ပတ္တလားဟူသော ဝေါဟာရသည် သင်္သရိုက် ဘာသာနှင့် မွန်ဘာသာပေါင်းစပ်ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ သင်္သရိုက် ဘာသာတွင် အတီး၊ အမှုတ်ကို ဝါဒျဟုခေါ်ရာ မွန်လူမျိုးတို့က ရှေးပိုင်းကိုယူ၍ ဗာတ်ဟုခေါ်သည်။ မွန်ဘာသာကဠာ (ကလား) ဟူသော ဝေါဟာရသည် တာလျားမှ ရွေ့လျောလာသော မြန်မာဘာသာ တလားနှင့် အတူတူပင်ဖြစ်၍ သေတ္တာဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် မြန်မာဘာသာ ပတ္တားသည် မွန်ဘာသာ ဗာတ်တဠာကို အသံလှယ်ထားခြင်းသာ ဖြစ်သည်။ ဟတ်ဆွဲ၏ မွန်အဘိဓာန်တွင် ပတ္တလား(ဝါ) ဗာတ်တဠာကို မွန်ဝေါဟာရအဖြစ် ဖော်ပြထားပေသည်။ သို့ရာတွင် အဓိပ္ပာယ်ဖွင့်ဆိုရာ၌ စက်ဝန်း၏ လေးပုံသုံးပုံရှိ မွန်တူရိယာ ဟုဖော်ပြထားသဖြင့် ပတ္တလားနှင့် ဗာတ်ကိုင် (လခြမ်း တူရိယာ) အမှတ်မှားခဲ့ခြင်းဖြစ်ပေသည်။ ထိုင်းတူရိယာတွင် ဗုံကဲ့သို့ အသံလှိုင်းတူရိယာကို ပတ်ဟုခေါ်သည်။ ပတ်ဆိုသည်မှာ သက္ကဋဘာသာမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ပတ္တလားသည် အကြိုသမိုင်းကာလက ပေါ်ပေါက် ခဲ့သော တူရိယာတစ်မျိုးဖြစ်သည်။ ပတ္တလားစတင်ထွန်း ကားရာအရပ်ဒေသသည် ဝါးပင်များ ပေါက်ရောက်သည့် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော မာလာယုကျွန်းဆွယ်၊ ဆုမတြာကျွန်းဆွယ်၊ ဂျာဗားကျွန်း၊ ထိုင်းနှင့် မြန်မာတို့ ဖြစ်သည်။
မဒါဂါစကားမှ တိုင်းရင်းသားလူမျိုးတို့သည် မြေကြီး ကိုကျင်းတူး၍ ၎င်းအပေါ်ဝါးခြမ်းများတင်ပြီးလျှင် တုတ် ဖြင့်တီးခတ်ကြသည်။ မြေကျင်းသည် ပတ္တလားအိမ် ကဲ့သို့ လိုဏ်သံဖြစ်ပေါ်စေသည်။ ထို့နောက် ခြေဆန့်ထိုင်ကာ ပတ္တလားအဆံကဲ့သို့သော ဝါးခြမ်းပြားများကို ခြေထောက် ပေါ် ကန့်လန့်ဖြတ်တင်၍ တီးခတ်ခဲ့ကြသည်။ ထိုမှတဆင့် မျဉ်းပြိုင်တန်းထားသော သစ်တုံးနှစ်တုံးပေါ် အဆံများ ကန့်လန့်ဖြတ်တင်၍ တီးသောအဆင့်ကို ရောက်လာ သည်။ ထို့နောက် အဆံများကို ကြိုးနှင့်သီပြီး ငုတ်တုတ် လေးတိုင်တွင် ချိတ်၍တီးလာ ကြသည်။ နောင်အခါ ပတ္တလားရွက်အောက်တွင် ဗူးအိုးများခံကာ တီးလာကြ ပြီးနောက် လေးထောင့်သေတ္တာပေါ်တွင် အဆံတင်၍ တီးခတ်လာကြသည်။
