မွန် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မွန်ရိုးရာလယ်နတ်တင်ခြင်းဓလေ့
Image

မွန်လူမျိုးတို့သည် လယ်ယာလုပ်ငန်းခွင် ပျိုးကြဲ ချိန်နှင့်စပါး ရိတ်သိမ်းချိန်တို့တွင် လယ်နတ်တင်ခြင်း ဓလေ့ပြုလုပ်လေ့ရှိကြသည်။

လယ်နတ်တင်ခြင်းဓလေ့ ပေါ်ပေါက်လာပုံမှာ-

ရှေးအခါကတစ်ယောက်သော သူကြွယ်သားသည် အဘသေသည်ရှိသော် မိခင်သည်  “ချစ်သား သင့်အတွက် သတို့သမီးတစ်ယောက်နှင်းပေးအံ့”ဟုဆိုလေ၏။ထိုအခါသူကြွယ်သားသည်“အကျွန်ုပ်သည်အသက်ထက်ဆုံးမိခင်တို့ကိုလုပ်ကျွေးပါအံ့” ဟု ဆိုလတ်သော်မိခင်သည် “ချစ်သား လယ်၌လည်းကောင်း၊ အိမ်၌လည်းကောင်း ပြု ဖွယ်ကိစ္စတို့ကိုသင်သာလျှင်ပြုရ၏။ ထို့ကြောင့် ငါ့အား စိတ်ချမ်းသာခြင်းမည်သည်မဖြစ်။ သို့ဖြစ်၍ သတို့သမီးတစ်ယောက်ဆောင်နှင်းပေးအံ့”ဟု ဆိုလေ၏ ။ သားသည် မိမိ ကြိုက်နှစ်သက်သော အမျိုးကို ညွှန်ကြားလေ၏။ မိခင်သည် လည်း ညွှန်ကြားသော အမျိုးသမီးအိမ်သို့ သွား၍ သတို့ သမီးငယ်ကို ဖိတ်မန်တောင်းဆို နေ့ရက်ကိုမှတ်သား ပြီးလျှင် ထိုသတို့သား၏အိမ်သို့ဆောင်ခဲ့၍ နေစေလေ၏။ ထိုသတို့ သမီးငယ်သည်ကားမြုံခဲ့လေ၏။ ထိုအခါ သူကြွယ်သားကို မိခင်သည် “ချစ်သား၊သင်သည်မိမိအလိုအားဖြင့်သတို့သမီးငယ်ကို ဆောင်လာ၏။ထိုသတို့သမီးငယ်သည် ယခုအခါအမြုံဖြစ်ခဲ့၏။ သားသမီးမရှိသော အမျိူးအမည်သည်ပျက်စီးတတ်၏။ အမျိုး မဆက်နိုင်။သင့်အားတစ်ပါးသောသတို့သမီးငယ်ကိုဆောင်ဦးအံ့ဟုဆိုလေ၏။ထိုသူကြွယ်သားသည် မိခင်ကို“မသင့်လျော်ပါ” ဟု တားမြစ်သော်လည်း မိခင်သည် အဖန်တလဲလဲပြောဆိုလေ၏။ မိန်းမမြုံသည် ထိုမိခင်ဆိုသော စကားကို ကြားရ၍“ သားတို့ မည်သည် မိဘတို့စကားကို လွန်ခြင်းငှာ မတတ်နိုင်ကြကုန်။ ယခုအခါ ငါမှတစ်ပါးသားဖွားနိုင်သောမိန်းမ ကိုဆောင်ယူ၍ ငါ့ကို ကျွန်မ အရာ၌ ထားလတ္တံ့၊ ငါကိုယ်တိုင် သတို့သမီးတစ်ယောက်ကို ဆောင်ရမူကား ကောင်းလေစွ” ဟု ကြံပြီးလျှင် တစ်ယောက် သောအမျိုးအိမ်သို့သွား၍ ထိုခင်ပွန်းယောကျာ်း အလို့ငှာ သတို့သမီးငယ်ကိုဖိတ်မန် တောင်းဆို၍ဆောင်ယူ ခဲ့ပြီးလျှင် လင်ယောကျာ်း၏အိမ်၌ နေစေ၏။

