မွန်အပျိုလူပျိုတို့သည် နှစ်ဖက်သောမိဘများက သဘောတူသောကြောင့် လည်းကောင်း၊ လူငယ်အချင်း ချင်း သဘောမျှကြသောကြောင့်လည်းကောင်း ၊အကြောင်း ကြောင်းကြောင့်လက်ထပ်ထိမ်းမြားကြတော့မည်ဆိုလျှင်ထိမ်းမြားလက်ထပ်ခြင်းမပြုမီ စေ့စပ်ကြောင်းလမ်းရ၏။စေ့စပ်ကြောင်းလမ်းခြင်းကိုမွန်ဘာသာဖြင့်“ဗ္ဂပ်ဖျပ်မှာန်မှုက်--”ဟုခေါ်သည်။ စေ့စပ်ကြောင်းလမ်း ရာတွင် ယောကျ်ားလေးဖက်မှ အိမ်ထောင်မပျက်ဖူးသော လင်စုံ မယားစုံရှိသည့် ယောက်ျား သို့မဟုတ် မိန်းမ သုံးယောက် သို့မဟုတ် ခုနစ်ယောက် တို့သည် သမီးရှင်အိမ်သို့ သွား ရောက်ကာ သမီးရှင်၏ လူကြီးမိဘများနှင့် သမီးကိစ္စ အတွက် စေ့စပ်တိုင်ပင်ကြသည်။ ဤသို့ မသွားမီ ယောကျ်ားလေးဖက်မှ ကြိုတင်အကြောင်းကြားထားလေ့ ရှိသည်။ လူငယ်အချင်းချင်းချစ် ကြိုက်၍ မေတ္တာမျှသည့် ကိစ္စတွင် သမီးရှင်ဖက်ကသဘော မတူ လျှင် “သမီးနှင့် တိုင်ပင်ရပါစေဦး၊သမီးလေးကငယ်ပါသေးသည် ”စသည့် အကြောင်းပြချက်ဖြင့် ငြင်းပယ်တတ်၏။
သမီးရှင်ဖက်က သဘောတူကြလျှင်မူ“ထမင်းအုပ် ဘယ်နှစ်အုပ်နှင့် လာစေချင်သလဲ” ဟုမေးကြသည်။ မင်္ဂလာကိစ္စအတွက် တော်သင့်ရုံမျှ စီမံနိုင်သူများက အနည်း ဆုံး ထမင်းအုပ် ၁၀၀ အထိ ပြုလုပ်ရန် သဘော မျှကြသည်။ ထမင်းအုပ်သဘောမှာ ယခုခေတ် မင်္ဂလာ ကိစ္စအတွက်မည်၍မည်မျှအကုန်အကျခံသည်ကိုပြောဆို သော စကားဖြစ်သည်။ ပစ္စည်းအစား ထမင်းအုပ်နှင့် ပြောခြင်းပင်ဖြစ်သည်။မိန်းကလေး၏မိဘများက သမက် ရွေးရာတွင် ဥစ္စာပေးသူထက် ရိုးသားဖြောင့်မတ်သူ၊ အလုပ် ပိုမိုလုပ်နိုင်သူကို လိုလားကြသည်။ယောကျ်ား လေးဖက်ကလည်း မိန်းကလေးများကို ရုပ်ရည်လှပသူ ထက်အလုပ်လုပ်နိုင်သူ၊အိမ်ထောင်မှုကျွမ်းကျင်သူ၊ ချက် ပြုတ် ကောင်းသူ အကျင့်သိက္ခာနှင့် ပြည့်စုံသူ၊ ရိုးသား ဖြောင့် မတ်သူတို့ကို ချွေးမအဖြစ် ရွေးချယ်လိုကြ သည်။ စေ့စပ်ပြောဆိုစဉ်ကပင် မင်္ဂလာအတွက် ရက်ကောင်းရက် မြတ်ကို ရွေးချယ်ကြသည်။