ပတ္တလားသည် အကြမ်းအားဖြင့် သုံးမျိုးသုံးစားရှိ သည်။ အုံးခံသုံးလုံးပတ္တလား၊ ကြိုးသီခြေတံစုံ ပတ္တလားနှင့် ဒေါင်လိုက်ပတ္တလားဖြစ်ပါသည်။ ယင်းတို့အနက် ဒေါင်လိုက် ပတ္တလားမှာအလွန် အသုံးနည်းသည်။ ပုတီးကုံး ဆွဲသကဲ့ သို့ရှိသော ပတ္တလားမျိုးသည် မွန်ပတ္တလား၊ ထိုင်းနိုင်ငံမှ နရတ်နှင့် ကမ္ဗောဒီးယားမှ ရိုနီပတ္တလားတို့ ဖြစ်သည်။ ကမ္ဗောဒီးယားရိုနီပတ္တလားနှင့် ပတ်သက်၍ အန်ကောဝပ် ဘုရားကျောင်း ရုပ်လုံးရုပ်ကြွများတွင်၎င်း၊ ခမာမှတ်တမ်း များတွင် ၎င်းမတွေ့ရပေ။ ထိုင်းတို့၏ နရတ်ပတ္တလားကိုမူ (၁၇၂၇)ခုနှစ်၊ အလက်စန္ဒားမီလ်တန်၏ မှတ်တမ်းနှင့်(၁၈၃၉) ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည့် ကောင်းဝပ်ပဲကွန်၏ ခရီးသွားမှတ်တမ်းများ၌တွေ့ရှိရသည်။ ၎င်း၏ မှတ်တမ်းတွင် ကောင်းဝပ်ပဲကွမ်က ပတ္တလားကို ပိုတိုလာဟူ၍ ဖော်ပြခဲ့ သည်။
ထိုင်းနိုင်ငံတွင် လက်ရှိ တီးခတ်နေသောပတ္တလားကို ရနတ်ဟုခေါ်သည်။ ဝါးထက်သစ်သားပြားကို ပို၍ အသုံး များသည်။ ထိုင်းပတ္တလား(၂)မျိုးရှိရာ အသံမြင့်သော ရှေး ပတ္တလားကို ရနတ်အက်ဟုခေါ်သည်။ တတိယမြောက် ရာမဘုရင်လက်ထက် ခရစ်နှစ် (၁၈၂၄-၁၈၅၄) အတွင်း အသစ်တီထွင်သော ပတ္တလားကို ရနတ်ထွန်းဟုခေါ်သည်။ ရနက်အက်တွင် အရွက်(၂၁)ရွက်ပါရှိပြီး အိမ်မှာပို၍ကျယ် သည်။ ချည်မျှင်ဖြင့် ရစ်ပတ်ထားသော လက်ခတ်ဖြင့်တီး ရသည်။ ရနတ်ထွန်းတွင် အရွက်(၁၇)မှ (၁၈)ရွက်အထိ ပါရှိပြီး အရွယ်အစားအားဖြင့် ပို၍ကြီးသည်။ ထိုင်းနိုင်ငံတွင် သစ်လုံးငယ်ကိုအဆံအဖြစ် အသုံးပြုသောပတ္တလားတစ်မျိုး ကိုလည်း ထူးထူးခြားခြားတွေ့ရှိရသည်။ ယင်းပတ္တလား မျိုးကို ကုန်းခေါင်သည့် ဂါလာဆင်နယ်တွင်သာ တွေ့ရှိ ရ၍ လွန်စွာရှေးမကျလှပေ။ သစ်လုံးငယ် (၁၂) လုံးပါ၍ အတက်စွန်းကို သစ်ပင်ပေါ်ချိတ်ပြီးစို့၊ ငုတ်၍ဖြစ်စေ၊ ခြေထောက်ဖြင့်ဖြစ်စေ ချီပြီးတီးရသည်။ အခြားတစ်ဦးက အသံမြိုင်အောင် တစ်သံချင်းဝင်တီးပေးနေတတ်သည်။ ယင်းပတ္တလားကို ဘောင်လန် (ဝါ) ကောသော ဟုခေါ်သည်။ ထိုသစ်လုံးပတ္တလားနည်းတူ ဝါးလုံးပတ္တလား တစ်မျိုးကို ကရင်အမျိုးသားများအကြောင်း စာအုပ်တွင်ရေးသား ဖော်ပြခဲ့သည်။ ဝါးလုံးတိုရှည်(၁၁)လုံးကို စီ၍ တီးရသည်။ ယင်းပတ္တလားကို ပေါ်ကုဟုခေါ်သည်။ ဝါးလုံး၏တစ်ဘက် ထိပ်တွင် အဆစ်ပါပြီး ကျန်တစ်ဘက်တွင် အပေါက်ဖြစ်အောင် ခပ်စောင်းစောင်း ဖြတ်ထားသည်။ တီးသောအခါ ခပ်စောင်းစောင်းထောင်ပြီး လက်ခတ်နှစ်ခုဖြင့် တီးရသည်။ ခရီးသွားလာရင်း စခန်းချရပ်နားသောအခါ ယင်းပတ္တလားကို ပြု လုပ်တီးခတ်ကြပြီး ခရီးဆက်လျှင်သည်အတိုင်း စွန့်ပစ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဖိလစ်ပိုင်နှင့် ကျွန်းနိုင်ငံများတွင်လည်း ပတ္တလားကို အသုံးပြုခဲ့ကြသည်။ လာအိုတွင် ၎င်းတို့၏ ပတ္တလားကို နန်နတ် (သို့မဟုတ်) ရန်နတ်ဟုခေါ်သည်။ ဂျပန်တို့၏ မော့ကင်ခေါ် ပတ္တလားမှာ အရွက်(၁၆)ရွက်ပါရှိ၍ ဂျာဗား ကျွန်းမှ ပါဝမ်ဗမ် (ခေါ်) အရွက်(၂၀)ပါ ပတ္တလားကို အတုယူ ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်အနုသုခုမနှင့်ပတ်သတ်၍ မှတ်တမ်းမှတ်ရာ တိတိကျကျရှိခဲ့သောကာလမှာ အေဒီ(၈၀၁)ခုနှစ်ဖြစ်ပါသည်။အေဒီ(၈၀၁)ခုနှစ်တွင် ပျူမင်းယုန်ချီ အန်င်သည်ပျူဂီတအဖွဲ့တစ်ဖွဲ့ကို တရုတ်ပြည်သို့ စေလွှတ်ခဲ့သည်။ဂီတအဖွဲ့တွင် တူရိယာပစ္စည်း(၂၂)မျိုး ပါသွားကြောင်း သိရှိရသည်။ ယင်းတူရိယာ(၂၂)မျိုးတွင် ဝါးပတ္တလားကိုမတွေ့ရပေ။ပုဂံခေတ်ကျောက်စာများတွင်လည်းကောင်း၊ဆေးရေးနံရံပန်းချီများတွင်လည်းကောင်းပတ္တလားဟူသောဝေါဟာရနှင့်ပတ္တလားပုံကို မတွေ့ရချေ။
အနောက်တိုင်းသုတေသီများက အာရှအရှေ့ တောင်ပိုင်း ဂျာဗား၊ စုမတြာ၊ ဘောနီယို၊ မလေးကျွန်းဆွယ် နှင့်ထိုင်းနိုင်ငံတို့တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ပတ္တလားကို အသုံးပြုနေကြပြီဟု ဆိုပါသည်။ ပသျှူး၊ ဘာလီကျွန်း တူရိယာများတွင်လည်း ပတ္တလားပါဝင်နေ သည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ပတ္တလားသည် ပသျှူး ထိုင်းတို့နှင့် အဆက်အဆံများသော ခမာလူမျိုးများမှ တစ်ဆင့် မွန်တို့က ရရှိပြီးမြန်မာနိုင်ငံအနှံ့ပျံ့နှံ့ ခဲ့ကြောင်း၊ အချို့သုတေသီများကမူ ပတ္တလားကို အင်ဒိုနီးရှား၊ ထိုင်းတို့မှ တစ်ဆင့် မွန်တို့ကိုလက်ခံ ရရှိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။
သို့သော် ထိုင်းသုတေသန ပညာရှင်များကမူ ပတ္တလားသည် မွန်မှစတင်ခဲ့ကြောင်း အတိအလင်းဝန်ခံခဲ့ ကြသည်။ (၁၉၈၁)ခုနှစ် ဇန်နဝါရီလနှင့် ဇူလိုင်လထုတ် ထိုင်းသုတေသနအသင်း ဂျာနယ်တွင် အမေရိကန်နိုင်ငံ တက္ကသိုလ်ဂီတပညာသင်ကျောင်းမှသုတေသီဘဲရီ၊အီးမီလာနှင့် ထိုင်းနိုင်ငံရှရီနရကင်တက္ကသိုလ် ဂီတဌာနမှ သုတေသီ ဂျရန်ချိုင်ချပေရွက်တို့ ပူးပေါင်းရေးသားသည့် ထိုင်းပတ္တလားများ၏ မူလအစ သုတေတနစာတမ်းတွင်-