ထို့နောက်မှထိုမိန်းမမြုံအားဤသို့သောအကြံသည်ဖြစ်၏၊“ဤသတို့သမီးငယ်သည်သားယောကျ်ားကို လည်းကောင်း၊ သမီးမိန်းကလေးကိုလည်းကောင်း၊ အကယ်၍ ရသည်ဖြစ်အံ့၊ဤသတို့သမီးသည်သာလျှင် ပစ္စည်းဥစ္စာတို့၏ အရှင်ဖြစ်လတ္တံ့၊ ကိုယ်ဝန်လျှောကျစေခြင်းတည်းဟူသော အခြင်းအရာဖြင့် ပြုသည်ရှိသော် သားသမီးမရ ၊ ထို့သို့ သောအခြင်းအရာဖြင့်သာ လျှင်ထိုသတို့သမီးငယ်ကိုပြုခြင်းငှာသင့်၏”ဟုအကြံဖြစ်လေ၏။ထိုအခါသတို့သမီးငယ်ကိုထိုမိန်းမမြုံသည်“ချစ်သမီး၊သင့်ဝမ်း၌ကိုယ်ဝန်တည်သောအခါငါ့အားအကြောင်းကြားပါလော့”ဟုဆို၏။သတို့သမီးငယ်သည်“ကောင်းပါပြီ”ဟုဝန်ခံ၍ ကိုယ်ဝန်တည်သည်ရှိသော်မိန်းမမြုံအားအကြောင်းကြားလေ၏။သတို့သမီးငယ်အားအာဟာရနှင့်အတူတကွရော၍ ကိုယ် ဝန် ကိုပျက်ကျစေတတ်သော ဆေးကိုပေး၏။ ကိုယ်ဝန်သည် လျှောကျ ပျက်စီးလေ၏။ နှစ်ကြိမ်မြောက် ၌လည်း ကိုယ်ဝန်တည်သည်ရှိသော် အကြောင်းကြားပြန်၏။မိန်းမမြုံသည်နှစ်ကြိမ်မြောက်၌လည်းထို့ အတူကိုယ်ဝန်ပျက်ကျစေပြန်၏။ ထိုအခါ သတို့သမီးငယ်ကို အိမ်နီးနားချင်းမိန်းမတို့သည်“အသို့နည်း၊သင့်လင်တူဖြစ်သောအစ်မသည်အန္တရာယ်ကိုပြုလေသလော”ဟုမေးကုန်၏။သတို့သမီးငယ်သည်ထိုအကြောင်းကိုပြောကြားသည်ရှိသော် “မိုက် လှစွာသော မိန်းမငယ်သင် အဘယ်ကြောင့် ဤသို့ပြုသနည်း ၊ ဤမိန်းမမြုံသည် သင်၏အစိုးတရဖြစ်ခြင်းမှ ကြောက်သော ကြောင့် ကိုယ်ဝန်ပျက်ကျ စေတတ်သော ဆေးကိုဖျော်၍ ပေး၏။ထို့ကြောင့်သင့် ကိုယ်ဝန်သည်ပျက်ကျလေ၏။ တစ်ဖန် ဤကဲ့သို့ပြောဆိုခြင်းအမှုကိုမပြုလင့်”ဟုဆိုအပ်သည်ဖြစ်၍ သတို့သမီးငယ်သည်သုံးကြိမ်မြောက်ကိုယ်ဝန်တည်သောအခါမပြောမဆိုပဲနေလေ၏။ ထိုအခါ သတို့သမီးငယ်၏ ဝမ်းကို မိန်းမမြုံသည်မြင်၍ “အဘယ်ကြောင့် ငါ့အားကိုယ်ဝန်တည်သည့် အဖြစ်ကိုမပြောဆိုသနည်း”ဟုမေးမြန်းသဖြင့် “သင်သည် ငါ့ကိုဆောင်ယူလာပြီးလျှင် နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ကို ပျက်ကျစေ၏။ အဘယ်အကျိုးငှာသင့်အား ပြောဆိုရအံ့ နည်း” ဟုဆိုလတ်သော်ယခုအခါ“ငါသည် ပျက်စီးလေပြီ” ဟုကြံ၍ ထိုသတို့သမီးငယ်၏ မေ့လျော့ခြင်းကို ကြည့်လျက် နေစဉ် ကိုယ်ဝန်ရင့်သောအခါ အခွင့်ကိုရ၍ဆေးကို ဖော်စပ်လျက်ပေးလေ၏။သူငယ်ကိုယ်ဝန်သည် ရင့်သည့်အဖြစ်ကြောင့် လျှောကျခြင်းငှာမတတ်နိုင်ရကား ဖီလာကန့်လန့် အိပ်လျက်ပြင်းစွာသောဝေဒနာဖြစ်၍အသက်ကုန်ခြင်းသို့ရောက်လေ၏။ထိုသတို့သမီးငယ်သည်သေခါနီးကာလ၌ “ငါ့ကားပျက်စီးရတော့မည်ဖြစ်ချေ၏ သင်သည်ပင်လျှင် ငါ့ကို ခေါ်ဆောင်၍ သုံးကြိမ်စလုံး လူငယ် တို့ကို ဖျက်ဆီး၏။ ယခုအခါငါသည်လည်း ပျက်စီးတော့အံ့။ ယခု ဤကိုယ် အဖြစ်မှ စုတေသည်ရှိသော် ဘီလူးမဖြစ်၍ သင်၏ သားငယ် တို့ကိုစားခြင်းငှာစွမ်းနိုင်သောသူဖြစ်စေသော်”ဟုဆုတောင်း ခြင်းကိုပြု၍ သေသည်ရှိသော် ထိုအိမ်၌ပင် ကြောင်မဖြစ်လေ၏။မိန်းမမြုံကိုလည်းလင်သူကြွယ်သည်ကိုက်ဖမ်းလျက်“သင်ကားငါ့အမျိုးနွယ်ဖြတ်ခြင်းကိုပြု၏”ဟုတံတောင်ဆစ်၊ ဒူးခေါင်း စသည်တို့ဖြင့် ပြင်းစွာထောင်းသတ် ပုတ်ခတ် ခြင်းကိုပြုလေ၏။မိန်းမမြုံသည်ထိုပြင်းစွာတောင်းသတ်ပုတ်ခတ်သော အနာဖြင့်သာလျှင် သေ၍ ထိုအိမ်၌ပင် ကြက်မ ဖြစ်လေ၏။