မွန်လူမျိုးတို့သည် ဝါတွင်းသုံးလအတွင်း၌ မင်္ဂလာ ဆောင်အခမ်းအနားကိုမကျင်းပကြချေ။မင်္ဂလာအခမ်း အနားကျင်းပရန်ကဆုန်၊တန်ဆောင်မုန်းနှင့်တပေါင်းလများကို အကောင်းဆုံးလများအဖြစ်သတ် မှတ်ကြသည်။ အကြောင်းအမျိုးမျိုးကြောင့်ဤလများတွင်မကျင်းပနိုင် လျှင်ဝါတွင်း သုံးလမှ လွတ်၍ရက်စုံသော ဝါဆိုနှင့်ပြာသို ကို ရွေးချယ်ကြသည်။ ရက်မစုံသောလများကိုမူ လုံးဝ ပယ်ကြသည်။ အထူးသဖြင့်တန်ခူးလကိုရှောင်ကြသည်။ အဘယ်ကြောင့်ဆိုသော်မွန်လူမျိုးတို့၏အဆိုအရ“ တန်ခူး လတွင် ကျီးကန်းသည်ပင်လျှင် အသိုက်မဆောက်” ဟူ၍ ဆိုကြသည်။
မင်္ဂလာဆောင်ရက်အဖြစ်ကိုမူလဆန်းကိုရွေးချယ်ကြသည်။ ယခုအခါမှာကား စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်များကို အထူး ထည့်စဉ်းစားကြပါသည်။မင်္ဂလာရက် သတ်မှတ် ပြီးနောက်မင်္ဂလာကိစ္စအတွက်နှစ်ဖက်သေ ာဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ကြားရသည်။ စေ့စပ်ကြောင်းလမ်းစဉ်က သဘောတူထားခဲ့သည့်အတိုင်းကုန်ကျ စရိတ် အနည်းအများကိုလိုက် ၍ လူဖိတ်ရသည်။ မင်္ဂလာဆောင်မည့်နေ့မတိုင်မီ သတို့သားဖက်မှလည်းကောင်း၊သတို့သမီးဖက်မှလည်းကောင်း လင်စုံမယားစုံခုနစ်စုံကိုကြိုတင်ဖိတ်ထားရသည်။ လင်စုံမယားစုံရွေးချယ်ရာတွင် သားသမီးများများမွေးသူ၊ ဂုဏ်ရှိသူများကို ဦးစားပေးရသည်။ ရာဇဝတ်ဒဏ်သင့်ဖူး သော သားသမီးရှိသည့် မိဘများကို မရွေးချယ်ဘဲအခြား တွင် ရှာဖွေ၍မရမှသာ ရွေးကြသည်။သားမိုက်မိဘဖြစ်ရ သည်မှာမင်္ဂလာကိစ္စတွင် မျက်နှာငယ်ရသည်။
မင်္ဂလာပွဲကို မွန်ဘာသာဖြင့် “မ်္ဂုထပ်တဲ” ဟု ခေါ်သည်။မင်္ဂလာဖိတ်ရာတွင် ဆေးလိပ်ကို ငွေဖလား၌ ထည့်ပြီး အိမ်ပေါက်စေ့ဆေးလိပ်ဖြင့် ဖိတ်ကြသည်။ ယခု အခါ ဖိတ်စာများဖြင့်လည်း ဖိတ်ကြသည်။ လိုက်ဖိတ်သူ များမှာ မိစုံ၊ ဖစုံ သို့မဟုတ် လင်စုံမယားစုံအမျိုးသမီးများ က ဝတ်စုံအသစ်များဖြင့် လိုက်ဖိတ်ရသည်။ မင်္ဂလာရက် တိုင်မီ တစ်ရက်ဖြစ်သော အကြိုနေ့ ညနေဘက်တွင် အပျိုစင်သုံးဉီးက ရွှေဖရုံ သီး၊ အုန်းသီး၊ ကြာဆန်၊ သေင်္ဘာသီး အအေးစာ များကို သတို့သမီးအိမ်သို့ သွားပို့ထား ရသည်။ ပို့ထားသော ပစ္စည်းများမှာ အရေ အတွက်အားဖြင့် မဂဏန်းဖြစ်ရမည်။ သွားပို့သော အပျို သုံးဉီးကို ဆေးလိပ်နှစ်လိပ်စီ ကမ်းပေးရသည်။ သတို့ သမီး အိမ်၌သာ ကျင်းပကြသဖြင့် မင်္ဂလာသတို့သား နှင့် လူကြီးများ၊ သတို့သားဖက်မှ ဆွေမျိုးမိတ်သင်္ဂဟ များ သတို့သမီး အိမ်သို့လာရသည်။ မင်္ဂလာရက်တွင် သတို့ သားဖက်မှ သတို့သမီး အိမ်လာသောအခါ အောက်ပါအစီ အစဉ်အတိုင်း လာရသည်။