“၁၈၆၇ ခုနှစ် စစ်ပွဲများ (ထိုင်း-မြန်မာ)ကြောင့် နှစ်နိုင်ငံယဥ်ကျေးမှု ဖလှယ်ခွင့် မရခဲ့ပေ။ သို့သော် တူရိယာ ပစ္စည်းများကား အပြန်အလှန် ကူးလူးဆက်ဆံမှုရှိခဲ့ပေသည်။ မြန်မာနိုင်ငံတွင် ပတ္တလားတူရိယာသည် ထိုင်းနိုင်ငံထက် စောစွာ တည်ရှိနေပြီး ထိုတူရိယာသည် မူလအစမွန်တို့၏ တူရိယာအဖြစ် ရင်းမြစ်ညွှန်ပြနေသည့်အပြင် (၁၈၅၂) ခုနှစ်တွင် ထိုင်းနိုင်ငံအကြောင်း ရေးသားခဲ့သော အက်ဖ်အေနီးလီကလည်း ထိုင်းသံစုံတူရိယာ ပတ္တလား သည် မြန်မာတို့တီထွင်သော မြန်မာတူရိယာ စစ်စစ်ဖြစ်၍ တီးခတ်ရာတွင် အိမ်နီးချင်းနိုင်ငံများထက်ပို၍ ကျွမ်းကျင်ပြီး ဇယ်ဆက်သလို တီးခတ်နိုင်သူများရှိသည်” ဟူ၍ဖော်ပြခဲ့ သည်။
ပတ္တလားကို မွန်၊ ထိုင်း၊ ပသျှူး၊ ဂျာဗား(အင်ဒိုနီးရှား) တို့က အလွန်ရှေးကျသောကာလတွင် သုံးစွဲခဲ့သော် လည်း မြန်မာတို့ကမူ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်ထိုင်းကို အောင်နိုင်ပြီးမှသာ စတင်သုံးစွဲခဲ့သည်။ သို့သော် အချို့ ပညာရှင်များကမူ ဆင်ဖြူရှင်မင်းတရားမှာ နှစ်ပါးရှိသဖြင့် ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မဖြစ်နိုင်၊ ယိုးဒယားကို စစ်အောင်နိုင်သူမှာ ဘုရင့်နောင်ဆင်ဖြူမင်းတရားသာ ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ မြန်မာတို့သည် ပတ္တလားကို ထိုင်းမှတစ်ဆင့်ရရှိပြီး ထိုင်းထက်နောက် ကျ၍ အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ ထိုင်းကလည်း ပတ္တလားကို မွန်တို့ထံမှရရှိကြောင်း အထက်တွင်ဆိုခဲ့ပြီ။ ထို့ကြောင့် မြန်မာတို့သည် ပတ္တလားကို ထိုင်းတို့ထံမှ ရရှိသည်ဆိုခြင်းက ပို၍မှန်ကန်မည်သာဖြစ်ပါသည်။ မွန်တို့သည် မြန်မာနိုင်ငံသား ဖြစ်သဖြင့် အက်ဖ်အေနီလီက နိုင်ငံအနေနှင့်ခြုံ၍ ပတ္တလားတီထွင်သူကို မြန်မာဟု ရေးသားခဲ့ခြင်းဖြစ်ပေသည်။ ထိုင်းတို့၏ ရနတ်ပတ္တလား ရှေ့ပြေးမှာလည်း မွန်ပတ္တလားပင် ဖြစ်ပေသည်။
