မွန် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မွန်ရိုးရာ သင်္ကြန်ထမင်း
Image

          သင်္ကြန်ကာလသည် ပူပြင်းသော ကာလဖြစ် သဖြင့် အေးမြသော သင်္ကြန်ထမင်းကို စားပြီးနောက် အေးမြ ကြည်လင်လာသောကြောင့် လူအများကြိုက်နှစ်သက်ကြသည်ဟုဆိုနိုင်ပါသည်။ သင်္ကြန်ထမင်းသည်ယခင်အချိန်အခါက မွန်လူမျိုးမှတစ်ပါး အခြားသော တိုင်းရင်းသား လူမျိုးများ သင်္ကြန်ထမင်းချက်ပြုတ် စားသောက်သည်ကို မတွေ့ရပါ။ သို့သော်လည်း ယခုအချိန် တွင်မွန်လူမျိုးတို့ သင်္ကြန်ထမင်းချက်ပြုတ်သကဲ့သို့ အခြားတိုင်းရင်းသားလူမျိုးများလည်း သင်္ကြန်အချိန်ရောက်သောအခါ ချက်ပြုတ် စားသောက်ကြသည်ကို တွေ့ရပါသည်။ မွန်လူမျိုးတို့သည်သင်္ကြန်ကာလရာသီချိန်တွင်အလှူဒါန ပြုလုပ်သောအခါ သင်္ကြန်ထမင်းကိုအများအပြားချက်ပြီးကျွေးမွေးကြသည်ကိုတွေ့ရပါသည်။သင်္ကြန်ကာလအတွင်းထမင်းပြုတ်ပြီးစံပယ်ပန်းငုံနှင့်တူအောင်ဆေးကြောကာ အမွေးနံ့သာရည်ဖြင့် ရောစပ် စား သောက်ရသည့်ထမင်းကိုသင်္ကြန်ထမင်းဟုခေါ်ဆိုကြလေသည်။

သင်္ကြန်ထမင်းဖြစ်ပေါ်လာပုံ

သင်္ကြန်ထမင်း ဖြစ်ပေါ်လာပုံကို ရှေးမွန် ပညာရှိ တို့က ဓမ္မပါလအမည်ရှိသော ပေစာတွင် အောက်ပါ အတိုင်း ရေးသားထားသည်ကို တွေ့ရလေသည်။

ဤဘဒ္ဒကမ္ဘာတွင် ရှေးလွန်လေပြီးသောကာလ၌ မဟာပထဝီမြေကြီး  စောင်းလောက်အောင် ပစ္စည်းဉစ္စာ ပေါကြွယ်ဝသောသူဌေးတစ်ယောက်ရှိလေသည်။တစ်နေ့ သောအခါ ယစ်ထုတ်ကြီးတစ်ယောက်က သူဌေးကြီးအား ပြောသည်မှာ…..

“သူဌေးကြီးမှာ စည်းစိမ်ဥစ္စာကြွယ်ဝသည် မှန်သော် လည်း ကျွန်တော်နှင့်မတူသေးပါ”ဟုဆိုသောအခါ သူဌေးကြီးက..

“ဘာကြောင့် မတူရတာလဲ” ဟု ယစ်ထုတ်အား မေးလေသည်။

“သူဌေးကြီးမှာ ပစ္စည်းဥစ္စာများစွာ ရှိသည်မှာ မှန်သော်လည်း သားသမီးတစ်ယောက်မှ မထွန်းကား သဖြင့် သူဌေးကြီးဘဝတစ်ပါးသို့ ပြောင်းသွားပြီး နောက် သူဌေးကြီးကောင်းရာသုဂတိသို့ ရောက်လေအောင် အလှူဒါနပြုပြီး သူဌေးကြီးအား အမျှပေးဝေရန် လူ မရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်သူဌေးကြီး၏ပစ္စည်းဥစ္စာတို့သည်သူဌေးကြီးအတွက် အလဟဿ ပင် ဖြစ်တော့သည်။ ကျွန်တော့မှာ သားသမီးရှိသဖြင့် ကျွန် တော် သေဆုံးသွားသော်လည်း ဘာမှပူပင်စရာမလိုပါ။ ကျွန်တော်သေပြီးနောက်ကျွန်တော့်အားကုသိုလ် ကောင်း မှု အစုစုအတွက် အမျှဝေသည်ကို ရပါလိမ့်မည်။ ထို့ကြောင့် သူဌေးကြီးသည် ကျွန်တော်နှင့်မတူပါဟု ကျွန်တော်ပြောလိုပါသည်”သူဌေးကြီးကယစ်ထုတ်ကြီး၏စကားကိုကြားပြီးနောက် စဉ်းစားဆင်ခြင်သည်မှာ……..