လင်စုံမယားစုံ ခုနစ်စုံဖြစ်သောလူကြီးလုပ်သူ ၁၄ ဉီးက ကိုယ့်အတွဲနှင့်ကိုယ် ရှေ့ဆုံးကလာရသည်။ မင်္ဂလာ အိမ် တက်တောင်းကို သမီးဉီး(သမီးကြီး)ကရွက်ကာ လူ ကြီး များနောက်မှ လိုက်ရသည်။ ယင်းမင်္ဂလာအိမ်တက် တောင်းကို မွန်ဘာသာဖြင့် “နကိုန်” ဟုခေါ်သည်။ လှပ စွာရက်ထားသော တောင်း သို့မဟုတ် သရိုးကိုင်ထားသော တောင်း သို့မဟုတ် မှန်စီရွှေချထားသော တောင်းကို အိမ် တက်တောင်းအဖြစ် အသုံးပြုကြသည်။ တောင်း၏ပုံသည် ရွှေိဖရုံသီးပုံကဲ့သို့ လုံးဝန်းပါသည်။ မင်္ဂလာအိမ်တက် တောင်းထဲတွင် အရှည်တစ်တောင် ခန့်ရှိသောအုန်းပင် တစ်ပင်၊ကွမ်းသီးပင်ပေါက် တစ် ပင်၊ ကွမ်း၊ ကွမ်းသီးဆေး၊လက်ဖက်၊ ငရုတ်၊ ကြက်သွန်၊ ဆန်၊ ဆီ၊ ဆားစသည့် အိမ် ထောင်တစ်ခု၏ ဝမ်းစာပစ္စည်းများကို စတိအဖြစ် ထားပြီး တောင်းကိုပုဝါဖြင့် ပတ်ထားသည်။ မင်္ဂလာ တောင်းရွက်သူသမီးဦးနောက်တွင်သမီးလတ်၊ သမီးထွေး စသည် ဖြင့် အစဉ်အတိုင်း ထမင်းအုပ်ရွက်သူအပျိုစင်များ လိုက်ပါရသည်။ ထမင်းအုပ် ၂၅ အုပ်နှင့် လာသည်ဟု ဆိုလျှင် သမီးလတ် က စ၍ အပျိုစင် ၂၅ ဦးတို့က အစဉ် အတိုင်းနောက်ကရွက်ခဲ့ရသည်။ထမင်းအုပ်တွင် စားဖွယ် သောက်ဖွယ် ချိုချဉ်မျိုးစုံ ကွမ်းဆေးနှင့် လက်ဖက်တို့ ပါဝင်သည်။ယင်းတို့နောက်မှ ခန်းဝင်ပစ္စည်းများကို ယောကျ်ား၊ မိန်းမစုပေါင်း၍ သယ်လာခဲ့ကြသည်။ သတို့သားလည်း ခန်း ဝင်ပစ္စည်းသယ်ယူသူများနှင့်အတူလိုက်ပါလာသည်။ ခန်းဝင် ပစ္စည်းသယ်သူများ၏ နောက်မှ အိုးစည်ဗုံမောင်း အဖွဲ့က အဆိုအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် လိုက်ပါ လာကြသည်။ သတို့သားအဖွဲ့ သတို့သမီးအိ မ်မရောက် ခင် လမ်းမှာဆီး၍ ရွှေဆွဲကြိုးဖြင့်တားကြသည်။ တားသူ များက မသိဟန်ဆောင်၍ မေးခွန်းများမေးလျှင် လာသူ များက