မွန်တိုင်းရင်းသားလူမျိုးတို့သည် ထေရဝါဒဗုဒ္ဓ ဘာသာကို အလွန်လေးနက်ကိုင်းရှိုင်းသော လူမျိုးဖြစ်ပါ သည်။ မွန်တိုင်းရင်းသားလူမျိုးဖြစ်သည့် (တပူ၊ တဗဝ်) ခေါ် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားကို ဗွေဆော်ဦးဖူးမျှော်ရပြီး ပထမဦးဆုံးဥပဿကာဖြစ်ခဲ့ပါသဖြင့် အစဉ်အလာအဆက်ဆက် ဗုဒ္ဓဘာသာကို လွန်စွာပင် ကိုင်းရှိုင်းကြသည့်အားလျှော်စွာ အခြားတိုင်းရင်းသားများထက် တမူထူးခြားသည့်ပကောင်းဝတ်(ခေါ်)ဝတ်ပန်းပူဇော်သည့် ဓလေ့ကို တင်ပြခြင်းဖြစ်ပါ သည်။
မွန်ဘုန်းတော်ကြီးကျောင်းများတွင် ညနေ(၆)နာရီ အချိန်နှင့် နံနက်အရုဏ်တက်ချိန် (၄)နာရီအချိန်တွင် ရဟန်းသံဃာ တော်များစုပေါင်းပြီး ဘုရားရှိခိုးကန်တော့ ကြပါသည်။ ဘုရားရှိိခိုးကန်တော့သည်ကို မွန်တို့အခေါ် (တိုန်ဝတ်)ဟု ခေါ်ပါသည်။ မြန်မာအဓိပ္ပာယ် ဝတ်တက် သည်ဟု ခေါ်သကဲ့သို့ ဝတ်ရွတ်သည်ဟုလည်း အဓိပ္ပာယ် ရပါသည်။ သံဃာတော်များ ဝတ်တက်လျှင် ပူဇော်ရန် အတွက် ညနေအေး(၄)နာရီအချိန်တွင်ပန်းမျိုးစုံကို သက်ကြီးရွယ်အိုကလေးလူငယ်များပါသွားရောက်ပို့ကြပါသည်။
ထိုသို့ သွားရောက်ပို့သောပန်းကို ပကောင်းဝတ်(ခေါ်) ဝတ်ပန်းဟုခေါ်၍ ထိုသို့သံဃာတော်များ ဝတ်တက်လျှင် ပူဇော်ရန်ပန်းမျာ းပေးပို့လှူဒါန်းခြင်းဖြင့် ဝတ်ပန်းပူဇော်ခြင်း ဓလေ့ ပေါ်ပေါက်လာပါသည်။ ဘုရားဝတ် ပန်းပို့ရာတွင် သက်ကြီးရွယ်အို ဘိုးဘွားများက တစ်နှစ်ပတ်လုံး အခါခွင့်သာ သလို ပို့ဆောင်ပူဇော်ကြသော်လည်း လူငယ် ကလေးများသည် ဝါတွင်းဥပုသ်ကာလတွင်သာ လာရောက် ပူဇော်ကြပါသည်။
ဝတ်ပန်းအတွက် အဓိကပန်းများမှာ ရှေးယခင်က စကြာပန်း၊ ငွေပန်း၊ ရောင်စုံရွက်လှပန်းများ ဒီဇိုင်းအမျိုးမျိုး အရောင်အမျိုးမျိုးသီကုံးကာ ပူဇော်ကြပါသည်။ ယခုခေတ်တွင် မြို့ကြီးမှလာသော မေမြို့ပန်း၊ ဂန္ဓမာပန်း၊ လီလီပန်း၊ ပန်းတိမ်ငို ပန်းများလည်း ပို့ဆောင်ပူဇော်လာကြပါသည်။ ဝတ်ပန်းပို့ ပူဇော်သည့် ကလေးငယ်များသည် ဘုန်းကြီးကျောင်းများ သို့ရောက်လျှင် ဘုရားကျောင်ဆောင်တွင်ရှိသော ပန်းအိုး အဟောင်းများကို ရေသန့်စင်ပြီး ပန်းအသစ်များလဲလှယ် ပူဇော်ပြီး ဆရာတော်ကြီးမှ အလှည့်ကျတာဝန်ပေးထားသော သာမဏေကိုရင်လေးမှ သီလပေး၊ တရားဒေသနာအကျဉ်းချုပ် ချီးမြှင့်တော်မူပါသည်။
အခါခွင့်သင့်သလို ဆရာတော်ကြီးက ဝတ်ပန်းပို့ ကလေးများကို စားဖွယ်များစွန့်ကြဲလေ့ ရှိပါသည်။ သက်ကြီးရွယ်အို ဘိုးဘွားများက သီလခံယူပြီးလျှင် တရားဘာဝနာ ပွားများကြပါသည်။ ကလေးသူငယ်များက တံမြက်စည်းလှည်း၊ အမှိုက်ကောက်ကိစ္စများ သန့်ရှင်းရေး ဆောင်ရွက်ပြီးမှသာ ပြန်ကြလေ့ရှိပါသည်။
ဓမ္မဒေသနာတော်လာ သုမနော နာမ နာမေန မာလာကာရော အဟံတဒါအဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ လောကာဟုတိ ပဋိဂ္ဂဟံ…… အစချီသော ဓမ္မဒေသနာတော်လာ သုမနမည် သော ဆင်းရဲသားသည်၊ သိခီမြတ်စွာဘုရား ဒေသနာတော် လက်ထက်တွင် စံပယ်ပန်းရောင်းသော အလုပ်ဖြင့်အသက် မွေးဝမ်းကျောင်းရာ တစ်နေ့တွင် မြတ်စွာဘုရား ဒေသစာရီ ကြွလာတော်မူချိန် ကြုံခိုက်လက်နှစ်ဖက်ဖြင့် စံပယ်ပန်းများကို မြတ်စွာဘုရာအား ဆက်ကပ်ပူဇော်ခဲ့သော စေတနာအကျိုး ကြောင့် အပ္ပာယ်လေးပါးမှ ကင်းဝေးပြီး ဘဝလေးဆယ် စင်္ကြာဝတေး မင်းစည်းစိမ်ခံစားရပြီး ဂေါတမမြတ်စွာဘုရား သာသနာတော်တွင် ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါး၊ သမာပတ်ရှစ်ပါး ရရှိတော်မူသည်ဟု ဥဒါန်းရင့်ကျူးသည့် သာသနာတော်အတိုင်း မွန်တိုင်းရင်းသားတို့သည် နေ့စဉ် နေ့တိုင်း ဝတ်ပန်းပူဇော်ခြင်းကို လုပ်ဆောင်ကြပါသည်။
အထက်ဖော်ပြပါ ဝတ်ပန်းပူဇော်သည့်ဓလေ့သည် ခေတ်၏အချိန်အခါအရအချို့ဒေသတွင် တိမ်ကောသော်လည်းမွန်ပြည်နယ်ပေါင်မြို့နယ်၊ဇင်းကျိုက်၊ သပြုချောင်၊ မိုးနိုင်း၊ ကဒါ၊ ကဒုံစီး၊ ထန်းပင်ချောင်ကြီး အစရှိသည့် ကျေးရွာများသည် ယနေ့တိုင် ပူဇော်သည့်ဓလေ့ရှိနေပါသေးကြောင်း လာရောက် လေ့လာ သဒ္ဓါပွားနိုင်ရန် တင်ပြအပ်ပါသည်။