သက္ကရာဇ် ၅၁၄ခုနှစ်၌ တနင်္သာရီမင်းဆက် ဗံးစက္ကပိတ် ခေါ် မြတ်သောစင်္ကြာဝတေးမင်းသည် မှော်စွန်းကြီးမြို့တော်ကို တည်ထောင်ပြီးတစ်နှစ်အကြာတွင် တနင်္သာရီမင်းဆက်အား အမြဲကူညီပံ့ပိုးနေသော ဘောဂဝတီတိုင်းမှ နဂါးမင်းကြီးက နန်း တော်သို့ရောက်ရှိလာပြီး တနင်္သာရီမြစ်ညာ အောင်သာရအရပ်သည်သာ မြို့တော်တည်ရန်သင့်လျော်သဖြင့် မြို့တော်သစ် တည်ဆောက်မည်ဆိုပါက မိမိနှင့် နဂါးအပေါင်းက လာရောက်ကူညီမည်ဖြစ်ကြောင်း ၊ မြို့နန်းတည်ဆောက်ရာသို့ မိန်းမများ ခေါ်မလာရဟု ကတိသစ္စာပြုခဲ့သော်လည်း မိဖုရားခေါင်ကြီးမှ မင်းကြီးအား မြို့တည်ရာသို့ လိုက်ပါရန် ပူဆာသဖြင့် မိဖုရားအား ဖောင်တော်ပေါ်တွင် ဖန်ကြုတ်ဖြင့် စီရင်ကာ လျှို့ဝှက်စွာ ခေါ်ဆောင်လာခဲ့သည်။ မြို့သစ်တည်ရာသို့ ရောက်ရှိချိန်တွင် မိဖုရားကြီးမှာအတွင်းမှ ကြည့်ရသည်ကိုအားမရဘဲ အပြင်ထွက်၍ ကြည့်သောအခါ ရေထဲမှ ကျောက်တုံးဆယ်ယူနေသော နဂါး ကြီးများကိုဘွားကနဲတွေ့သည့်ခဏ၌ ကြောက်လန့်ခြင်းပြင်းစွာဖြစ်၍အော်ဟစ်ပြီးမေ့မြောခြင်းသို့ရောက်ရှိလေသည်။ မင်းကြီး လည်းမယားဇောကြောင့် ပြင်းစွာပူပန်၍ အမျက်ဒေါသထွက် ကာလက်စွဲတော်ပတ္တမြားစီခြယ်ရွှေသားကွပ်သည့် တြိသူလခရင်းဖြင့် နဂါးမင်းကြီး၏ဇက်ကို ထိုးချလိုက်သဖြင့် ကံဇာတာညှိုးမှိန် ချိန် ရောက်နေသော နဂါးမင်းကြီးမှာ အတိတ်ရှေးပဝေသဏီက ကံကြမ္မာ များ အကျိုးပေးခွင့်ရရန် အကြောင်းဖန်၍ ခရင်းသုံးခွ တြိသူလလက်နက်ဘေးသင့်၍ သေအံ့မူးမူးသို့ရောက်၏။ နဂါးတို့ မျက်စောင်းဖြင့် အကြည့်ခံရသောသူသည် ဖွဲမီးကဲ့သို့ ဖြစ်သည်ဟူသော ကမ္မဇိဒ္ဓိတန်ခိုးကိုမသုံးခဲ့ပါ။ ပြုသူအသစ်ခံရသူက အဟောင်းဖြစ်သည်ဟု ဖြေသိမ့်၏။
မင်းကြီးလည်းနဂါးမင်းကြီးကို ခရင်းသံလျက်ဖြင့် စိတ်လိုက် မာန်ပါထိုးမိသည်ကိုချက်ချင်းသတိသံဝေဂရ၏။ နဂါးမင်းကြီးမှ ဗံစက္ကပိတ်မင်းကြီးအားမြို့နန်းသစ်တည်ရာတွင်သွေးထွက်သံယိုဖြစ်ရလေပြီ။ဤနေရာတွင်မြို့တည်သော် မင်းဆက် ပြတ်ပေလိမ့်မည်။ မိမိအလောင်းကို စင်္ကြာဝဠာဖောင်နှင့်မျော၍ တင်ရာအရပ်တွင် မြို့သစ်၊ နန်းသစ်တည်ပါ။ယင်းမြို့သည်သာသားတော်အစဉ်၊မြေးတော် အဆင့် မြစ်တော်အညွှန့်၊ အစဉ်အဆက် ထီးသက်နန်းသက်ရှည်ကာ မြို့တော် လည်းစည်ကားမည့် အကြောင်းပြောဆိုမှာကြားပြီးစုတေလေ ၏။
