တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၁
နေပြည်တော် 2025-07-02
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအား ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်သော အသိအမြင်များ တိုးပွားလာမည့်အပြင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့်လည်း အဂတိလိုက်စားမှုမြောက်နိုင်သော ကိစ္စရပ်များ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သော ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏  ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များကို သိရှိနားလည်၍ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို  ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည်” ဆိုသည့်စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှ စုံစမ်း စစ်ဆေးအရေးယူခြင်းထက် အဂတိလိုက်စားမှုများ  မဖြစ်မီကတည်းက ကြိုတင်တားဆီး 

ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး (Corruption Prevention Unit - CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ အထူးကြိုးစား ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု/ တာဝန်ခံမှု ရှိရန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ အဂတိတရားကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်း များဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင် အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးပြုနိုင်သော  အဂတိတရား ကင်းရှင်းသော ဝန်ထမ်းကောင်းများဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက  ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းဆိုသည့်  နည်းလမ်းသုံးသွယ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို လုံးဝသည်းမခံ၊ ခွင့်မလွှတ်သည့် Zero tolerance အသိုက်အဝန်း တည်ဆောက်နိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဦးစွာ တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ကော်မရှင်အနေနှင့် ဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများ ပြည်သူဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက် လာစေရန် ရည်ရွယ်ပြီး အများပြည်သူဆိုင်ရာကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံ့ ဝန်ထမ်းများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image