အထက်ကဆိုခဲ့သည့်အတိုင်း ပတ္တလားဟူသော ဝေါဟာရကို ပုဂံခေတ်တွင်မတွေ့ရဘဲ သက္ကရာဇ် ၈၃၉ ခုနှစ် မွန်ဘုရင်ဓမ္မစေတီမင်းရေးထိုးခဲ့သော ပဲခူးကလျာဏီ သိမ်ကျောက်စာတွင် အစောဆုံးတွေ့ရသည်။ ယင်း ကျောက်စာအရ ဓမ္မစေတီမင်းက သီဟိုဠ်မင်းအား တုံံ့ပြန် လက်ဆောင်ပေးရာတွင် ပတ္တလားတစ်ခု ပါဝင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပတ္တလားကို အစောဆုံးအသုံးပြုသူမှာ မွန်လူမျိုးပင်ဖြစ်သည်။ အချို့သုတေသီများကမူဓမ္မစေတီမတိုင်မီ ရာဇဓိရာဇ် လက်ထက်ကပင် ပတ္တလားသည် မွန်တို့ဒေသတွင်ရှိနှင့် နေပြီဟု ဆိုကြသည်။
အရှေ့အိန္ဒိယမှတ်တမ်းအဖြစ် ရေးသားထားသော အလက်ဇန္ဒားမီလ်တန်၏ ၁၇၂၇ခုတွင် ပဲခူးမွန်တို့ အကြောင်းကို ဖော်ပြရာ၌ ယင်းတို့၏ ရေတံလျှောက် ဇယားခွက်ပုံစံတွင် အကြီးအငယ်သံစဥ် အမျိုးမျိုးထွက်သော (ခေါင်းလောင်း) ၂၀ခန့်ပုံသေစီတန်း ထားသောတူရိယာ ရှိသည်။ ဤနေရာ၌ခေါင်းလောင်းဟူသော စကားမှာ အသံလွင်၍ ကောက်ချိုင့်ထားသည့် ပတ္တလားအရွက်ကို အခြားဝေါဟာရတစ်ခုရှာ၍ မရသဖြင့် ခေါင်းလောင်းဟု သုံးစွဲထားခြင်းဖြစ်သည်။ အလက်ဇန္ဒားမီလ်တန် ဖော်ပြ ထားသော ပတ္တလားသည် သံပတ္တလားကြေးနောင် ဝိုင်းဖြစ်နိုင်သည်။
ပတ္တလားကို မွန်တို့အသုံးပြုပြီးနောက် ရခိုင်တို့ အသုံးပြုလာသည်ကို တွေ့ရှိရသည်။ သက္ကရာဇ် ၉၅၀ ကျော်ခန့်က ရေးစပ်ခဲ့သော ရခိုင်စာဆို ဥက္ကာပျံ၏ သီတင်း ကျွတ်လဘွဲ့ရတုတွင် “ပိန်ပေါင်ခရာ၊ စည်ဒုပ္ပနှင့် ပတ်သာမြို့လုမ်းချုံမျှ၊ ကခြီမူပတ္တလား၊ စောင်းငြင်း ပြီးသာ၊ တူရိယာ လူ့ရွာသဘင်” ဟူ၍ စပ်ဆိုခဲ့ကြသည်။ မြန်မာတို့သည် ကုန်းဘောင်ခေတ်ထက်စော၍ ပတ္တလားကို အသုံးပြုခဲ့ကြသည်ဟု ဆိုသော်လည်း ကုန်းဘောင်ခေတ် ထက်စောသော အင်းဝခေတ်ကျောက်စာများနှင့် ကဗျာ စာ ပေများတွင် ပတ္တလားဝေါဟာရကိုမတွေ့ရပေ။ ကုန်းဘောင် ခေတ်လယ် ကဗျာစာပေတို့တွင်သာ တွေ့ရှိရသည်။ ဝေသန္တရာပျို့တွင်- “စောင်းညှင်းမီကျောင်း၊ အောင်း ကလေးကျော်၊ သံပေါ် လက်ခုပ်၊ စည်းစုပ်ပတ္တလား၊ စန္ဒယားတို့၊ ထွေပြားရေးရာ၊ တေးတျာမြတ်၊ ငြိမ်သက်သီးသီး၊ နားမငြီးအောင်၊ မှုတ်တီးလိုက်လာ၊ အငြိမ့်သားသည်၊ သံကားညှင်းညှင်း၊ ပွန်စေတုံ၏”
သူဇာပျို့တွင်-
“မင်းသူဇာ၊ ဖန်ပြာအီကျူး၊ ရောင်ပြူး ပတ္တလား၊ ပန်းရောင်ဝါးနှင့် ပိတ်သားရွှေခြည်၊ ထိုသည် သေသတ်၊ လက်ခတ်မျိုး၊ သန္တာအိုးကို” စသည်ဖြင့် စပ်ဆိုခဲ့သည်။