ပြေလည်အောင် ဖြေဆိုရသည်။ ရွှေဆွဲကြိုးတား သူများကို ငွေ၊ ဆေးလိပ်၊ မုန့် စသည့်ဖြင့်ပေးကြရသည်။ တားသူများက မသိဟန်ဆောင်၍ “မင်းတို့မည်သည့် အမျိုးအနွယ်ဖြစ်ပြီး ယခုဘယ်သွားကြမည်နည်း” ဟုမေး လျှင်သတို့ သားဖက်မှ “ကျွန်တော်တို့ ဗြဟ္မာမျိုးနွယ် တွေပါ။ဟိုအိမ်မှာအကူအညီမရှိတဲ့အတွက် (ဝိုင်းကူလုပ် ပေး မယ့်သူ) အကူအညီပေးရန်လာကြောင်း” အချက် ကျကျ ဖြေကြရသည်။
“အချိန်အခါမဟုတ် လူစုလူဝေးနှင့် ညံညံစီစီ ပစ္စည်းကိရိယာ စုံလင်စွာဖြင့် မည်သည့်ကိစ္စနှင့် လာကြ ကြောင်း” ကိုမေးလျှင် သတို့သားဖက်မှ “ယခုကဲ့သို့ ဖြစ် လာရခြင်းမှာ တခြားကြားသိရလို့ တို့မိဘ မောင်နှမတွေ ကအိမ်ကိုလုပ်ကျွေးဖို့စေလွှတ်လိုက်ခြင်းဖြစ်၍ လက်ခံ/ မခံ သိလိုကြောင်း ပြောကြမည်။ ထိုအခါ သတို့သမီး ဖက် မှ “ယခုအလုပ်အကျွေး လာလုပ်သူမှာ လူဆိုး လူကောင်း မသိရ ကြောင်း၊ ကြွေးမြီ ကင်းသူဟုတ်မဟုတ်၊ ရာဇဝတ် မှုကင်း မကင်းနှင့် အခြားပြုစု ရမည့်သူ အပိုရှိ မရှိ သိလို ကြောင်း”မေးကြသည်။ ထိုအခါ သတို့သားဖက်က “ ယခု လာသူမှာ အကျင့်စာရိတ္တကောင်းသည့်သူ လူရိုးလူဖြောင့် ဖြစ်ကြောင်း၊ ရာဇဝတ်မှုအပြစ် ကင်းကြောင်း ရိုးမြေကျ လုပ်ကျွေးပြုစုမည့်လူဖြစ်၍ လက်ခံရန် အနူးအညွတ် တောင်းပန်ပါသည်” ဟု ပြောဆိုသည့်အခါ သတို့သမီး ဖက်မှ လူကြီးများကအားလုံးကို အိမ်ပေါ်သို့တက် ကြရန် ဖိတ်ခေါ်လိုက်ကြသည်။သတို့သမီးအိမ်ပေါ်သို့ရောက်သောအခါလှေကားထိပ်၌ အမွှေးနံ့သာရည်၊ မြေစာပင်၊ သပြေခက်ပါရှိသောငွေဖလား(သို့မဟုတ်)ခွက်တစ်ခုခုဖြင့် အသင့် စောင့်ဆိုင်း နေသည့်သတို့သမီး၏ မိခင်က အစဉ်အတိုင်း တက်လာ ကြသော သတို့သားဖက်မှပရိတ်သတ်များကို သပြေခက် ဖြင့်အမွှေးနံ့သာရည်ဖျန်းပက်ကြသည်။ထို့နောက်အခမ်းအနားကျင်းပသည့်နေရာတွင်သတို့သမီးဖက်မှ လူကြီး ခုနစ် စုံနှင့် သတို့သားဖက်မှ လူကြီးခုနစ်စုံတို့သည် မျက်နှာ ချင်းဆိုင်စီတန်း၍ ထိုင်ကြသည်။ သတို့သားအိမ်က သမီး ဦး ရွက်လာ ခဲ့သော မင်္ဂလာတက်တောင်းကို သတို့သမီး အိမ်ကသမီးဦးကပင်ကမ်းယူ၍နေရာတကျထားရသည်။ ထိုနည်းအတိုင်း သမီးလတ်လက်မှ ထမင်းအုပ်ကို သတို့သမီးဘက်က သမီးလတ်ကလည်း ကမ်းယူ၍ သတ်မှတ်ထားသည့်နေရာတွင် ထားကြရသည်။ မင်္ဂလာအိမ်တက်တောင်းနှင့် မင်္ဂလာထမင်းအုပ် (ဆွမ်းအုပ်) များကို အလယ်တွင် နေရာချထားကြသည်။ အိမ်အခန်းအကျယ် ကိုလိုက်၍အခမ်းအနားပြင်ဆင်ကြသည်။ တစ်ချို့တတ်နိုင်သူများကမဏ္ဍပ်ဆောက်လုပ်ကြသည်။ ဟိုတယ်များတွင်လည်းကောင်း၊ တည်းခိုခန်းမများတွင် လည်းကောင်း ပြုလုပ်တတ်ကြသည်။ မင်္ဂလာအိမ်တက် တောင်းကိုပုဝါဖြင့်အုပ်၍ထမင်းအုပ်များကိုပုဆိုးရှည်ဖြင့် လည်းဖုံးအုပ်ထားရသည်။အားလုံးနေရာတကျဖြစ် သော အခါသတို့သမီးဖက်မှ ခေါင်းဆောင်တစ်ဦးက မင်္ဂလာကိစ္စ ကိုမေး၍ သတို့သားဖက်မှခေါင်းဆောင်တစ်ဉီးက ပြန်ဖြေ ရသည်။မေးကြဖြေကြရာတွင် သာမန်စကားဖြင့် ရိုးရိုးမဟုတ်ပဲ မွန် ဘာသာဖြင့် ဖွဲ့ဆိုထားသော အလင်္ကာကို အသံနေ အသံထားဖြင့် ရွတ်ဆိုမေးဖြေကြသည်မှာ စိတ်ဝင်စား ဖွယ်ကောင်းလှသည်။ ဤမေးဖြေခြင်းမျိုးသည် အချို့ ဒေသများတွင်ယခုတိုင်ရှိသေးသည်။အရပ်ဒေသကိုလိုက် ၍အလင်္ကာဖွဲ့ဆိုထား ပုံမတူညီကြသော်လည်း သဘော ထားက အတူတူပင်ဖြစ်သည်။ ဤကဲ့သို့ပြုလုပ်သည့် မင်္ဂလာအခမ်းအနားမှမူဩဝါဒ ပြောတတ်ဆိုတတ်သူ တစ်ဦးသော်လည်းကောင်း၊ သို့မဟုတ် မင်္ဂလာဩဝါဒ ချီးမြှင့်သည့် ဆရာကြီးတစ်ဦးဦးက သော် လည်းကောင်း သတို့သားနှင့်သတို့သမီး နှစ်ဦးအား တစ်ဦးချင်းစီကို ကောင်းနိုးရာရာ ဆုံးမဩဝါဒ ပေးကြပါသည်။
မေးကြဖြေကြပုံကို ဖေါ်ပြရပါမူ “မေတ္တာကြိုး သွယ် ဗြဟ္မနွယ်တစ်ရပ်တစ်ဆွေလုံးပေါင်းစု၍ ပိုးနုပုဝါ ပါးဖြင့်ဆင်မြန်းလာသည်မှာ နတ်သဘင်ဝယ်နတ်မယ်လှ ပမာ ထယ်ဝါလှပါဘိ၏။ ကွမ်းဆေး၊ လက်ဖက်၊ အုန်း၊ ထန်းအစုံတို့ဖြင့် ကျွန်ုပ်တို့ထံ ရောက်လာသည့် ကိစ္စကို ရှင်းလင်းတော်မူပါ။ ရှိလျှင် အလိုဖြည့်ရန် ဖြစ်၍ မရှိက ကန်တော့ရန်ဖြစ်ပါ၏။ မြန်မြန်သာပြောပါကွယ်ဗြဟ္မာနွယ်”ဟုသတို့သမီးဖက်မှ မေးခြင်းကို သတို့သားဖက် ဖြေကြားပုံမှာ“ မေတ္တာ ကြိုး သွယ်ဗြဟ္မာ နွယ် ရွှေ၊ ငွေ၊ လှေ၊ လှည်း လည် ဖြေလည်း မလိုချင်ပါ သတို့သားငယ်သည် ယခုအခါအရွယ် ရောက် လာပါပြီ။ဘဝရေစက်နှိုးဆော်ချက်ဖြင့်အဆွေသတို့သမီး နှင့် မေတ္တာဆက်လို ကြောင်း ပြောလာသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့လာအပ်ရသည်။ စိတ်တူသဘောတူလျှင် နှစ်ဦး နှစ်ဖက် မေတ္တာမျှ၍ အေးရေစဉ်ဖျန်း မေတ္တာပန်းပွင့် ကြ ရန်ဖြစ်ပေသည် ဗြဟ္မာ နွယ်” ဖြစ်ပါ သည်။