မင်းကြီးသည်နဂါးမင်းကြီး၏အလောင်းတော်ကို စင်္ကြာဝဠာဟု အမည်ရသောဆန်းကြယ်သည့် ဖောင်ကြီးဖွဲ့၍ တနင်္သာရီ မြစ် ကြော တစ်လျောက် မျှောလေရာ နဝထပ်တောင်၌ တင်မည် ကဲ့သို့ ကပ်၏။ ထို့ကြောင့် နဂါးကပ်တောင်ဟုတွင်၏။ ယင်းမှ ရေထိုးသဖြင့် ကွာပြီး အောင်တော်မူကုန်းမှော်ရှေ့မှ သမန္တကုဋတောင်ရှိ ပါဒစက် တော်ရာကို ဦးတိုက်မျှောလာပြီး တနင်္သာရီမြစ်ဆုံ ခရင်းသေဝတ်ဆင် လေသာတောင်ခြေ ကျောက်ဆောင်အငူစွန်းဝယ် ကြီးစွာ တင်ပြန် လေသည်။ ဤနေရာကို နဂါးမော်ဟုတွင်၏။ မင်းကြီး၏ နောက်ဆုံးမှာကြားချက်အတိုင်း နဂါးမင်းတင်ပြသော နေရာတွင် သာသနာတော် သက္ကရာဇ် ၁၆၉၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၅၁၅ ခုနှစ်တွင် မြို့နန်း တည်၏။
ရည်ရွယ်ချက်
မိတ်ဆွေရင်းနဂါးမင်းကို လွမ်းဆွတ်တမ်းတမိသည်ဖြစ်၍ နဂါး မင်းကပ်သည့်နေရာ၊ တင်ပြနေရာတို့တွင် ရွှေလှေ၊ ရွှေလောင်းတို့၌ နဂါးမင်းပုံဦးခေါင်း၊ အမြီးတပ်ဆင်ကာ အမှတ်တရထား၏။ နဂါး မင်းကြီးကူညီခဲ့သော မိမိအသက်ကို ရန်မရှာခဲ့သော သူတော်ကောင်း အလောင်းအလျာ ပါရမီဖြည့်သူ ဖြစ်၍ နဂါးမင်းကြီးပုံတော်ဖြင့် နိုင်ငံ တော်အလံ၊ နိုင်ငံသုံး ဒင်္ဂါးများ၊ နိုင်ငံသုံးဓားများတွင် ပြုလုပ်ဂုဏ် ပြု ၏။ နဂါးမင်း စုတေသော တန်ဆောင်မုန်းလပြည့်နေ့ရက်တွင် ကြီး စွာသော ကုသိုလ်ဒါနပြု အမျှဝေ၏။ ဤနဂါးလှေပွဲ၌ နောင်တော် ဘုရား ၏ အမိန့်အာဏာကို ညီတော်များက သစ္စာပြု ဧဇာခေါ်ဆို ပြုပြင်ခွင့်ရ၏။မိဖုရားကြီးမှာလည်း မိမိကြောင့်ဖြစ်ရသော အကြောင်း အရင်းကြောင့် နဂါးတောင်ဝယ် စေတီ ကြီးစွာ တည်တော်မူ၏။
မင်းကြီးသည် နဂါးမင်းကြီးအား လက်ဦးမှုရယူ ထိုးသတ်ခဲ့မိ၍ စိတ် မချမ်းသာမှုကို နေ့စဉ်ညဆက်ခံစားလာခဲ့သဖြင့်နဂါးမင်းကြီး အတွက် အလှူအတန်းများစွာပြုပြီး အမျှပေးဝေရန်အတွက် တန်ဆောင်မုန်း လပြည့်နေ့တွင် နဂါးမင်းကြီးပုံတော်ပြုလုပ်ထားသော လှေတော်၊ ဖောင်တော်များဖြင့် ဗုဒ္ဓဆင်းတုတော်ကြီးငယ် မျိုးစုံ၊ တရားတော် စာပေများ၊ ဆွမ်း၊ သင်္ဃန်း၊ ဆေးဝါးများနှင့် နဂါးမင်းတံဆိပ်များ တင် ဆောင်ပြီး နယ်အဝေးမြို့ရွာများရှိ သံဃာတော်အရှင်များထံ ပို့ဆောင် လှူဒါန်းခြင်းတို့ကို ပြုလုပ်ကျင်းပရန် လျှောက်တင်ခဲ့သဖြင့် သက္ကရာဇ် ၅၁၅ ခုနှစ် စတင်၍ နိုင်ငံတော် အခမ်းအနားဖြင့် ကျေးဇူးသိ အမှတ်တရ ကုသိုလ်ရေး အတွက် အစဉ်အလာမပျက် နှစ်စဉ် နဂါးလှေပွဲတော်အား ကျင်းပလျှက်ရှိပါသည်။
နဂါးလှေတော်တည်ဆောက်ခြင်း
နဂါးလှေတော်ထွင်းရန် သစ်များကိုတောနက်ထဲသို့ဝင်၍ ရှာရခြင်း၊ နဂါးလှေထွင်းရန်အတွက် လိုအပ်သောသစ်ပင် အရှည်၊ လုံးပတ်အတိုင်းအတာများမရနိုင်သဖြင့် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရပါသည်။ စကားရွှေဝါ၊ စကားစံပ္ပယ်၊ ကောင်း မှုသားစသည့် သစ် အမျိုးအစားဖြင့်သာ ဦးစားပေးရွေးချယ်ရပါသည်။ ဒေသအခေါ် လှေတော်ခြင်း(လှေထွင်းခြင်း) ကို မျဉ်းဆရာကြီးများဟုခေါ်သော နဂါးလှေထွင်းပညာရှင်များက သစ်ပင်ရွေးခြင်း၊သစ်လုံးအကဲဖြတ်၊ မျဉ်းရိုက်၊ လှေထွင်း၊ ဝမ်းတော်ကြိုး ဂလိမ်ကြီးနှင့် ဂလိမ်ငယ်ကြိုးများ၊ခနင်း၊လှေဖုံးစသည်တို့ကို သံထည်သံစမပါဘဲသစ်သားစို့၊ ကြိမ်ကြိုးဖြင့်သာ တနင်္သာရီအစဉ်အလာအတိုင်း အဆင့်ဆင့် ပြုလုပ်ရပါသည်။ ရိုးရာပညာရှင်များ ထွင်းထုသော နဂါးခေါင်း၊ နဂါးအမြီးတို့ကို အမြီးအမောက်တည့်မတ်စွာ ဆင်ယင်ပြီး ပွဲလမ်းသဘင် အဆင့်ဆင့်ဖြင့် ရေခင်းသဘင်ခင်းရပါသည်။ နဂါးခေါင်းနှင့် အမြီးမှာ ဖြုတ်တပ်လုပ်၍ရအောင် အရှင်ထားရပါသည်။ ကိုယ်ထည်ကိုမူ သစ်ပင်တစ်ပင်တည်းဖြင့်သာထွင်းယူရပါသည်။ နဂါးလှေ အရွယ် အစားမှာ သစ်ပင်အရွယ်ကိုလိုက်၍ (၁)ဦးစီထိုင် (၁၄)ဦးနင်းသည့် နဂါးလှေတော်ငယ်မှ လူ(၂)ဦးစီထိုင် နဂါး