ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဝင်ဇာတ်တော်လာ ဗုဒ္ဓမြတ်စွာဖွားမြင်တော်မူသောနေ့၊ သဗ္ဗညုတဉာဏ်တော် ရရှိတော်မူပြီး (၄၅)ဝါ ကာလပတ်လုံး တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးပြီးမဟာသက္ကရာဇ်(၁၄၈) ကဆုန်လပြည့် တွင် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့က ကဆုန်လပြည့်နေ့ကို နေ့ထူးနေ့မြတ်နေ့ အဖြစ်သတ်မှတ်ကြသည်။ဝိသေသအထူးပြုသောနေ့မှာ ဘုရားပွင့်တော်မူသောနေ့၊ဗုဒ္ဓအခါတော် နေ့ဟုသာအသိများထင်ရှားပေသည်။သိဒ္ဓတ္တမင်းသားဘဝဖွားတော်မူသောနေ့တွင်ဗောဓိညောင်ပင်သည်ဖွားဖက်တော်အဖြစ်အတူတူပေါက်ဖွားတော် မူသည်။ သဗ္ဗညုတ ဉာဏ်တော် ရရှိတော်မူပြီး ဘုရားအဖြစ် ရောက်တော်မူသောအခါ ဗောဓိညောင်ပင်ရင်း၌သာ ဘုရားဖြစ်တော်မူသည်။ ထို့ကြောင့် ဗုဒ္ဓ ဘာသာဝင်များသည် ဗောဓိ ညောင်ပင်ကို ပရိဘောဂစေတီအဖြစ် ကိုးကွယ်တော်မူကြ ပါသည်။
ဗောဓိညောင်ပင်စိုက်ပျိုးခြင်း
ဗောဓိညောင်ပင် စိုက်ပျိုးခြင်း အကြောင်းမှာ ဓမ္မ ဒေသနာတော်လာ ဗုဒ္ဓမြတ်စွာသာသနာတော်မှာ အကြင် ပုဂ္ဂိုလ်သည် လောကီလောကုတ္တရာ အကျိုးနှစ်ဖြာ ရည်ရွယ် ကာ မဟာဗောဓိပင်ကို စိုက်ပျိုးပါလျှင်၊ လူချမ်းသာနတ်ချမ်းသာ ခံစားစံစားပြီး နောက်ဆုံးဘဝတိုင် အဂ္ဂသာဝကဗောဓိဉာဏ်၊ ပကတိသာဝကဗောဓိဉာဏ်၊ မဟာသာဝကဗောဓိဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သဗ္ဗညုတ ဗောဓိဉာဏ်၊ ဗောဓိဉာဏ်(၅)ပါးမှ တစ်ပါးပါးရရှိတော် မူပြီး နိဗ္ဗာန်ဝင်စံနိုင်ကြောင်း ဟောကြား ထားသောကြောင့်လည်းကောင်း ဗောဓိညောင်ပင်ကို စိုက်ပျိုး ကြပါသည်။
ညောင်ရေသွန်းလောင်းခြင်း
ဗုဒ္ဓဘာသာမွန်လူမျိုးတို့သည်လည်းကဆုန်လပြည့်နေ့ရောက်တိုင်းဗောဓိညောင်ပင်ကိုရေသွန်းလောင်းကာ ညောင်ရေ သွန်းပွဲတော်ကို ကျင်းပကြပါသည်။ကျင်းပခြင်း၏အဓိကအကြောင်းအရင်းမှာမြတ်စွာဘုရား၏ဖွားဖက်တော်ဖြစ်တော် မူ၍ လည်းကောင်း၊မြတ်စွာဘုရားပွင့်တော်မူရာပင်ရင်းဗောဓိပင်နှင့်ရွှေပလ္လင်ကိုရည်ရွယ်၍(ပရိဘောဂစေတီ)လည်းကောင်း၊မွန်ဒေ သ ရာမညတိုင်း၌ ဆယ့်နှစ်လရာသီတွင် ကဆုန်လသည် အပူပြင်းဆုံးလ ရေအခမ်းခြောက်ဆုံးလ ဖြစ်သော ကြောင့် ဗောဓိပင်ရေခမ်းခြောက်သွားမည်ကိုစိုးရိမ်သောကြောင့်လည်းကောင်းရည်ရွယ်ကာညောင်ရေသွန်းပွဲတော်ကိုကျင်းပကြခြင်း ဖြစ်သည်။
ညောင်ရေသွန်းပွဲတော်ကျင်းပသည့် ကဆုန်လပြည့် နေ့တွင် ညောင်ရေသွန်းလောင်းရန် ရောက်ကြသော ပရိသတ် များကို အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးကြသည်။