ဝါခေါင်လသည် မြန်မာဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်ပြီး ဝသန္တဥတုကာလ ဖြစ်သည်။ ဝါခေါင်လ၏ လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် ဝိပဿနာ တရားရှာမှီးသည့် ရဟန်းငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်ကိုနေ့ဘက်တွင်လည်းကောင်း၊ ညဘက်တွင်လည်းကောင်း ရွတ်ဖတ်လျှင် ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး နတ်ကောင်းနတ်မြတ်များ ချစ်ခင်ကာ ချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ကြောင်း မေတ္တာသုတ်တရားတော်ကို ဟောကြားတော်မူသဖြင့် ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု ခေါ်ဆိုကြပါသည်။ ဝါခေါင်လပြည့်နေ့တွင် မွန်လူမျိုးတို့သည် ရွှေအိုးမြုပ်ပွဲ ကျင်းပလေ့ရှိသည်။ ( ရွှေအိုးမြုပ်ပွဲ ဆိုသည်မှာ ဝါခေါင်လပြည့်နေ့ ဘုန်းတော်ကြီးဓမ္မာရုံတွင် အိုးကြီးတစ်လုံးကို ရွှေရောင်စက္ကူ ပန်းကနုတ် အလှဆင်ကာ မုန့်မျိုးစုံသွားရောက် လောင်းလှူပူဇော်သည့်ပွဲဖြစ်သည်)
ရွှေအိုးမြုပ်ပွဲတွင် အဓိကလှူဒါန်းသောမုန့်မှာ ကောက်လှိုင်းတီမုန့်ဖြစ်ပါသည်။ ယခုခေတ်တွင် နိုင်ငံခြားမှလာသော ဝေဖာ၊ ကိတ်မုန့်၊ မုန့်ကြွပ်များပေါများလာသဖြင့် ကောက်လှိုင်းတီမုန့် ပြုလုပ်သူ နည်းပါးလာပါသည်။ မွန်ဓလေ့ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သော ကောက်လှိုင်းတီမုန့် ပျောက်ကွယ်မည်ကို စိုးမိသဖြင့် ကောက်လှိုင်းတီမုန့်အကြောင်း တင်ပြ အပ်ပါသည်။ ကောက်လှိုင်းတီပန်းပွင့်နှင့် ပြုလုပ်သောကြောင့် ကောက်လှိုင်းတီမုန့်ဟု ခေါ်ကြသည်။
ကောက်လှိုင်းတီပွင့်ကို မွန်ဘာသာဖြင့် - ကလံင်တိ - ကောင်းလိုင်းတိ ဟု အသံထွက် ပါသည်။ ဗမာတို့က ကောင်လိုင်းတိမှ ကောက်လှိုင်းတီသို့ အသံထွက်သောကြောင့် ကောက်လှိုင်းတီဟုသာ ခေါ်ကြပါသည်။ အင်္ဂလိပ်လို Forest ghost flower ဟုလည်းခေါ် ပါသည်။ အာရှတိုက်မှာသာ ပေါက်ရောက်သည်။ အပူပိုင်းဒေသရာသီဥတု မိုးများပြီး စွတ်စိုသည့် ရာသီဥတု အမြဲစိမ်းသစ်တော စသည့်ဒေသတွင် ပေါက်ရောက်သည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားဒေသများတွင်ပေါက်ရောက်ပြီး မြန်မာနိုင်ငံတွင်သာ မုန့်လုပ်လေ့ရှိပါသည်။ ထိုင်းနိုင်ငံတွင် ကောက်လှိုင်းတီပွင့်ကို တိုင်းရင်းဆေးတွင်သုံးစွဲသည်။ ကျောက်ကပ်ကင်ဆာ၊ အသည်းရောဂါ၊ ချောင်းဆိုးခြင်း၊ အကြောရောင်ရောဂါ၊ ဆီးချို၊ ဆီးလမ်းကြောင်းဆိုင်ရာ ဆေးဖော်စပ်ရာတွင် အသုံးဝင်သည်။ အိန္ဒိယနိုင်ငံတွင် Shiva နှင့် Parvati ရိုးရာနတ်ကွန်းတွင် ထားလေ့ရှိသည်။ ကောက်လှိုင်းတီ ပွင့်၏ အတွင်းဘက်တွင် အဝါရောင်အစေ့လေးများနှင့် အချွဲပါရှိသည်။ ကောက်လှိုင်းတီ ပွင့်ချပ် (ခရမ်းရောင်)ကိုသာ ရွေးထုတ်ပြီး မုန့်လုပ်လေ့ရှိသည်။
ကောက်လှိုင်းတီမုန့်ပြုလုပ်ပုံ
လိုအပ်သောပစ္စည်းများမှာ-
(၁) ကောက်လှိုင်းတီပန်း
(၂) ဆန်မှုန့်
(၃) ပီလောပီနံမှုန့်
(၄) ငှက်ပျောဖက်
(၅) ဆားအနည်းငယ်
(၆) ထန်းလျက်
(၁) ကောက်လှိုင်းတီပန်း(ခရမ်းရောင်)ပွင့်ချပ်ကို ရေအနည်းငယ်ထည့်ပြီး Blender နှင့်ကြိတ်ပါ။ Blender မရှိလျှင် ပန်းများကို ရေထည့်ပြီး ခရမ်းရောင်ဖြစ်အောင်ချေ ပြီး အရည်ကိုစစ်ယူပါ။
(၂) ထန်းလျက်ပျော်အောင် ရေနွေးဖြင့် အရည်ပြုလုပ်ထားပါ။
(၃) ကောက်လှိုင်းတီအရည်ထဲကို ဆန်မှုန့် ၁၀ ကျပ်သား၊ ပီလောပီနံမှုန့် ၅ ကျပ်သား(ဆန်မှုန့်နှင့် ပီလောပီနံမှုန့်ကို ၂ : ၁ အချိုး)ဖြင့် ထန်းလျက်ရည်ရောထည့်ပြီး ခပ်ပျစ်ပျစ်မွှေပါ။ ငှက်ပျော ရွက်ကို(ကန်တော့ချွန်ပုံစံ)ခွက်ကန်တော့နှင့်ထည့်ပြီး ပေါင်းအိုးတွင် (၁)နာရီခန့်ပေါင်းလျှင် ကျက်ပြီး ကောက်လှိုင်းတီအနံ့မွှေးမွှေးနှင့် အရသာရှိရှိ အုန်းသီးခြစ်ထည့်ပြီး စားသုံးနိုင်ပါသည်။