ဆက်လက်၍ သတို့သမီးဖက်မှ “မေတ္တာကြိုး သွယ် ဗြဟ္မာနွယ် ပစ္စည်းဉစ္စာများ ယူဆောင်လျက် ကျွန် တော်တို့ထံ သင်တို့ ရောက်လာပါပြီ။ သတို့သားငယ် သည်မည်သို့သောသူနည်း။ ခေါင်းမာ၍ ပြောရခက်သော သူဖြစ်လျှင်လည်းဖြစ်ပေသည်။လက်ထပ်ပြီးသောသူ ဖြစ် ချင်ဖြစ်ပေသည်။ အာမခံသူမရှိဘဲ ကျွန်တော်တို့သည် သတို့ သားငယ်အား သမက်အဖြစ် လက်မခံရဲပါ။ သမက် မတော်ဝံ့ပါ”ဟု ပြောပြီးလျှင် သတို့သားမှပြောကြား ပုံ က “မေတ္တာကြိုးသွယ် ဗြဟ္မာနွယ်နားကို ဖွင့်၍စွင့်ပါ လော့။ သတို့သား၏အကြောင်းကို ပထမဦးစွာ ပြောပြ ပါမည်။ သတိုးသားငယ်၏ လှပသော ရုပ်ရည်ရူပါကကို မြင်သူတိုင်း ချစ်ခင်လိမ့်မည်။ သူတို့သားငယ်မှာ အရက် မသောက်၊ ဘိန်းမရှူ၊ လောင်းကစား မပြုပါ။ မယုံပါက စုံစမ်းနိုင်ပါသည်။ အလုပ်လုပ်ရာတွင် လျင်မြန်ဖျတ်လတ် ပြီး သတိဝီရိယနှင့်လည်း ပြည့်စုံပါသည်။ သတို့သား၏ အရည် အသွေးကိုသိပြီးသည့်နောက်မှသမက်အဖြစ် လာ ရောက် အပ်နှံခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ အာမခံ ပါသည်။သမက်အဖြစ်လက်ခံလိုက်ပါတော့”ဟူသတည်း။
ဤကဲ့သို့ အမေးအဖြေနှင့် တစ်ဆက်တည်းပင် သတို့ သမီးဖက်မှ ကိုယ်ရည်ကိုယ်သွေး ထုတ်ဖော်ပြော ကြားပြန် သည်။ ချစ်ခင်နှစ်သက်ဖွယ် ကောင်းသော သတို့သမီးငယ် သည်မိခင်ကောင်းဖြစ်နိုင်သည်။ ဝိသာခါ ကဲ့သို့ ကောင်းသော အရည်အချင်းနှင့်ပြည့်စုံ ပါသည်။ မြင်ရသူအပေါင်းက ချွေးမ တော်ချင်ကြသည်။ မိန်းမများ တတ်သင့််တတ်ထိုက်သောအိမ်တွင်းမှုပညာများ၊ ယက္ကန်း အတတ်၊ ဗိုင်းငင် ၊ ဝါဖတ် အတတ်များအပြင် ရောင်းဝယ် ဖောက်ကားခြင်းလည်း ကျွမ်းကျင်လိမ္မာပါသည် အစရှိ သည်ဖြင့် မိမိတတ်ထားသည့် ပညာရပ်များ ထုတ်ဖော် ပြောကြားသည်။ တဖန် သတို့သားငယ်သည် ရိုးသား၍ ကြိုးစားခြင်း၊ အမြော်အမြင်ကြီးမားခြင်း၊ ယောကျ်ားတို့ တတ်အပ်သောအတတ် “တစ်ဆယ့်ရှစ်ပါးအပြင် အခြား အရေးတွင်လည်း စိတ်ပါဝင်စားခြင်း၊ ဗေဒင် အတတ်ပညာ တတ်မြောက်ခြင်း ”အသက်(၂၀)ဆယ် ကျော်သောအခါ ပဥ္စင်း တက်၍ မိုးတွင်း စာပေကျမ်းဂန်များကို လေ့လာ ဆည်းပူးခဲ့သည့် ဂုဏ်ပုဒ်ကို ထုတ်ဖော်ကြသည်။ ဤ ကဲ့သို့ အပြန်အလှန် ဖော်ထုတ်ပြီးလျှင် လက်ထပ်ပွဲကို စ ကြသည်။
လက်ထပ်ပုံမှာ သတို့သားနှင့် သတို့သမီးတို့ကို နှစ်ဉီး ယှဉ်ထိုင်စေပြီးနောက် မြေဇာမြက်၊ ပန်း၊ နံ့သာ ထည့်သွင်း ပြင်ဆင်ထားသော ငွေဖလားတစ်ခုတွင် လက်တစ်ဖက် နှစ်ထားရသည်။ လက်နှစ်ထားစဉ် လက်ထပ်ပေး သူဆရာကြီးက မင်္ဂလာဆောင်အပ်နှင်းကြောင်းဂါထာကိုရွတ်ဆိုရသည်။ ဂါထာဆုံးလျှင်လက် အသီးသီးထုတ်၍ သတို့သမီးလက်ပေါ်သို့ သတို့သား လက်အုပ်ကာ ပုဝါစည်းထားရသည်။ လက်ထပ် ဂါထာ ကိုလည်းရွတ်ပြီးလျှင်လင်ကျင့်ဝတ်မယားကျင့်ဝတ်များ ကိုသွန်သင်ဆုံးမသည်။ လက်ထပ်ပြီးလျှင်ဆရာကြီး ဖြစ် သူကဂါထာကိုတစ်ပိုဒ်ဆိုရင်း မင်္ဂလာအိမ်တက် တောင်း တွင်အုပ်ထားသည့်ပုဝါကို ရှေးဦးစွာဖြေးဖြေး ဖွင့်ရသည်။ ထို့နောက် ထမင်းအုပ်များကို ဂါထာရွတ် ဆိုရင်းအုပ်ထား သောပုဆိုးကို လှပ်၍လှပ်၍ တစ်အုပ်ပြီး တစ်အုပ် ဖွင့်ရ သည်။ထမင်းအုပ်ဖွင့်တိုင်း ပရိတ်သတ်များက ကောင်းချီး ဩဘာ လက်ခုပ်တီးကြ သည်။
ထို့နောက်ထမင်းအုပ်အသီးသီးမှ ထမင်းဟင်း ချိုချဉ် များကို အနည်းငယ်စီယူကာ သတို့သားနှင့် သတို့ သမီးလက်ဆုံစားရန်ပေးရသည်။သတို့သားကသတို့သမီး အား စတိထမင်းတစ်လုတ် ခွံ့ကျွေးသည်။ သတို့သမီးက လည်း သတို့သားကို ပြန်ခွံ့ကျွေးရသည်။ ထိုအချိန်တွင် ပင် နှစ်ဦး နှစ်ဖက်သော အိမ်ထောင်စုံလူကြီးများနှင့် ကြွ လာသော ပရိတ်သတ်များကို မင်္ဂလာပွဲထိုင်စားသောက် ကြရသည်။ ပြီးလျှင် သတို့သားနှင့် သတို့သမီးတို့သည် နှစ်ဖက်သော လူကြီးမိဘများအား ကန်တော့ကြသည်။ ဤအခါ မိဘနှစ်ပါးက ရွှေ၊ ငွေ၊ ကျွဲနွား ၊ ထွန်၊ ထယ် စသည့် လယ်ယာလုပ်ကိရိယာများကို ပရိတ်သတ်ရှေ့ တွင်ပြော၍ပေးသည်။ ဤသို့ပေးခြင်းမျိုးကို မွန်ဘာသာ ဖြင့်“စွတ်တမ်”ဟုခေါ်သည်။အရင်းအနှီးပေးသည်ကို