လှေတော်လတ် (၄၂)ဦးစီနှင့် လူ (၃)ဦးထိုင် (၁၂၀)ဦးပါဝင်ရာ ရာဇသာရီနဂါးလှေတော်ကြီးအထိ များ ပြား စွာရှိပါသည်။ ပုံသဏ္ဍာန်နှင့် အချိုးမှာ အားလုံးတူညီကြပါသည်။ လှေထိုင်ခုံ (၂၂)ခုံ ပါလျှင် နို့ (၄၀ )ပါပြီး နို့ထွင်းပေါက်၍ ကြိမ်နွယ် ဂလိမ်ငယ်၊ ကြီး(၂၂)ပင်ဖြင့် ဂလိမ်တိုက်(ကြိုးညှိ)ပြီး စက္ကန်းကြိမ် ဝမ်းတော် ကြီးဖြင့် နဂါးလှေကြီး တစ်စင်းလုံးကို ကော့၊ ညွှတ်၊ ဖြန့်၊ လုံးခြင်းကို ရေအားဖြင့်ချင့်ချိန်၍ ညှိပေးရသည်။ မည်မျှပင် သစ်ပင်ကြီးမြင့်စေကာမူ သစ်ပင်တစ်ပင်တည်းကို နှစ်ခြမ်းခြမ်း၍ နဂါးလှေ တော် (၂)စီး မထွင်းထုရ။ သစ်ပင်မြင့်၍ နှစ်ပိုင်းမယူရပေ။ သစ်ပင် တစ်ပင်ကို နဂါးလှေတော်(၁)စီးသာ ထွင်းယူရသည်။ နဂါးလှေတော် တစ်စီးတွင် အနည်းဆုံး(၈၀)ပေမှ (၉၀)ပေအထိ ရှည်လျားပေသည်။
နဂါးလှေတော်လူအင်အားဖွဲ့စည်းပုံ
နဂါးလှေတော်များတွင် တစ်ဦးစီထိုင်(၁၄)ဦးစီးနင်းသည့် နဂါးလှေတော်ငယ်မှ လူ(၃)ဦးစီထိုင်(၁၂၀)ဦးပါ နဂါးလှေတော် ကြီးအထိ နဂါးလှေတော်ပုံသဏ္ဍာန်အမျိုးမျိုးရှိရာ လူ(၂) ဦးစီထိုင် နဂါးလှေ တော်လတ်၏ လူအင်အားဖွဲ့စည်းပုံမှာ အောက်ပါ အတိုင်းဖြစ်သည်−
(၁) မင်္ဂလာဦးပေါက် (လှေတော်ဦးစီး) ၁ ဦး
(၂) မင်္ဂလာလည်ရွှဲ (ဦးစီးနောက်ထိုင်) ၂ ဦး
(၃) မင်္ဂလာလည်ရွှဲ (ဝဲ/ယာထိုင်) ၂ ဦး
(၄) လှေတော်သား ၂၈ ဦး(လှေပုံးခုံ၁၄ခု)
(၅) နှဲဆရာ၊ဗုံတီး၊ကြေးတီ
(လင်ကွင်း)မောင်း ၄ ဦး(လှေပုံးခုံ ၂ခု)
(၆) ပဲ့မာန်စွယ်အကူ ၂ ဦး
(၇) ပဲ့မာန်စွယ်(ဝါ)သျှာတက်ကိုင်အကူ
(ပဲ့နင်းငယ်) ၂ ဦး
(၈) သျှားတက်(ကျက်သရေတက်)ကိုင်
( ပဲ့နင်းကြီး) ၁ ဦး
မင်္ဂလာဦးပေါက်သည် နဂါးလှေတော်၏ ဦးစီးခေါင်း ဆောင် ပဓာန ပုဂ္ဂိုလ် ဖြစ်ပေသည်။ လှေတော်ဦး(လှေထိပ်ပိုင်း) ရာဇတိုင် နေရာတွင် ထိုင်ရ၍ ရာဇာဦးပေါက်ဟုခေါ်သည်။ (တနင်္သာရီသစ်သား လှေကြီးများ၏ ထိပ်ပိုင်း(လှေဦး)တွင် ရာဇတိုင်ရှိသည်။ ရာဇာဦးပေါက်သည် လှေတော်သား အရည်အသွေး(၁၁)ချက်နှင့် ပြည့်စုံသည့် အပြင် သြဇာကိတ္တိမရှိခြင်း၊ ကွမ်းထည့်မင်္ဂလာဆောင် သားဦး ယောက်ျားမွေးသူ၊ မင်္ဂလာဇောများကို နဂါးလှေတော်လှော် ချက်ပြ ရင်း လက်တန်းစပ် ဆိုခြင်း၊ သက်ဆိုင်ရာ ဆရာတော်ကြီး၏ ဦးဆောင်မှု တာဝန်ပေး အပ်ခြင်းခံရသူလည်း ဖြစ်ရပေသည်။ ဧဇာ ခေါ်ခြင်းသည် မင်္ဂလာဦးပေါက်နှင့် လည်ရွဲများမှ ပြုလုပ် စပ်ဆို ရ သည်။ ဧဇာ ကို နဂါးလှေထွက်၊ အကွေ့၊ ရေစီးကြမ်း အပြင်း လှော်တက် ပြောင်းတို့ကို ဧဇာ ဖြင့် ကြိုတင်အသိပေးပြီး ဦးပေါက် လှော်ချက်အတိုင်း အနှေးအမြန် ညီညာစွာ လှော်ခတ်ရသည်။
နဂါးလှေတော်၌ လှော်ခတ်သော လှော်တက်အားလုံးကို သျှာတက်(ကျက်သရေတက်)ဟုခေါ်သည်။ ရွှေရောင် ၊ ငွေရောင်၊ ပန်း ချီကနုတ်များ၊ ကျောက်များစီကာ ခြယ်သနိုင်သည်။ နဂါးလှေ တော် အတွင်းမှ မင်္ဂလာတီးဝိုင်းသည် ဦးပေါက်၏ လှော်ချက်အနှေး အမြန် ကိုလိုက်၍ နရီ၊ ဝါးလတ်စသည်ဖြင့် တီးခတ်ရသည်။ ဗုံနှစ်လုံး ကို တွဲ၍ မောင်းသံနှင့်မြိုင်ရသည်။ နဂါးလှေပဲ့တွင် မတ်ရပ်သျှာ တက် ကိုင်(ပဲ့နင်းကြီး)နှင့် ပဲ့နင်း ငယ်(၄)ဦးသည် လှေတော်ကို ထိန်းရသည်။ အရေးမကြီးလျှင် ပဲ့မာန်စွယ်အကူ(၂)ဦးမှာ လှေတော်ကို အဆင် ပြေစွာကွေ့ဝိုက် နိုင်အောင် ခွေ့ခြင်း၊ ကြိုက်ခြင်းဖြင့် အပေးအယူမျှစွာ ရေသဘင် ခင်းကြသည်။ (နဂါးလှေပေါ်တွင် ဖိနပ်မစီးရ၊ အမျိုးသမီး များ မတက်ရ၊ သားငါးများတင်ဆောင်ခွင့်မပြုရ)
နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက်နေ့တွင် သာသန ဝုနိပါလချောင်းကြီးကျောင်း၊ မဟာဘုံကထိန်ပွဲတော်တွင် မနက်ခင်း အရုဏ်တက်ချိန်၌ (၁)ကြိမ်၊ နေ့လယ် (၁:၀၀)နာရီ (၁)ကြိမ် နဂါးလှေ တော်ကြီးများဖြင့် တနင်္သာရီမြို့ရှိ တန်ခိုး ကြီး ဘုရားများဖြစ်သော နဝထပ်၊ မြဝတ်ဆင်၊ ဝင်္ဂဘာ၊ လေသာနန်း ဦးစေတီတော်များကို မြစ်တွင်းမှ လက်ယာရစ်ပူဇော်လှော် ခတ်ကြပါသည်။ မဟာဘုံကထိန်ပွဲတော် မရောက်မီကပင် ပွဲတော် အတွက် ကြိုတင်ပြင်ဆင် ကြရသည်။ လှေတော်များအားလုံး စုစည်းထားရသည်။ နဂါးလှေ တော်များရှိသော လယ်သစ်ရွာမှ နဂါးလှေတော်သားများနှင့် နဂါးလှေ များမှလည်း အကြိုနေ့ည ကတည်းက တနင်္သာရီမြို့သို့ စုံညီစွာ ရောက်ရှိရသည်။ မဟာဘုံ ကထိန်နေ့တွင် တနင်္သာရီ တစ်မြို့နယ် လုံးရှိလူများ နဂါးလှေ ခင်းသဘင်ကျင်းပရာတွင် လာရောက်ကြည့်ရှု ကြသည်။ အလွန်စည်ကားသိုက်မြိုက်စွာ ကျင်းပသော ပွဲတစ်ပွဲပင်တည်း။မင်္ဂလာဧဇာများကို လှေတော်ထွက်ချိန်နှင့် ရေစီးနှေးသော ပွဲကြည့်ပရိသတ်များသောနေရာတွင် ခေါ်ဆို (သီဆို)ကြသည်။ ဧဇာ သည် နဂါးလှေတော်လှော်ခတ်ရာတွင် အနှေး၊ အမြန်၊ ကွေ့၊ ကောက်၊ အလှည့်စသည့် နဂါး လှေလှော်ခတ်ထိန်းညှိခြင်းကို ဧဇာ များဖြင့် အချက်ပေး လှော်ခတ်ကြသည်။ လူလူချင်း အချက် ပေး ရန်မလိုပေ။ တနင်္သာရီနဂါးလှေလှော်ခတ်ရာတွင် သီဆိုသော " ဧဇာ" များနှင့် အင်းဝခေတ်တွင် ပေါ်ပေါက်သော ဧချင်းများမှာ မတူညီ ကြပေ။
နဂါးလှေတော်ရေခင်းသဘင်ကျင်းပရာတွင် ခေါ်ဆို (သီဆို) ရသော မင်္ဂလာဧဇာများမှာ "ဧချင်း"များကဲ့သို့ မဟုတ် ပေ။ နဂါးလှေ တော်ရေခင်းသဘင်ကျင်းပရာတွင် သီးသန့်သီဆိုရ သော ဧဇာဖြစ် သည်။ ဧဇာသည် နဂါးလှေထွက်၊ အကွေ့၊ ရေစီးကြမ်းအပြင်း လှော် တက်ပြောင်းတို့ကို ဧဇာဖြင့် ကြိုတင် အသိပေးပြီး မင်္ဂလာဦးပေါက် လှော်တက်အတိုင်း အနှေးအမြန် ညီညာစွာ လှော်ခတ်ကြရသည်။ နဂါးလှေတော်သဘင်ဆင်ယင်ကျင်းပခဲ့သော နောင်စက္ကပိတ်မင်း မှ သည် တနင်္သာရီမင်း အဆက်ဆက် နဂါးလှေတော်သဘင် ဆင်ယင် ကျင်းပရာတွင် တနင်္သာရီမြို့နန်းစတည်စဉ်က မိတ်ဆွေရင်း နဂါး မင်းကြီးကို ကွပ်မျက်မိသော အမှားမျိုးကို နောင်သောအခါ နောင်တရ သော အဖြစ်မျိုး မဖြစ်ရအောင်ဟုသော ရည်ရွယ်ချက်ဖြင့် မင်းကြီး သည် မိမိမှားလျှင် မိမိအားအမှားထောက်ပြပေးရန် နဂါးလှေ ရေ သဘင်ခင်းချိန်တွင် ဧဇာများ သီကုံး၍ သီဆိုအမှား ထောက်ပြခဲ့ကြ သည်။ မင်းညီမင်းသား၊ မူးမတ်သေနာပတိများ၊ နဂါးလှေ တော် သဘင် ဆင်ယင်ချိန်တွင်လည်း ကမ်းနားတွင်ကြည့်ရှုနေကြသော မင်း ကြီးနှင့်တကွ ပြည်သူပြည်သားများ ကြားရအောင် ဧဇာများကိုသီဆို ကြရသည်။
