မွန်တိုင်းရင်းသားလူမျိုးအများစုသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဥယျာဉ်ခြံစိုက်ပျိုးခြင်း စသည့်လုပ်ငန်းများဖြင့် အသက်ဝမ်းကျောင်းပြုကြသည်။ ထို့သို့ စိုက်ပျိုးလုပ်ကိုင်ရာတွင် သဘာဝပတ်ဝန်းကျင် ဗဟုသုတစာပေများ လေ့လာပြီး မိုးလေဝသကို ခန့်မှန်း သည့်ဓလေ့ တွေ့ကြုံမှုများကို တင်ပြအပ်ပါသည်။
လကဆုန်ဆန်းရက်နေ့နံဖြင့် မိုးခန့်မှန်းခြင်း
ရှေးပေါရဏဆရာကြီးများက နောင်လာနောင်သား မှတ်သားနိုင်ရန် ဟောကြားထားသည်မှာ-
လကဆုန် တနင်္ဂနွေနံနှင့် ဆန်းလျှင် ဤနှစ်မိုးနည်း ရေနည်းမည်။
လကဆုန် တနင်္လာနံနှင့် ဆန်းလျှင် ဤနှစ်ရေနည်း ဦးမည်။
လကဆုန် အင်္ဂါနံနှင့် ဆန်းလျှင် ဤနှစ်မိုးရေ တော်ရုံရှိမည်။
လကဆုန် ဗုဒ္ဓဟူးနံနှင့် ဆန်းလျှင် ဤနှစ်ရေတော် မိုးတော်ရှိမည်။
လကဆုန် ကြာသပတေးနံနှင့် ဆန်းလျှင် ဤနှစ်မိုး ရေအနည်းငယ်များမည်။
လကဆုန် သောကြာနံနှင့် ဆန်းလျှင် ဤနှစ်မိုး ရေများမည်။
လကဆုန် စနေနံနှင့် ဆန်းလျှင် ဤနှစ်မိုးကြီး ရေကြီးမည်ဟု ရှေးပေါရဏဆရာကြီးများက ဟောကြား ထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ခါချဉ်အုံကြည့်ပြီးလေတိုက်နှုန်းခန့်မှန်းခြင်း
ခါချဉ်သည် သစ်ပင်ပေါ်တွင် သစ်ရွက်များဖြင့် အုံဖွဲ့ပြီး ဆောက်လုပ်လေ့ရှိကြသည်။ မိုးကြိုကာလ တပေါင်းလရာသီတွင် အုံဖွဲ့ ဆောက်လုပ်လေ့ ရှိကြပါ သည်။ ခါချဉ်သည် သစ်ပင်၏အောက်ခြေ အရင်းပိုင်းတွင် အုံဖွဲ့ဆောက်လုပ်ပါက ဤနှစ်တွင် လေပြင်း တိုက်ခိုက် မည်ဟု ခန့်မှန်းကြသည်။ သစ်ပင်၏အလယ် ကိုင်းခတ်အုံဖွဲ့ ဆောက်ထားလျှင် လေအသင့်အတင့် တိုက်ခတ်မည်။ သစ်ပင်ထိပ်ဖျားပိုင်းတွင် အုံဖွဲ့ဆောက် လုပ်ထားလျှင် ဤနှစ်လေတိုက်နှုန်းနည်းမည်ဟု ခန့်မှန်း အမှတ်အသား ပြုကြသည်။
ပျိုးထောင်ကောက်စိုက်ချိန် လယ်ခရုဥကို ကြည့်ပြီး မိုးရေကိုခန့်မှန်းခြင်း
ပျိုးထောင် ကောက်စိုက်သည့် အချိန်တွင် လယ်ခရု များ ဥလေ့ရှိသည်။ ကန်သင်းရိုး ဘေးစောင်း တွင် ဥပြီး ဥသည့်နေရာအထိ မိုးရွာပြီး ရေရောက်မှ သားပေါက် သည်။ ကန်သင်းရိုးအမြင့်ပေါ် ဥလျှင် ရေကြီးမည်။ ကန်သင်းရိုးအနိမ့်ပိုင်း ဥလျှင် မိုးရေနည်းမည်။ အမှန် တကယ်ပင် ခရုဥထားသည့် နေရာအထိ မိုးရေ ရောက်ရှိ တတ်သည်။