ဆို လိုသည်။ ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအဖေါ်များ ကလည်း သတို့သားနှင့် သတို့သမီးတို့အား အသုံး အဆောင် လက်ဖွဲ့ပေးကြသည်။ပြီးလျှင်မင်္ဂလာ အောင် ပွဲ ရွှေမိုး၊ငွေမိုး ရွာချသည့်အနေဖြင့်ပိုက်ဆံနှင့်ပန်းပေါက် ပေါက်များကို ကြဲချကြသည်။
မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ ပြီးလျှင် သတို့ သားသည် မိမိအိမ်သို့သွားပြီး ညနေမိုးချုပ်မှ သတို့ သမီးအိမ် သို့လာသည်။ ဤကဲ့သို့ခုနစ်ရက်တိတိလာပြီး ခုနစ်ရက်ပြည့်သောနေ့တွင် နှစ်ဖက်သော ဆွေမျိုးအကြီး အကဲများ၊ မိဘများကို သတို့သားနှင့်သတို့သမီး တို့က ကန်တော့ပွဲနှင့် လည်၍ ကန်တော့ရသည်။ ဆွေမျိုး အကြီးအကဲများကလည်း ဆုမွန်ကောင်းတောင်း၍ လက် ဖွဲ့ပစ္စည်းများ ပေးကြသည်။
မွန်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂ လာပွဲပြီးလျှင် မင်္ဂလာဦးခြင်ထောင်ကို စုပေါင်း၍ ရက်လုပ်ကြသည်။ မင်္ဂလာပွဲပြီးချိန်မှစ၍ ဇနီးဖြစ်သူ မင်္ဂလာဦးခြင်ထောင် ရက်လုပ်ရန်အတွက် ခင်ပွန်းဖြစ် သူကငွေများပေးသည်။ဇနီးဖြစ်သူကမင်္ဂလာဉီးခြင်ထောင် ရက်လုပ်ရာ သတို့သားဖက်မှ ဆွေမျိုးများက စုပေါင်း၍ သတို့သမီးနှင့်အတူ ကူညီရက်လုပ် ကြသည်။စုပေါင်းလာ ရောက်ကူညီသူများအတွက် မုန့်လက်ဆောင်း၊ ထမင်း စသည်တို့ဖြင့် ကျွေးမွေးဧည့်ခံကြသည်။ လူတိုင်းဝင်၍ ရက်သည့်ခြင်ထောင်မှာ ခိုင်ခန့်ကြီးမားပြီး ကိုယ်လိုချင် သောအတိုင်းအတာအထိ ရက်ကြသည်။ အများအားဖြင့် အနီရောင် အဖြူအဝင်း ဖြစ်သည်။ ယခုအခါမှာကား စတိုးဆိုင်များတွင် ကိုယ်လိုခြင်သော ပုံစံအရွယ်အလိုက် အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် မင်္ဂလာဦး ခြင်ထောင်မှာ ပျောက်ကွယ်လုမတတ်ဖြစ်နေ ပါသည်။
မင်္ဂလာပွဲပြီးလျှင်ဇနီးမောင်နှံသည် ဇနီးသည်၏ မိဘများနှင့်အတူတကွ လုပ်ကိုင်စားသောက်နေထိုင် ကြ သည်။ ဤနည်းဖြင့် မိဘနှင့်အတူ တစ်လမှ သုံးနှစ်အထိ အတူတကွ နေထိုင်ပြီး အိမ်ထောင်ခွဲလိုပါက ခွဲကြသည်။ တစ်ချို့ကလည်း သက်ဆုံးတိုင်မိဘနှင့်မခွဲပဲ အတူနေကြ သည်။