ရွှေအိုးမြုပ်လှူဒါန်းပွဲ ပေါ်ပေါက်လာရသည့် အဓိက ရည်ရွယ်ချက်သည် ကေဒါရဇာတ်အလောင်းတော် ကေဒါရ ကျေးမင်းဇာတ်တော်မှ ဆင်းသက်လာပါသည်။
ကေဒါရဇာတ်အကျဉ်း
ဘုရားအလောင်းတော် ကေဒါရကျေးမင်း ဘဝတွင် ပုဏ္ဏား ၏လယ်တောမှ စပါးခင်းတွင် ကျေးအပေါင်းခြံရံ၍ ဝင်ရောက်စား ကြပြီး ကျေးများနေရပ်ဌာနသို့ပြန်ကြ၏။ ကေဒါရကျေးမင်းသည်နှုတ်သီးဖြင့်လည်းကောင်း၊ခြေအစုံဖြင့်လည်းကောင်း စပါးနှံများကို ကိုက်ချီသယ်ဆောင်ကာ ပြန်၏။ ပုဏ္ဏားမြင်သော် ကျော့ကွင်းဖြင့် ထောင်ဖမ်းသည်။ အကျိုးအကြောင်းကို မေးသော် ကျေးမင်းက “ငါသည် ကြွေးဟောင်းဆပ်ရမည်၊ ကြွေးသစ်ချရမည်၊ ရွှေအိုးမြှုပ်ရမည်”ဟူသောစကားသုံးခွန်းကိုဆိုလေသည်။ အဓိပ္ပါယ်ကား ကြွေးဟောင်းသည် မိဘကိုလုပ်ကျွေးသည်၊ ကြွေးသစ်သည် ငယ်ရွယ်သော သားသမီးကို လုပ်ကျွေးသည်၊ ရွှေအိုးမြှုပ်ခြင်းသည်သက်ကြီး ရွယ်အိုမမာမကျန်းသော အစာရှာမထွက်နိုင်သော ကျေးများကို အလှူဒါနပြုသည် ဟု ဆိုသည်။
မွန်လူမျိုးတို့သည် ဤဒေသနာတော် ကြားနာရသော ကြောင့် ဝါခေါင်လပြည့်နေ့တွင် ရွှေအိုးမြှုပ်လှူဒါန်းသည့် ဓလေ့ ပြုလုပ်လာကြသည်ဟုရှေးဆရာကြီးများပြောကြားချက်အရသိရပါသည်။မွန်ရိုးရာဓလေ့ဝါခေါင်လပြည့်နေ့ရွှေအိုးမြှုပ်ပွဲဟု ခေါ်သည်။ မွန် ဘာသာဖြင့် နုင်နိဓိ၊ပါဠိဘာသာဖြင့်အနုဂါမိကရွှေအိုးမြှုပ်ပွဲ ဖြစ်ပါသည်။ ရွှေအိုးကိုမြေကြီးတွင်မြှုပ်ခြင်း မဟုတ်ပါ။ သံသရာတစ်လျှောက်တွင် အရိပ်ပမာကုသိုလ်တရား အကျိုးပေးနိုင်ရန်ရွှေအိုးပြုလုပ်ပြီးဘုန်းတော်ကြီးကျောင်းသို့ သွားရောက် လှူဒါန်း ခြင်း ဖြစ်ပါသည်။
စုပေါင်းလှူဒါန်းသောရွှေအိုးနှင့်တစ်ဦးချင်းလှူဒါန်းသော ရွှေအိုးဟူ၍ (၂) မျိုးပြုလုပ်ပူဇော်ကြသည်။ စုပေါင်းရွှေအိုး ဆိုသည် မှာ ကျောင်းဂေါပကမှ ရပ်ကွက်အလိုက် အလှူငွေကောက်ခံပြီးရရှိသောအလှူငွေများကိုစုပေါင်းပြီး သတ္တုအိုး (သို့) ကြေးအိုးအလုံးကြီးကြီးများကို ဝယ်ပြီး ရွှေရောင်စက္ကူ ကို ပန်းကနုတ်ညှပ်ပြီးအိုးတွင်ကပ်ပြီးလျှင် ဘုန်းကြီးကျောင်းဓမ္မာရုံဘုရားခန်းရှေ့တွင်ထားပါသည်။ဝါခေါင်လပြည့်နေ့တွင် ၎င်းအိုးကြီးထဲသို့ကောက်ညှင်းထုပ်ဖင်ချွန်နှင့် ကောက်လှိုင်းတီမုန့်များကို ပြုလုပ် ပြီး ကလေးများ သွားရောက် လောင်းလှူ ပူဇော်ကြပါသည်။
ယခုခေတ်တွင်ကောက်ညှင်းထုပ်ဖက်ချွန်နှင့် ကောက်လှိုင်းတီမုန့်များလုပ်ခြင်းဓလေ့တိမ်ကောခါနီး ဖြစ်နေပါပြီ။ အလွယ်တကူရသည့် ဝေဖာ၊ မုန့်ကြွပ်၊ ဘီစကစ်များ လောင်းလှူ ပူဇော်ကြသည်။ ပျိုမေနှင့်လူလတ်ပိုင်း အမျိုးသမီးများက တစ်ဦးချင်း ရွှေအိုးကို လှူကြသည်။ အိမ်တိုင်းတစ်အိမ်လျှင်မြေအိုးတစ်လုံး(သို့) ကော်ပုံး၊ ကော်ဇလုံများဝယ်ပြီး၎င်းအိုးထဲတွင် ဆန်၊ ဆီ၊ ဆား၊ငါးပိ၊ ကြက်သွန်၊ အာလူး၊ကန်စွန်းဥ၊ငါးခြောက် စသည်တို့ကို အိုးအပြည့်ထည့်ပြီး ငွေပဒေသာပင် တစ်ခုစိုက်ထူကာ တစ်ယောက် တစ်အိုးစီ ရွက်လျက် ဝါခေါင်လပြည့် အဖိတ်နေ့ ညနေ နေအေးချိန်တွင် ဘုန်းတော်ကြီး ကျောင်းများသို့ သွားပို့ကြရပါ သည်။ လပြည့်နေ့ (၉)နာရီ ခန့်အချိန်တွင် သီလခံယူ ရေစက်ချ အမျှအတန်းပေး ဝေကြပါသည်။
မွန်လူမျိုးတို့သည် အနုဂါမိက ရွှေအိုးမြှုပ်နှံခြင်းအားဖြင့် သံသရာတစ်လျှောက်လုံး ယခုလှူဒါန်းထားသောရွှေအိုးသည် ဘဝ ဆက်တိုင်းတွင် အနောက်မှ အရိပ်ပမာလိုက်နေပြီး နှိုက်ယူ သုံးစွဲမကုန်နိုင်သော အနုဂါမိက ရွှေအိုးဖြစ်ကြောင်း ယုံကြည်စွာ လှူဒါန်း ပူဇော်ကြပါသည်။
ဇင်္ဂမရွှေအိုး -ပေါ့သောဥစ္စာ၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား
နိဒါနရွှေအိုး -လေးသောလယ်ယာမြေ၊ တိုက်တာ အဆောက်အဦ
အင်္ဂသမရွှေအိုး -အသက်မွေးဝမ်းကျောင်းပညာ
အနုဂါမိကရွှေအိုး -ဒါန၊ သီလစသော ကုသိုလ်ပြုခြင်းမှရ သော အကျိုး