မွန် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မွန်ဓလေ့တပို့တွဲလပြည့်ထင်းမီးပူဇော်ပွဲ
Image

    မြန်မာ့ဆယ့်နှစ်လရာသီတွင် တပို့တွဲလသည် ဧကဒသမမြောက်လဖြစ်သည်။ ဟေမန္တဉတု၏တတိယလဖြစ်သည်။တပို့တွဲလသည် ရာသီဉတုအေးမြပြီး နှင်းမြူဆိုင်းသော လလည်းဖြစ်သည်။ တောင်သူလယ်သမားများအဖို့ စပါးရိတ်သိမ်းနယ်လှေ့ပြီးကောက်ပဲသီးနှံဖြစ်သော မြေပဲ၊ နေကြာမျိုးစုံဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီးစီး၍ စိမ်းလန်းစိုပြေနေသောအချိန်အခါဖြစ် သည်။ မွန်လူ မျိုးတို့သည် အများအားဖြင့်လယ်ယာလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသောကြောင့် တပို့တွဲလသည် လုပ်ငန်းခွင် သက်တောင့်သက်သာဖြစ်သောအချိန်ကာလဖြစ်သောကြောင့် ဘုရားပွဲ၊ အလှူ ဒါနပွဲ၊ ပျော်ပွဲရွှင်ပွဲ ကျင်းပလေ့ရှိသော လဖြစ်သည်။ တပို့တွဲလတွင် မွန်လူမျိုးတို့ ကျင်းပသောပွဲ တော်များအနက် ထမနဲထိုးပွဲနှင့် ထင်းမီးပူဇော်ပွဲသည် အခြားတိုင်းရင်းသား ဒေသနှင့်မတူ တစ်မူထူးခြားသော ပွဲတော်တစ်ခုဖြစ်သည်။ 

ထမနဲထိုးပွဲနှင့်ထင်းမီးပူဇော်ပွဲပေါ်ပေါက်လာသည့် အကြောင်း-

         အင်္ဂုလိမာလမထေရ် နုစဉ်ဘဝပါရမီ ဖြည့်ဆည်းသော အချိန်က သူဆင်းရဲသားလယ်သမားဘဝတွင်   လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြု၏။ တစ်နေ့သော နံနက်ခင်းစောစောအချိန် နှင်းများကျလျက် ထယ်ထိုးခြင်းအမှုကို ပြုလုပ်နေ၏။ထိုအချိန်တွင်ပစ္စေကဗုဒ္ဓါအရှင်သူမြတ်သည်ဆွမ်းခံကြွလာသည်။ နှင်းများကျနေသဖြင့် အရှင်သူမြတ်၏ သင်္ကန်းတော်မှာ စိုရွှဲ ကာ ကောက်ရိုးမီးမွှေးကာ အရှင်သူမြတ်ကို နွေးထွေးစေ ပါသည်။ပါလာသောယာဂုထမင်းကိုဆွမ်းအလို့ငှါလောင်း လှူလိုက်ပါသည်။ ဤ ကောင်းမှုကုသိုလ်အဟုန်ကြောင့် လူပြည်နတ်ပြည်တို့တွင်ကျင်လည်ပြီးနောက်ဆုံး အင်္ဂုလိ မာလဘဝတွင် ပစ္စေကဗုဒ္ဓါ မီးလှုံပြီးအင်အား ပြန်လည်ပြည့်လာသကဲ့သို့ဆင်ပြောင်ငါးစီး အားမာန်နှင့် ပြည့်စုံကာ သစ္စာတရားလေးပါးကို သိမြင်၊အသဝေါကင်းစင်ရဟန္တာအရှင်သူမြတ်ဘဝဖြင့်ပရိနိဗ္ဗာန်စံရသည်။ မွန်လူမျိုးတို့သည် ဤဒေသနာတော်ကိုလိုက်နာကာ၊ တပို့တွဲလပြည့်နေ့တွင် ထမနဲထိုးပွဲပြုလုပ်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား ထင်းမီးပူဇော်ခြင်းဓလေ့ကို ပြုလုပ် ဆောင်ရွက်ကြပါ သည်။

ထမနဲထိုးပုံအဆင့်ဆင့်

လိုအပ်သောပစ္စည်းများကို(မိုးပြဲဒယ်အိုးတစ်အိုးစာ)

၁။ကောက်ညှင်း            ၄ ပြည်

၂။ဆီ                            ၁ ပိဿာ ၅၀ ကျပ်သား

၃။အုန်းသီး                   ၁၂ လုံး

၄။မြေပဲ                          ၂ ပိသာ

၅။ကြက်သွန်ဖြူ            ၁၅ ကျပ်သား

၆။ဂျင်း                         ၃၀ ကျပ်သား

၇။နှမ်း                          ၁ ဗူး

၈။ဆားအနည်းငယ်

ကောက်ညှင်းကိုရေဆေးပြီး ၄နာရီခန့်စိမ်ထား ရ မည်။ ဂျင်းနှင့်ကြက်သွန်ဖြူကို ဆီနှင့်ကျက်အောင် လှော် ပြီးဆယ်ခပ်ထားပါ။ အုန်းသီးကိုအနီရောင် ပြောင်းအောင် လှော်ထားပါ။ ရေနွေးတစ်အိုးဆူအောင် တည်ထားပါ။