ယခုအခါ ဘုရား၊ သံဃာ ၊ လူပုဂ္ဂိုလ် ၊ ဦးသျှောင်တို့ကို ချီး ကျူးဂုဏ်ပြုရသော ဧဇာများကို စီကုံးစပ်ဆို၍ သီဆိုကြသည်။ ဧဇာတွင် သုံးမျိုးရှိသည်။ ပထမ သစ္စာဧဇာ၊ ဒုတိယဘုရား၊ သံဃာ ၊ လူပုဂ္ဂိုလ်၊ ဦးသျှောင်တို့ကိုချီးကျူးဂုဏ်ပြုသော ဧဇာ၊ တတိယ ဟာသ နှောပြီးသီဆိုရသော ဧဇာဟူ၍ ဖြစ်သည်။ “ဧဇာ”ကို သီဆိုရာတွင် ဧဇာအေ့…. နောင်ဝေးနဲ့အစချီ၍ အဆုံးသတ်တွင် "နောင်တော်" "ညီ"ကို"ညီနောင်"ဟု သုံးနှုန်းသည်။ အမည်နာမရှေ့တွင် အသုံး ပြုသော "ဦး" "မောင်" နေရာများ၌ "နောင်"ကို အစားထိုး၍ သုံးနှုန်း ကြသည်။ (ဥပမာ "ဦးစိုးရီ"ကို "နောင်စိုးရီ"ဟု သုံးသည်။) မင်္ဂလာ ဧဇာများကို လှေတော်စတင်ထွက်ချိန်နှင့် ရေစီးနှေးသော ပွဲကြည့် ပရိသတ် များသော နေရာတွင် ခေါ်ဆို(သီဆို)သည်။ မင်္ဂလာ ဧဇာ ခေါ်ခြင်း အလှ၌ ဝဲဘွဲ့သံထောက်များကို ဆက်ကာ ယင်းအကြောင်း အရာနှင့် ပတ်သက်သည်များကို အဝန်းအဝိုင်းလှည့်ယူ ကာဆိုလို သည့်အဓိပ္ပါယ်ရောက်အောင် ထပ်မံထောက်ပံ့ဖွဲ့ဆိုကြသည်။ နှောင်းပိုင်းခေတ်များတွင် ဧဇာများသည် နဂါးလှေတော် အစဉ် အလာမရှိသော နေရာများသို့ ပြန့်နှံ့သွားကာ ငှက်ပျောတုံး ထမ်းပြီး အိမ်ခုန်သောအလှောင်အပြောင်သဘောပြုလုပ်လာကြသဖြင့် မင်္ဂလာ ဧဇာအစစ်များသည် အရည်အသွေးကျ ဆင်းကာမှေးမှိန် တိမ်ကော လု ဖြစ်ခဲ့သော်လည်း ယခုတစ်ဖန်အသက်ဝင်သည်ဟု ဆိုနိုင်ပါသည်။ ဧဇာဆိုသော ဓလေ့သည် နဂါးလှေတော်ကို အစဉ်အလာမပျက် ဆင်ယင်ကျင်းပသော တနင်္သာရီဒေသတစ်ခုတွင်သာ တွေ့ရသဖြင့် ယင်းဒေသသည် ဧဇာ၏ မူရင်းဒေသဖြစ်ပါသည်။ တနင်္သာရီဒေသနှင့် ဆက်စပ် လျက်ရှိသော ယိုးဒယားဘက်တွင်လည်း အလေ့အထမရှိဟု ဆိုသည်။ မြန်မာပြည်မဘက်တွင်လည်း ဧချင်းများနှင့် ဆက်နွယ် သော ကာချင်းများကိုသာ တွေ့ရပါသည်။
နဂါးလှေတော်စတင်ထွက်ခွာခြင်းနှင့်မင်္ဂလာဧဇာများ