“ယစ်ထုတ်ကြီးက အနာဂတ်ကို ဆက်စပ်မှန်းဆ သူပါတကား၊ ငါဟာပညာထူးချွန်ပြီး ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် သူမတူအောင်ထူးသူ ရင်သွေးတစ်ယောက် ရရှိအောင် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း”ဟု ဆင်ခြင် ပြီး… နေမင်းထံတွင်လည်းကောင်း၊ လမင်းထံတွင်လည်းကောင်း ရင်သွေးတစ်ယောက်ရရှိရန် သုံးနှစ်တိုင်တိုင် တောင်းဆိုသော်လည်း နေမင်း၊ လမင်းတို့က မိမိအလိုကို မဖြည့်ဆည်း နိုင်သည်ကိုတွေ့ရလေသည်။ သုံးနှစ်လွန်ပြီး နောက် ပြည်သူအများ နှစ်သစ်ကူးပွဲသဘင် ကျင်းပ သောအချိန်တွင် ဆွေမျိုးများနှင့် ကျေးကျွန်များခြံရံလျက် ရွှေထီးနှင့်တကွ တံခွန်၊ ကုက္ကားအလံများကိုင်ဆောင်ကာ မြစ်ကမ်းတစ်နေရာ ပညောင်ပင်အောက်သို့ ဆိုက်ရောက်ပြီးနောက် ပြုတ်ပြီးထမင်းကို စံပယ်ငုံနှင့်တူအောင် ခုနစ်ကြိမ်ရေဆေးပြီး အမွေးနံ့သာရည်ဖြင့် စိမ်ထားသောထမင်းနှင့် အခြားစားဖွယ်သောက်ဖွယ်တို့ဖြင့် ပညောင်ပင်စောင့်နတ်ထံပူဇော်ပသလျက် သားဆုကို တောင်းလေသည်။

ပညောင်ပင်နတ်ထံ ပူဇော်ပြီး ကျန်သော စားဖွယ် သောက်ဖွယ်တို့ကို မိမိနှင့် အတူပါလာသော သူများအား အလှူဒါနပြုကာ ပျော်ရွှင်စွာစားသောက်ရင်း တူရိယာတို့ကို တီးမှုတ်သီဆိုကြပြီး နတ်မင်းထံခစားလေသည်။ ထို့နောက် မိမိနေထိုင်ရာ ပြာသာဒ်ဆောင်သို့ပြန်လာ သည်။

ပညောင်ပင်စောင့်နတ်ကလည်းသူဌေးကြီးတောင်းသည့်အတိုင်း ပေးရန် မစွမ်းဆောင်နိုင်သဖြင့် သိကြားမင်းထံ အကူ အညီတောင်းရန် တာဝတိံသာနတ်ပြည်သို့ တက်သွား လေသည်။ သိကြားမင်းကလည်း ဒိဗ္ဗစက္ခုဖြင့် ကြည့်ရာတွင် ဓမ္မပါလမည်သောနတ်သားကိုမြင်သဖြင့် သူဌေးကတော်ထံတွင် ပဋိသန္ဓေတည်ရန် တောင်းပန်လေသည်။ ဓမ္မပါလနတ်သားလည်း သိကြားမင်း တောင်းပန် သည့်အတိုင်း သူဌေးကတော်ဝမ်းတွင် ကိုးလ၊ ကိုးရက် ပဋိသန္ဓေတည်ပြီး ကျက်သရေမင်္ဂလာ အဖြာ ဖြာနှင့် ပြည့်စုံသည့်အပြင် လဆန်း(၁၅) ရက် လပြည့် ဝန်းကဲ့သို့သော ရင်သွေးအဖြစ် ဖွားမြင်လေသည်။

သူဌေးလည်း အလွန်ဝမ်းမြောက်ပြီး ရင်သွေးအား ဓမ္မပါလအမည်ပေးကာ ပညောင်ပင်အောက်တွင် ပြာသာဒ် တန်ဆောင်ဆောက်လုပ်လျက် သားတော်အား ရွှေပုခက်ပေါ်တင်၍ ကျေးကျွန်မောင်းမတို့အား ပညောင် ပင်စောင့် နတ်ကို သောင်းသောင်း ဖြဖြ ပူဇော်စေလေ သည်။

သူဌေးကြီးက ပညောင်ပင်စောင့်နတ်အား ပြုတ် ပြီး ထမင်းကို စံပယ်ငုံနှင့်တူအောင် ခုနစ်ကြိမ် ရေဆေးကာ အမွှေးနံ့သာရည်ဖြင့် စိမ်ထားသော ထမင်းနှင့်အခြား စားဖွယ်သောက်ဖွယ်တို့ဖြင့် ပူဇော်ပြီး သား ဆုတောင်းရာတွင် ပညာအရာတွင် ထူးချွန်ပြီး ကျော်စော ထင်ရှားသော ရင်သွေးတစ်ယောက် ရရှိသကဲ့သို့ မွန်လူ မျိုးတို့သည် သင်္ကြန်အချိန်ကျရောက်သောအခါ၊ စည်းစိမ် ဥစ္စာ ကျက်သရေ မင်္ဂလာတိုးတက်ရန်အတွက် သင်္ကြန် ထမင်း၊ ချိုချဉ်ရသာနှင့် ပြည့်စုံသောစားဖွယ် သောက် ဖွယ်များကို ပြုလုပ်ပြီးအလှူဒါနပြုကြသည်မှာ ဓမ္မပါလ မည်သော ပေစာတွင် ရေးသား ညွှန်ပြထားသည့်အတိုင်း လုပ်ကိုင်ဆောင် ရွက်ကြပါသည်။

