ယောဒေသည် ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာများကို လက်ကိုင်ထိန်းသိမ်းထားနိုင်သည့် ဒေသတစ်ခုဖြစ်သည်။ အချိန် ရာသီကာလအလိုက် ကျင်းပသော ရိုးရာပွဲတော်များ၊ ဘုရားပွဲများ၊ အလှူပွဲ၊ အိုးစည်ပြိုင်ပွဲ၊ သနပ်ခါးပါးတို့ပွဲ စသည်ဖြင့် ပွဲ တော်များစွာ တို့ကို ယောဒေသ၏ယဉ်ကျေးမှု အစဉ်အလာတစ်ရပ် အနေဖြင့် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါသည်။
ယောဒေသမှာကဲ့သို့ပင်ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ရိုးရာဓလေ့မီးကြာလှည့်လည်ပွဲ ပြုလုပ်ကြသည်။ပအိုဝ်းတိုင်း ရင်းသားတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော မီးကြာလှည့်လည်ပူဇော်ခြင်းသည် ရိုးရာဓလေ့ကိုပြသခြင်း၊စည်းလုံးညီညွတ်ခြင်း၊ ပအိုဝ်းရိုးရာဝတ်စုံများနှင့်ပအိုဝ်းတိုင်းရင်းသားတို့၏အင်အားကိုပြသသော ရိုးရာဓလေ့တစ်ခုအဖြစ်နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဝါတွင်းကာလကုန်ဆုံးချိန်တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ကြွချီလာသော မြတ်စွာ ဘုရားကို ရည်မှန်းကာ မီးပူဇော်သည့်ပွဲလည်း ဖြစ်ပေသည်။
ယောဓလေ့ပွဲတော်တစ်ခုဖြစ်သည့် သနပ်ခါးပါးတို့ပွဲ ကျင်းပ သည့်ကာလဖြစ်သော အောက်တိုဘာလများတွင် ဝင်္ကပါ လှည့်၍ပူဇော်ခြင်း (ခေါ်) ဗုဒ္ဓဆင်းတုတော်များ ဒေသစာရီ လှည့်လည် ပူဇော် ခံခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်း၊ မီးကြာလှည့်လည် ပွဲကျင်းပခြင်း၊ ဝင်္ကပါလှည့်ပွဲ၊ စတုဒီသာ တည်ခင်းဧည့်ခံကျွေးမွေး ခြင်း တို့ကိုလည်းကျင်းပကြပါသည်။
မီးကြာလှည့်ပြီး မြတ်စွာဘုရားထံတွင် ဆီမီး၊အမွှေးနံ့သာ ကပ် လှူပူဇော်ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ထူးဆန်းသည်ဟု မထင်ရသော်လည်း သနပ်ခါးပါးတို့ပွဲမှာမူယောဒေသ၏ဓလေ့တစ်ခုအနေနဲ့တွေ့မြင်ရသည့်အတွက် ထူးဆန်း လှပေသည်။ ယောဒေသ၏ထူးဆန်းသောပွဲတစ်ခုဖြစ်သည့်သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ ရောက်တိုင်း ရွာဦးကျောင်းများတွင် ဝင်္ကပါများဆောက်လုပ် ကြပြီး ဝင်္ကပါအလယ်တွင်ရှိသည့် မြတ်စွာဘုရား၏ ရုပ်ပွားတော်မြတ်ကို ဆီမီးပူဇော်ပြီးနောက်တွင် အချင်းချင်းတစ်ဦး၏ပါးပြင်ကိုတစ်ဦးက သနပ်ခါးပေါင်ဒါလိမ်းပေးသည့် သနပ်ခါး ပါးတို့ပွဲ ဖြစ်ပါသည်။ သို့သော်လည်း ၎င်းသနပ်ခါးပါးတို့ပွဲသည် ဘယ်အချိန်ဘယ်ကာလတွင်စတင်ပေါ်ပေါက်ခဲ့သည့်သမိုင်းကြောင်းဟူ၍ သက်သေ အထောက်အထားများကို မတွေ့ ရှိရပေ။
ထိုသို့သောပွဲတော်ချိန်တွင် ရပ်နီးရပ်ဝေးမှ အားလုံးအတူတကွ လာရောက်ပါဝင်ဆင်နွှဲ ကြသောကြောင့် ယောနယ်တွင် ရှိကြသည့် ရွာများအကြားစည်းလုံးညီညွတ်မှုပိုမိုခိုင်မြဲလာစေပါသည်။ ထို့ကြောင့် ယောဒေသရှိ ရပ်ရွာများတစ်ရွာနှင့် တစ်ရွာ စည်းလုံးမှု ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ဆောင်ရွက်သည်ဟု ထင်မိပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ယောဒေသဖြစ်သော ဂန့်ဂေါ၊ ထီးလင်း၊ဆော၊ကျောက်ထုမြို့နယ်များတွင်နှစ်စဉ်ကျင်းပလေ့ရှိသည့် လူသိများသောပွဲတော်များအနက် ဖယောင်းထောင်ချပွဲ ကျင်းပ၍ ဆီမီးပူဇော်ခြင်း၊ မီးကြာလှည့်ပွဲကျင်းပ၍ ဆီမီးပူဇော်ခြင်း၊ ရပ်ကွက်၊ ကျေးရွာလုံးကျွတ် သင်ပုတ်မီးထွန်း၍ ဆီမီးပူဇော်ခြင်း၊ အိုးစည်ပြိုင်ပွဲ ကျင်းပခြင်းတို့ဖြစ်ကြသည်။