နဂါးလှေတော်ရေသဘင်ဆင်ယင်ကျင်းပရန် မင်္ဂလာဦး ပေါက် နှင့်တကွ လှေတော်သားများ၊ တူရိယာများ၊ အရံလှေများ အဆင် သင့်ဖြစ်လျှင် ရိုးရာကန်တော့ပွဲများကို မီးထင်းပြသ ရေလောင်းပြီး လူစုံတက်စုံဖြင့် စတင်ထွက်ခွာရန် စီစဉ်ရသည်။ လှေတော် မထွက် ခွာမီ လှေတော်သား၏ တက်အားလုံး လှေမလူးစေရန် ထားရသည်။ လှေတော်ထွက်ခွာရန် အဆင်သင့်ဖြစ်ပါက မင်္ဂလာဦးပေါက်မှ အချက် ပြသီဆိုရသည်။
ပထမအကြိမ် ဟရီ…ဟေ့ ဟု တိုင်သံပေးလျှင် လှေတော်သား အားလုံး လိုက်ဆိုရသည်။
ဒုတိယအကြိမ် ဟရီ…ဟေ့ ဟု တိုင်သံပေးလျှင် လှေတော် သား အားလုံး လိုက်ဆိုရသည်။
တတိယအကြိမ် တက်ထိုး…ဟု အမိန့်ပေးလျှင် တက် အရင်း ကို နဖူးရှေ့ထိမြှောက်ထားပြီး လှော်ရန် အသင့်ပြင် ထားရ သည်။ (လိုက်မဆိုရ)
စတုတ္ထအကြိမ် ဟရီ…ဟိတ်…ယောက်ျား…ဟု ရာဇဦး ပေါက်မှ မာန်သွင်း၍ လှော်ချက်ပြသည်နှင့် လှေတော် သားအားလုံး တစ်ညီတစ်ညာတည်း လှော်ခတ်ရသည်။ မင်္ဂလာဦးတီးဝိုင်းမှလည်း အားယူ ၊ တက်ရေထိ ၊ လှော်၊ ယွန်းစသည်တို့ကို စည်းချက်တကျ တီး မှုတ်ပေးရသည်။ ဤကဲ့သို့လှေတော်စတင်လှော်ခတ်ချိန်တွင် ရာဇ ဦးပေါက်မှ ပထမဧဇာကို ဘုရားတရားနှင့် စပ်ဆိုင်သောဧဇာဖြင့် အစ ဆိုသည်။ တနင်္သာရီ အနီးနားတစ်ဝိုက်ရှိသော ဘုရားစေတီများကို ဦးခိုက် ပူဇော်သော ဧဇာများဖြင့် သီဆိုကြသည်။
နိဂုံး
တနင်္သာရီလှေလှော်ဓလေ့ကျင်းပရသည့် ရည်ရွယ်ချက်မှာ တနင်္သာရီဘုရင်ဗံးစက္ကပိတ်မင်းကြီး၏ မိတ်ဆွေဖြစ်သော ဘောဂ ဝတီ တိုင်း ဝါသုလဒေဝနဂါးမင်းကြီးအားလက်ဦးရယူထိုး သတ်မိခဲ့၍ အောက်မေ့သတိရစိတ်မချမ်းသာမှုကို နေ့စဉ်ခံစား လာရသဖြင့် နဂါးမင်းစုတ်ကျသေလွန်သော တန်ဆောင်မုန်းလပြည့်နေ့တွင် နဂါးမင်းကြီးပုံ ပြုလုပ်ထားသော လှေတော်၊ ဖောင်တော်များဖြင့် ဗုဒ္ဓဆင်းတုတော် အကြီးအငယ်မျိုးစုံ တရားတော်ပေစာများ၊ ဆွမ်း၊ သင်္ကန်း၊ ဆေးဝါးများနှင့် နဂါးမင်းတံဆိပ်ဒင်္ဂါးများတင်ဆောင်ပြီး နယ်အဝေးမြို့ရွာများရှိ သံဃာတော်အရှင်များထံပို့ဆောင်လှူးဒါန်းခြင်းဖြင့် ကျေးဇူးသိအမှတ် တရကုသိုလ်ရေးအတွက် ပြုလုပ်ပေးခြင်းဖြစ်ပါ သည်။