   ကြောင်မကကြက်မတို့၏သားကလေးများကိုဖမ်းစားသည်။နောက်တစ်ဖန်ဘဝတွင်ကျားသစ်မနှင့်သမင်ဖြစ်၍ကျားသစ် မ က သမင်မ၏ သားငယ်ကို စားပြန်သည်။ နောက်ဆုံး ဘီလူးမနှင့် လူမဘဝ ရောက်သောအခါ ဘီလူးမက အမျိုးသမီး၏ သားငယ်ကိုစားရန် အပြေးလိုက်စဉ် အမျိုးသမီးသည် မြတ်စွာဘုရား၏ ကျောင်းတော်အတွင်းသို့ ရှေ့ရှု၍ပြေးလေ၏။ထိုအခါမြတ်စွာဘုရားသည်ပရိတ်သတ်အလယ်၌တရားဟော၍ နေတော်မူစဉ် ထိုအမျိုးသမီးသည်သားကို မြတ်စွာဘုရား၏ ခြေဖမိုးတော်၌အိပ်စေ၍ “တပည့်တော်မ၏သားငယ်အားအသက်ရှင်ခြင်းကိုပေးသနားတော်မူကြပါဘုရား”ဟုလျှောက်လေ ၏။ကျောင်းတံခါး မုခ်၌ စောင့်နေသော သုမန အမည်ရှိသောနတ်သည် ဘီလူးမအား အတွင်းသို့ ဝင်ခွင့်မပေး။ မြတ်စွာ ဘုရားသည်ရှင်အာနန္ဒာအားဘီလူးမကိုခေါ်စေတော်မူ၍ “ရန်ကိုရန်ချင်းမတုံ့ပြန်ရန်နှင့် ရန်မည်သည် ရန်တုံ့မမူသဖြင့် ငြိမ်း ၏။ ရန်တုံ့မူသဖြင့် မငြိမ်း” ဟု တရားဟောတော်မူ၏။ ဘီလူးမသည်လည်း တရားတော်ကို နာကြားပြီးသောအခါ သောတာပတ္တိဖိုလ် ၌ တည်လေ၏။ အမျိုးသမီးသည်ဘီလူးမကို အိမ်သို့ ခေါ်ဆောင်ပြီးလျှင်ခေါင်လျောက်၌နေစေ၍ ယာဂုဦး၊ထမင်း ဦးတို့ဖြင့် လုပ် ကျွေးသမှု ပြုသည်။

ထိုဘီလူးမသည် “ဤနှစ်၌ မိုးကောင်းလတ္တံ့၊ ကြည်းကုန်းအရပ်၌ စပါးစိုက်ပျိုးလော့၊ဤနှစ်၌ မိုးခေါင်လတ္တံ့ ၊ ချိုင့်ဝှမ်းအရပ်၌စပါးစိုက်လော့”ဟုအဆွေခင်ပွန်းမ ဖြစ်သော အမျိုးသမီးအားပြောကြား၏။ထိုအခါအမျိုးသမီးမှ ကြွင်းသော ပြည်သူ ပြည်သားတို့စိုက်ပျိုးအပ်သောကောက်သည် အလွန်ရေများသဖြင့်လည်းကောင်း၊ရေမရှိသဖြင့်လည်းကောင်း ပျက်စီး၏။ ထိုအမျိုးသမီးကားအလွန်လျှင်ပြည့်စုံ၏။ထိုအခါ ထိုအမျိုးသမီးကို သာဝတ္တိပြည်၌ နေကုန်သောသူတို့သည် “ချစ်သမီး၊ သင်စိုက်ပျိုးအပ်သောကောက်သည်အလွန်ရေများသဖြင့်လည်းမပျက်စီး၊ရေမရှိသဖြင့်လည်းမပျက်စီး၊ မိုးကောင်းအံ့သည့်အဖြစ်၊မိုးခေါင်အံ့သည့်အဖြစ်ကိုသိ၍ လယ်လုပ်ခြင်းအမှုကို ပြုသလော” ဟု မေးမြန်းရာ“အဆွေခင်ပွန်းမ ဖြစ်သော ဘီလူးမသည် မိုးကောင်းအံ့သည့်အဖြစ် ၊မိုးခေါင်အံ့သည့်အဖြစ်ကို ပြောကြား၍ ငါတို့သည် ထိုဘီလူးမ စကားဖြင့် မြင့်ရာအရပ်၊ နိမ့်ရာအရပ်တို့၌ ကောက်တို့ကို စိုက်ပျိုးကြကုန်၏။ ထို့ကြောင့်သာလျှင် ငါ့တို့အား စပါးပြည့်စုံကုန်၏။ အမြဲမပြတ် ငါတို့အိမ်မှ ယာဂု၊ထမင်းစသည့် ဆောင်ပို့သည် တို့ကို သင်တို့မမြင်ကြကုန်သလော ယာဂု၊ထမင်းစသည်တို့ကို ထိုဘီလူးမအား ပို့ဆောင် အပ်ကုန်၏။ သင်တို့သည်လည်း ထိုဘီလူးမအား ယာဂုဦး၊ထမင်းဦး စသည်တို့ကို ပို့ဆောင်၊ ပသကြကုန်လော့၊ သင်တို့၏ အမှုတို့ကိုလည်း ထိုဘီလူးမသည် ကြည့်ရှု၍ မ,စ လတ္တံ့”ဟုဆိုလေ၏။ထိုအခါ ဘီလူး မအား တစ်ပြည်လုံး ၌နေကုန်သောသူတို့သည် ပူဇော်သက္ကာရကို ပြုကြကုန်၏ ။ ဘီလူးမသည်လည်း ထိုအခါမှစ၍ အလုံးစုံ သော သူတို့၏အမှုတို့ကို ကြည့်ရှုမစ သည်ရှိသော် အခြံအရံ များ၍လာဘ်ကောင်း လာဘ်မြတ်ရသဖြင့် ပြန်ပြောသည့် အဖြစ်သို့ ရောက်လေ၏။ 

မွန်လူမျိုးတို့သည် ဤဒေသနာကို ကြားနာရသောအခါ သောတပန်တည်နေသော ဘီလူးမကိုရည်မှန်းပြီး လယ်နတ် တင် ခြင်းဓလေ့ ပြုလုပ်လာကြပါသည်။ လယ်နတ်တင်ရန်အတွက် မုန့်ပိန္နဲစေ့၊ ငှက်ပျောသီးတစ်ဖီး၊ အုန်းသီးတစ်လုံး၊သောက်ရေစသည်ဖြင့်တင်မြှောက်ကြပါသည်။ တင်မြှောက်ပုံမှာ- လယ်စောင့်တဲပုံသဏ္ဍာန် တစ်တောင်ပတ်လည် တိုင်လေးတိုင်ဖြင့်အမြင့်တစ်တောင်ခန့်ပြုလုပ်ပြီး အပေါ် ၃ ပွဲ၊လယ်စောင့်တဲအပေါ်တွင် ငှက်ပျောလက်ခင်းပြီး ပွဲတည် ပါသည်။တစ်ပွဲလျှင် မုန့်ပိန္နဲစေ့၊ ငှက်ပျောသီး နှစ်လုံး၊ အုန်းသီး အကွင်း တစ်ခု၊ထမင်း တစ်ဆုပ်၊ကောက်ညှင်း ပေါင်း တစ်ဆုပ်၊ ကွမ်း တစ်ယာ၊ ဆေးလိပ်တစ်လိပ် ပါဝင်သည်။ အုန်းရည်နှင့် ရေကို အပေါ်မှ လောင်းချကာ တင်မြှောက်ပြီး စပါး အထွက် ကောင်းစေရန်၊မပျက်စီးစေ ရန်၊ပိုးမကျစေရန်၊ လူ၊ကျွဲ၊နွား ကျန်းမာစေရန် ဆုတောင်းကြပြီး ကန်တော့ကြပါသည်။ ထိုသို့ လယ်နတ် တင်ပြီးလျှင် လယ်နတ်တင်ထားသည့် အစားအစာများကိုစွန့်ပြီးနောက် ကလေးများက စားသောက်ကြပြီး မြေကြီးတုံးကို ရွှေတုံး၊ ငွေတုံးဟုပြော၍ လယ်စောင့် တဲပေါ်တင်ကာ လယ်နတ်တင်ခြင်း ကိစ္စပြီးမြောက်ပါ၏။