အဆိုပါသနပ်ခါးပါးတို့ပွဲကျင်းပရာတွင် မီးကြာလှည့်ပွဲနှင့်အတူ ထည့်သွင်းကျင်းပလေ့ရှိရာ မီးကြာလှည့်ပွဲ ကျင်းပနိုင်ရန် ရောင်စုံ စက္ကူ၊ မှန်ရောင်စက္ကူတို့ကို နှီးဖြင့်ပေါင်းစပ်လျက် မီးကြာခွက်များ ပြုလုပ်ခြင်းအပါအဝင် ပန်းကြာများ၊ မုလေးပွားများ၊ ကြက်လျှာ များ ပြုလုပ်ခြင်းနှင့် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ကြားခြင်းစသည်တို့ကို တစ်လ ခန့် ကြိုတင်ဆောင်ရွက်ကြရသည်။
သနပ်ခါးပါးတို့ခြင်းမှာ အိမ်ရှင်ရွာခံအမျိုးသမီးများက ပတ်ဝန်း ကျင်ကျေးရွာမှ ပါဝင်ဆင်နွှဲကြသည့် မီးကြာကိုင်လှပျိုဖြူ များအား သနပ်ခါးဖြင့်ပါးကိုတို့ခြင်းဖြစ် သည်။ မီးကြာလှည့်ပွဲဖြင့် စီတန်း လှည့် လည်လာသော ပတ်ဝန်းကျင်ကျေးရွာမှ မီးကြာကိုင် အမျိုးသမီးများ ဆီမီးပူဇော်မည့်စေတီပရိဝုဏ်အနီးသို့ ရောက်လာသည့်အခါ အသင့်စောင့်နေသည့် အိမ်ရှင်အမျိုး သမီးများက ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောဆိုလျက် မီးကြာကိုင်အမျိုးသမီးများ၏ပါး တစ်ဖက်တစ်ချက်ကို သနပ်ခါးတို့ဖတ်နှင့် အသာတို့လိုက်ကြသည်။ ထိုအခါလုလင် ပျိုနှစ်ယောက်က မှန်တစ်ချပ် နှင့် ဆီးတားပေးပြီး မှန်ကိုကြည့်စေ၍ အတို့ခံထားရသည့်ပါးမှ သနပ်ခါးများ ညီညာလှပအောင်ပြင်ဆင်စေသည်။ ပြင်ဆင်လျှင် ဆီးတားထားသောမှန်ကို အသာမပေး လိုက် ကြသည်။ မီးကြာ ကိုင်အမျိုးသမီးများ ဆက်သွားသည့်အခါ နောက်တချီ ပါးတို့ခံရ သည်။ မှန်ကြည့်ပြီးပြန်လည်ပြင်ဆင်ရသည်။မှန်တန်း(၂၀)ဝန်းကျင်ခန့်ကျော်လျှင်ဘုရားစေတီသို့ရောက်၍မီးကြာခွက်ကို ဘုရားစေတီတွင် ကပ်လှူပူဇော်ကြသည်။ ဆီမီးလှူဒါန်းပြီးသည့်အခါလှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှဝေကြသည့် ယောဒေသ၏ ရိုးရာဓလေ့တစ်ခုပင်ဖြစ်ပါသည်။
မီးကြာလှည့်ပွဲနှင့် သနပ်ခါးပါးတို့ပွဲတို့ တွဲပြီးကျင်းပသည့် အခါ တွင် မီးကြာလှည့်ပွဲကို ကြေးစည်၊ မုလေးပွားကိုင်အဖွဲ့၊ ကွမ်း တောင် ကိုင်အဖွဲ့၊ ပန်းတောင်ကိုင်အဖွဲ့၊ မီးကြာကိုင်ဧည့်သည် အမျိုးသမီး များအဖွဲ့ စသည်ဖြင့် စီတန်းလှည့်လည်ကြရသည်။ ၎င်းတို့၏တစ်ဖွဲ့ နှင့်တစ်ဖွဲ့အကြားတွင် ယောဒေသရိုးရာဓလေ့ အဆို၊ အကများလည်း ထည့်သွင်းလေ့ရှိသည်ကို တွေ့ရပေမည်။
ထိုအဖွဲ့အားလုံး၏နောက်ဆုံးတွင် အိုးစည်၊ ဒိုးပတ်နှင့် ဝါးလက် အက များ ထည့်သွင်းကျင်းပလေ့ရှိပါသည်။ ယောဒေသတွင် တစ်ရွာမှ ထို ပွဲတော်ကျင်းပဖြစ်ပါက ဘေးပတ်ဝန်းကျင်ရွာများပါ ဖိတ်ကြားရပါ သည်။ ပွဲတော်ကျင်းပခြင်းသည် ရွာတစ်ရွာနှင့်တစ်ရွာ ပိုမိုချစ်ခင် ရင်းနှီးမှုကိုရရှိစေပါသည်။ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်စေပါ သည်။ စည်းလုံးညီညွတ်မှုကို ပိုမို ခိုင်မြဲစေသည့်အပြင် ပျော်ရွှင် စရာ ပွဲတော်အဖြစ် အစဉ်အဆက် ကျင်းပသည့် ယောဓလေ့ပွဲတော်တစ်ခု ဖြစ်ပါသည်။