သင်္ကြန်ထမင်းချက်ပြုတ်ပုံ

မိုးပြဲဒယ်အိုးထဲတွင် ဆန်(၁) ပြည်က ရေ(၄)ပြည်၊ (၁:၄)ထည့်ပြီး ပြုတ်ရပါသည်။ ဆန်လုံးကွဲအာသွားသည် အထိ ပြုတ်ရပါသည်။ ထမင်းလုံးနှစ်ခြမ်းကွဲအာသွား သည့် အဆင့်ရောက်မှ ထမင်းအိုးကို ရေအေးဖြင့်(၇)ကြိမ် ဆေးကြောလိုက်လျှင် စံပယ်ငုံနှင့်တူသော နူးညံ့ပျော့အိ နေသော သင်္ကြန်ထမင်းရရှိပါသည်။ သင်္ကြန်ထမင်းနှင့် တွဲဖက်စားသော ချိုချဉ်ကြော်(ဝါ) သင်္ကြန်ကြော် ပြုလုပ် ပုံတွင် အဓိကလိုအပ်သော ပစ္စည်းများမှာ-

(၁) ငါးခြောက် (ငါးလိပ်ကျောက်၊ ငါးရောင်ခြောက်၊ ငါးရံ့ခြောက်)

(၂) သရက်သီး(ခြစ်ထားရမည်)

(၃) ပဲဝါခြမ်း(အညက်ထောင်း)

(၄) ကြက်သွန်နီ(လေးခြမ်းစိတ်)

(၅) ငရုတ်သီးတောင့်အခြောက်

(၆) ဆီ

ငရုတ်သီးတောင့် အခြောက်ကို ဆီအနည်းငယ် ထည့်လှော်ပြီး သိမ်းထားပါ။ ခွဲစိတ်ထားသော ကြက်သွန် နီကို ဆီဖြင့် ကျက်အောင်ကြော်ပါ။ ပြီးလျှင်ရောသမထားသော ငါးခြောက်၊ သရက်သီး၊ ပဲဝါခြမ်းတို့ကို ထည့် ကြော်ပြီး လိုအပ်သော ဆား၊ ငံပြာရည်တို့ကို ထည့်ပေးခြင်းဖြင့် သင်္ကြန်ကြော်ကိုရရှိနိုင်ပါသည်။   (မှတ်ချက်။ သက်သက်လွတ် စားသုံးနိုင်ရန်အတွက် ကြက်သွန်နီများများနှင့် ပဲဝါခြမ်း တို့သာ လိုအပ်ပါသည်။)

ဖယောင်းနံ့သာရည်ပြုလုပ်ပုံ

ရှေးမွန်တို့သည် သင်္ကြန်ထမင်းကို ဖယောင်းနံ့ သာ ရည်ဖြင့် ဆမ်းစားကြပါသည်။

နံ့သာဖြူကို သေးငယ်စွာစိပ်ပြီး ပုံထားပါ။ ၎င်း ပေါ်တွင် ဖွဲနုဖြူးထည့်ပါ။ ဖွဲနုပေါ်တွင် ဖယောင်းအမှုန့် ပြန်ဖြူးထည့်ပါ။ ၎င်းကိုမီးမြိုက်၊မီးခိုးမှောင်နေချိန်တွင်အဝကျဉ်းသောမြေအိုးဖြင့်အုပ်ပြီး မီးခိုးမြေအိုးတွင် ပြည့်နေချိန်တွင်မြေအိုးကို ပက်လက်လှန် ရေလောင်း ထည့်ကာ အဖုံးလုံအောင် ဖုံးပိတ်ပြီး မီးခိုးကုန်သွားလျှင် နံ့သာ ရနံ့သင်းပျံ့နေသော ဖယောင်းနံ့သာရည်ကို သင်္ကြန်ထမင်း နှင့် ဆမ်းစားနိုင်ပါပြီ။

သင်္ကြန်ထမင်းနှင့်ဆိုင်သော မွန်လူမျိုးတို့၏ ယုံကြည်မှု

သင်္ကြန်ကာလအတွင်း ချက်ပြုတ်သော သင်္ကြန် ထမင်းကို သင်္ကြန်အကြတ်နေ့တွင် နေလှန်းပြီး သိမ်းထား လေ့ရှိပါ သည်။ မိုးတွင်းကောက်စိုက်ချိန် စပါးခင်း တွင် ပိုးမွှားကျရောက်ပါက လယ်ကန်သင်း ဧရိယာပတ် လည်တွင် သင်္ကြန်ထမင်းခြောက်ကိုကြဲပြီး ဝေနေယျ သတ္တဝါများကို မေတ္တာပို့ခြင်းဖြင့် အဖျက်ဆီးပိုးမွှားရောဂါ အန္တရာယ်မှ ကင်းရှင်းကြောင်း ယုံကြည်သည့် ဓလေ့ရှိ ကြပါသည်။