရှမ်းတိုင်းရင်းသားလူမျိုးများ စတင်အသုံးပြုခဲ့သော တူရိယာပစ္စည်းများမှာ ရှမ်းအိုးစည်/ ရှမ်းမောင်းဆိုင်းဟူ၍ နှစ်မျိုးကိုသာအများစုဖြင့် စုပေါင်းတီးမှုတ်ကြပြီး တစ်ဦးချင်း တီးမှုတ်သည့် တူရိယာမှာ အုန်းတယောဖြင့်သာ အသုံးပြု ကြပါသည်။

စုပေါင်းတီးမှုတ်ခြင်း

       စုပေါင်းတီးမှုတ်ခြင်းကို ရှမ်းအိုးစည်ဝိုင်းက စတင် ဖေါ်ပြရမည်။ ရှမ်းအိုးစည်ဝိုင်းတွင် အိုးစည်တစ်လုံး၊ လင်းကွင်းတစ်စုံ၊ မောင်း(၇)လုံးနှင့် လင်းကွင်းငယ်(စည်း) တစ်စုံပါဝင်ပါသည်။

     ရှမ်းအိုးစည်တီးချိန်၌ အချို့မှာ မောင်းကိုဘောင် ခတ်ထားသောသစ်သား၊ ဝါးတွင်ချိတ်၍ မောင်းတစ်လုံးလျှင် မောင်းတီးတုတ်တစ်ခုစီကို လက်ကိုင်တစ်ခုတွင် မောင်း တစ်လုံးချင်းနှင့် ယှဉ်၍ အသေတပ်ထားပြီး ၎င်းလက်ကိုင်ကို လူတစ်ဦးသာတီးရပါ သည်။ တချို့မှာ  မောင်းတစ်လုံးလျှင်လူတစ်ဦးကျစီ တီးကြပါသည်။ တီးရာ၌လည်း မောင်းမှ စတင်အချက်ပေးတီးရပြီး အဆုံးသတ်ချိန်၌ အိုးစည်မှ အချက်ပြ အဆုံးသတ်ရပါသည်။

     ရှမ်းမောင်းဆိုင်း ဆိုသည်မှာမူ ရှမ်းအိုးစည်ကဲ့သို့ မဟုတ်ဘဲ မောင်း(၇)လုံးအပြင် (၂၂) လက်မမောင်းကြီး (၁)လုံးနှင့် (၁၆)လက်မ မောင်းတစ်လုံး အပါအဝင် မောင်း(၉)လုံးဖြင့် တီးမှုတ်ရပါသည်။ လင်းကွင်းမှာလည်း ရှမ်းအိုးစည်တွင် သုံးသည့်လင်းကွင်းထက် ကြီးသည်။ လင်းကွင်းအငယ် (စည်း)တစ်စုံလည်းပါဝင်ပြီး  ဗုံမှာလည်း စည်တော်ဆန်ဆန် ပြုလုပ်ထားပါသည်။ (ရှမ်းအိုးစည် ကဲ့သို့ဗုံစာကပ်၍ တီးရခြင်းမဟုတ်ပါ)။ သို့သော် စတင်တီး ရာ၌ရှမ်းအိုးစည်ကဲ့သို့ မောင်းမှစတင်ပေးရခြင်းမဟုတ်ဘဲ ဗုံမှစတင်ချက်ပေးရပြီး အဆုံး သတ်ချိန်မှာလည်း ဗုံကပင် အချက်ပေးရပ်နားရပါသည်။

     အထက်ပါ (၂) မျိုးစလုံးကိုပင် အလှူအတန်း၊ ပွဲလမ်းသဘင်ပြုလုပ်ချိန်၌ ဝိုင်းဖွဲ့တီး လေ့ရှိပြီး အများစု ပေါင်းပါဝင်၍ တပျော်တပါး ကကြလေ့ရှိပါသည်။ ရှမ်းအိုးစည်မှာမူ တစ် ဦးချင်း အလှကခြင်း၊ ဒုတ်-ဓါး-သိုင်း ကခြင်းတွင်လည်း တီးမှုတ်ကြပါသည်။ ၎င်းအပြင် သိုးနယား၊ ကိန္နရာအကတွင်လည်း၎င်း ရှမ်းအိုးစည် အတီးဖြင့်သာ အသုံးပြုကြပါသည်။