မှတ်ချက်- ယခုစပါးဖျက်သော ပန်းရောင်ဥသည့်ရွှေခရု မဟုတ်ပါ။ အဖြူရောင်ဥသည့်ခရုကို ဆိုလိုပါသည်။
တောင်ပို့မှိုကြည့်ပြီး ခန့်မှန်းခြင်း
စပါးပျိုးထောင်ချိန်ကာလ ညအချိန်(၂-၃)ည ဆက်တိုက် ပူအိုက်လျှင် တောင်ပို့မှိုထွက်မည်။ မှိုထွက်ပြီး (၂-၃)ရက်မြောက်နေ့တွင် ဒေသအခေါ်မှိုရော် မိုးရွာသွန်း မည်ဟုခန့်မှန်းကြသည်။ အမှန်တကယ် မှိုရော်ပုပ်သွား သည်အထိ မိုးရွာသွန်းလေ့ရှိသည်။
ပလူကောင်ခေါ်ပိုးဖလံကိုကြည့်ပြီးခန့်မှန်းခြင်း
ပလူကောင်(ခေါ်) ပိုးဖလံကောင်များ ညဘက်တွင် ထွက်ပြီးမီးတိုးလျှင် ၎င်းနေ့ မိုးရွာနေစေကာမူ နောက်နေ့ နေသာပြီး မိုး(၁)ပတ်ခန့် မရွာနိုင်တော့ဟု ခန့်မှန်းကြ သည်။
တော်သလင်းလပြည့်တွင်နှောင်းမိုးခန့်မှန်းခြင်း
မွန်တို့ဒေသတွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း သုံးပိုင်း ခွဲခြားထားသည်။ တော်သလင်းလလယ်လောက်သည် မိုးလယ်ကာလ ဖြစ်သည့်အတွက် မိုးနှောင်းကို တော်သလင်း လပြည့်နေ့တွင် ခန့်မှန်းကြသည်။
မွန်တို့ဒေသ တော်သလင်းလပြည့်နေ့တွင် သင်္ဘောဖြင့် ဆွမ်းတော်တင်သည့် ဓလေ့ရှိကြသည်။ လပြည့်နေ့ မိုးရွာလျှင် သင်္ဘောဆွမ်းမိုးစိုသည်ဟု ယူဆပြီး နှောင်းမိုးနည်းမည်။ မိုးမရွာလျှင် သင်္ဘောဆွမ်း မိုးလွတ်သဖြင့် စပါးရေလုံလောက်မည်ဟု ယူဆသည်။
တော်သလင်းလပြည့်ညတွင် မိုးရွာပြီး ငါးများ ဆင်းလျှင် ဒေသအခေါ် ငါးဆင်းမိုးရွာလျှင် နှောင်းမိုးနည်း မည်ဟု ခန့်မှန်းကြသည်။ မိုးမရွာ ငါးမဆင်းသေးလျှင် နှောင်းမိုး အများကြီး ရှိဦးမည်ဟု ခန့်မှန်းကြသည်။
နှင်းခါးကိုကြည့်ပြီး ခန့်မှန်းခြင်း
မွန်တို့ဒေသ ဆောင်းရာသီ ပြာသို၊ တပို့တွဲလတွင် နှင်း၊ နှင်းခါးနှစ်မျိုး ကျလေ့ရှိသည်။ နှင်းသည် ဟင်းသီး ဟင်းရွက်ကို အကျိုးပြုသည်။ နှင်းခါးသည် သရက်၊ မရမ်း၊ ဒန့်သလွန်၊ ဓညင်းများပွင့်ချိန် ကျရောက်တတ်ပြီး အသီးအပွင့်ကို ဖျက်ဆီးသည်။ ထိုနှင်းခါး ကျသောနေ့ကို မှတ်ပြီး နောက်(၆)လအထိ ပြန်ရေတွက်၍ ၎င်းရောက် သည့်ရက်သည် ဧကန္တမိုးကြီးရေလျှံ ဖြစ်မည်ဟု ခန့်မှန်း ကြသည်။
ဥပမာ- ပြာသိုလပြည့် နှင်းခါးကျလျှင် နောက်(၆) လ ဝါဆိုလပြည့်နေ့တွင် ဧကန်မုချ မိုးကြီးမည်။ အခြားနှင်းခါး ကျလျှင် အစဉ်အတိုင်း(၆)လရောက်သည့် နေ့တွင် မိုးကြီး မည်ဟု ခန့်မှန်းကြသည်။