           ကောက်ညှင်းကို ဆီနှင့်အရောင်ဖောက်အောင် လှော်ပါ။ပြီးလျှင်ဆူနေသောရေနွေးချိန်ထည့်ပါ။ ကောက် ညှင်း ရေခမ်းလျှင်ဂျင်း၊ကြက်သွန်ဖြူ၊ အုန်းသီး၊ မြေပဲများ ထည့်အုပ်နှပ်ထားပါ။ကောက်ညှင်းနပ်လျှင်သန်မာသော လူ (၃) ယောက်အနက်မှ (၂)ယောက်ကယောက်မတစ်လက်စီနှင့်ကျန်တစ်ယောက်ကအောင်သွယ်ယောက်မကိုင်ညှိပြီးမွှေရသည်။၎င်းကိုထမနဲထိုးသည် ဟုခေါ်သည်။ မွှေနေချိန်တွင် တစ်ဦးက နှမ်းဖြူးပေးနေရမည်။ သမအောင်မွှေပြီးသောအခါ အနံ့အရသာနှင့် ပြည့်စုံသော ထမနဲဒယ်ကိုရရှိနိုင်ပါသည်။

ထင်းမီးပူဇော်ပုံ

     တပို့တွဲလဆန်း(၁၄)ရက်နေ့တွင် ကျောင်းဒကာလူ လတ်ပိုင်းများက အလျား(၃၀)တောင်၊ အနံ(၁၀) တောင်၊ အနက် (၂)တောင်ခန့်ကျင်းကို ဘုန်းတော်ကြီး ကျောင်း တစ်နေရာတွင်တူးထားကြပါသည်။ လူလတ်ပိုင်းဒကာမ တို့ကထမနဲထိုးရန်အတွက် အုန်းသီး၊ ကြက်သွန်ဖြူ၊ ဂျင်း စသည်တို့ကို ခွဲခြမ်းကြသည်။ နေ့မွန်းလွဲချိန်တွင် ထမနဲ ထိုးမည့် ဆရာများ ရောက်လာကြပြီး ထမနဲထိုးကိစ္စ စတင်လုပ်ဆောင်ကြပါသည်။ ထမနဲထိုးပြီးလျှင် လပြည့်နေ့ဆွမ်းတင်ရန်နှင့် သံဃာတော်များအား ကပ် လှူရန်  ဦးဦးဖျားဖျားဖယ်ပြီးလျှင် ညနေခင်းအချိန်ထင်းမီး (ထင်းတုံးကြီးမဟုတ်ပါ၊ လက်မ၊ လက်သန်းခန့် ထင်းကိုင်းများကို ညီညာလှပစွာ သပ်ထားသည့် ထင်းကိုင်းလေးများသာ ဖြစ်သည်) လာရောက်လှူဒါန်းသည့်ကလေးများကို ကျွေးမွေးဧည့်ခံကြပါသည်။လာရောက်လှူဒါန်းသည့်ထင်းများစုံပါက ကျင်းထဲသို့ စနစ်တကျစီပြီးလျှင် သက်ကြီးရွယ်အိုများက နံ့သာအမွှေးတိုင်များကို အပေါ်တွင် ထပ်တင် ထားကြပါသည်။ ထို့နောက်မီးတိုက်ပူဇော်ကြ ပါသည်။

ထင်းမီးပုံသည်တညလုံးမီးခဲရဲရဲဖြင့်တောက်လောင်နေပါသည်။ညအချိန်အခါ တွင်မွန်လူမျိုးကာလသားများသည်ဝါးပိုးဝါးအစို များ ယူလာပြီး မီးပုံထဲ ပစ်ထည့်လိုက်ချိန် ကျယ်လောင်သောအသံပေါက်ကွဲစဉ်အောင်ပြီ၊အောင်ပြီဟုအော်ကာ လက်ခုပ်ဩဘာ ပေးကြပါသည်။ တပို့တွဲလပြည့်နေ့ နံနက်အာရုံတက်ချိန်တွင် သံဃာတော်များဝတ်ရွတ်တက် အပြီးတွင် မီးစာလှုံကြပါသည်။ ထို့နောက်ကြွရောက်လာကြသောဒကာ၊ဒကာမများက သီလခံယူတရားနာရေစက်ချပြီး အာရုံဆွမ်းနှင့်ထမနဲအချိုပွဲဆက်ကပ် လှူဒါန်းကြပါသည်။ တရားနာကြွရောက်လာသောပရိသတ်များကိုထမနဲစတုဒိသာဖြင့် ဧည့်ခံကျွေးမွေးပြီး ထင်းမီးပူဇော်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပါတော့သည်။