 တစ်ဦးချင်းတီးမှုတ်ခြင်း

 တစ်ဦးချင်းတီးရသော  အုန်းတယောမှာ  အုန်းသီး၏အတွင်းမှ  အခွံကိုယူပြီး ၎င်းအခွန်တွင်အပေါက်ဖောက်၍ ကြိုးတပ်ရန် လက်ကိုင်တစ်ခုကို ယခုဟွန်း တယောကဲ့သို့ပင် တပ်ဆင်ထားပါသည်။ 

အဆိုပါဖောက် ထားသော အပေါက်တွင် လက်ကိုင် တပ်ပြီးသည်နှင့် ဖယောင်းဖြင့်ပြန်ပိတ်ရပြီး အုန်းခွံ အပေါ်တွင်မူ ဝါးကပ် ဖြင့်ပိတ်ထားရပါသည်။ ကြိုးကိုမူ သံမဏိကြိုးဖြင့် မဟုတ်ဘဲ ချည်ဖြင့် ပြုလုပ်တပ်ဆင် ထားပါသည်။

ကြိုးမှာ လည်း (၂)ပင် သာရှိပါသည်။ ထိုးရသည့် ထိုးတံမှာလည်း တယောထိုးတံကဲ့သို့ မဟုတ်ဘဲ လေးသဏ္ဍာန် ပြုလုပ်ထားပြီး လက်ကိုင်သည့်နေရာတွင် အကွေးကို အနည်းငယ် လျှော့ထားပါသည်။ ထိုးရာ၌ အပေါ်မှဖိ၍ ထိုးရခြင်းမဟုတ်ပါ။

ထိုးတံကြိုးကို အတွင်းဘက်၌ ထားပြီး အပေါ် သို့ဆွဲ၍ ထိုးရပါသည်။ ၎င်းတယောကို  အလှူပွဲ၌ သော်လည်းကောင်း လူပျိုလှည့်ရာတွင်လည်းကောင်း တီးမှုတ်လေ့ရှိပါသည်။ 

ထိုသို့တီးမှုတ်ရာ၌ လည်းအဆို(၁)ဦးနှင့် အတီး တွဲဖက်၍ တီးမှုတ်ရပါသည်။ ၎င်းအုန်းတယောနှင့် တွဲဘက်သီဆို ရသော သီချင်းများမှာ ကွမ်းတယော (တယောသီချင်း) ကွမ်းလောင့်ခုမ်း (ရှမ်းသီချင်းကြီး)ကိုသာ တီးမှုတ်လေ့ ရှိပြီး ခေတ်ပေါ် သီချင်းများကိုမူ သီဆိုတီးမှုတ်လေ့ မရှိပါ။

ခေတ်၏ သမိုင်းအဆက်ဆက် တိုးတက်လာသည် နှင့်အမျှ ရှမ်းတူရိယာမှာလည်း အဆင့်မြင့်မားလာကာ ပတ္တလား-ခုနှစ်လုံးမောင်း၊ နှဲ၊ ပုလွေ၊ ဂီတာ၊ တယော (မြန်မာ) မယ်ဒလင်၊ ဘင်ဂျို၊ အပြင်ခြောက်လုံးမတ်တို့နှင့် တမျိုးဆန်းသစ်တည်ထွင်လာခဲ့ကြပါသည်။ 

 အဆိုပါတူရိယာ ပစ္စည်းများဖြင့် အသုံးပြုလာ သည်နှင့်နောက်ပိုင်း ခေတ်ပေါ် တေးသီချင်းများအပြင် ရှမ်းဇာတ်ဟူ၍ ပေါ်ပေါက်လာပါသည်။ ၎င်းရှမ်းဇာတ်တွင် ဇာတ်လမ်းဇာတ်ကွက်ဖော် ကပြသည်က နည်းပြီး ယိမ်း၊ နှစ်ပါးသွားအကများဖြင့် အဆိုကိုသာ အဓိကထားကြပါ သည်။ 

    သီချင်းဆိုရာ၌ အချို့မှာစာသားရေးစပ်သီဆိုကြပြီး အချို့မှာ လက်တန်းသီဆိုကြပါသည်။ ၎င်းသီချင်းများ ရေးစပ်သီဆိုရာ၌ အချစ်ရေးနှင့် တောတောင်ရေမြေ သဘာဝကို ဖွဲ့ဆိုကြသည်က များပါသည်။