ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ထားဝယ်ဓလေ့မိုးခေါ်ပွဲများ
Image

      စိုက်ပျိုးရာသီကျရောက်လာပြီဆိုလျှင်တောင်သူလယ်သမားဉီးကြီးများ မိုးကိုမျှော်ကြရသည်။ မိုးသာ လျှင်ပျိုးသာ၍ ဝမ်းသာကြည်နူးဖြစ်ကြရသကဲ့သို့ မိုးခေါင် လျှင်ပျိုးအောင်ရေရရှိရေးအတွက် အခက်အခဲနှင့်ကြုံ တွေ့ရလေသည်။မြန်မာနိုင်ငံသည် မိုးကောင်းသောနိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း အချို့နေရာတို့တွင် မိုးများပြီး အချို့နေရာတို့တွင် မိုးနည်းတတ်ကာ အချို့နေရာများတွင် မိုးခေါင်တတ်လေသည်။

မိုးခေါင်သောအခါ မြန်မာ့အရပ်ဓလေ့ အမျိုးမျိုးတို့ ဖြင့်ခေါင်နေသောမိုးကိုပြန်လည်ရွာသွန်းစေရန် “မိုးခေါ်ပွဲ”  များပြုလုပ် ကြလေသည်။ မိုးခေါ်ပွဲများတွင် သီဆိုကြ သော မိုးခေါ်သီချင်းများမှာလည်း စိတ်ဝင်စားဖွယ် ကောင်း၍ သာယာနာပျော်ဖွယ်ရှိလှပေသည်။ အထက်အညာဒေသတွင် မိုးခေါင်သောအခါ ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ်၍ လွန်ဆွဲပွဲများပြုလုပ်ကာ မိုးခေါ်ကြသည်။ အောက်အကြေဒေသဖြစ်သော ထားဝယ်ဒေသတွင် မိုး ခေါင်သောအခါမိုးခေါ်ပွဲကျင်းပကြသည်။ ပထမအဆင့် အဖြစ်‘လွန်ဆွဲပွဲ’ များပြုလုပ်ကြပြီး ဒုတိယအဆင့်အဖြစ် “ဖားထီးဖားမပွဲ”ကို ပြုလုပ်ကြကာ ၊ တတိယအဆင့်အဖြစ် “ငါးခုံမ ရေမြူးပွဲ”ကို ပြုလုပ်ကြလေသည်။ ထိုသို့ ပြုလုပ် သည့်အခါ မိုးခေါ်သီချင်းများကို သီဆိုကခုန် တီးမှုတ်ကြ လေသည်။

မိုးခေါ်လွန်ဆွဲပွဲ

      မိုးခေါ်လွန်ဆွဲပွဲပြုလုပ်ကြပုံမှာ မိုးခေါင်ကျော်စွာ နတ်အား နတ်ကတော့ပွဲများဖြင့် ပူဇော်ပသ၍ အိုးစည်ဝိုင်း၊ အကအခုန်တို့ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သည်။ ဖောင်သဏ္ဍာန်စင်ထိုး၍ ထိုစင်ပေါ်တွင် မိုးခေါင်ကျော်စွာ နတ်ကသူသည် နတ်ဝတ်နတ်စားဖြင့်ကရသည်။ လွန်ဆွဲသူယောကျာ်း၊ မိန်းမတို့သည် မိုးခေါ်သီချင်းများသီဆို ကာလွန်ဆွဲ၍မိုးခေါ်ကြလေသည်။ မရွာပဲခေါင်နေသော မိုးသည် မိုးခေါင်ကျော်စွာနတ်အား နတ်ကတော့ပွဲများဖြင့် ပူဇော်ပသပြီး လွန်ဆွဲပွဲများ ပြုလုပ်သည့်အခါ မိုးရွာ သည်ဟု ယုံကြည်ကြလေသည်။

အချို့ကလည်း ငမိုးရိပ်မိကျောင်းဖြင့် မိုးခေါ်ကြ သည်။ထိုစဉ်အခါကထားဝယ်ဒေသတွင်ပြုလုပ်ထားသော ငမိုးရိပ်မိကျောင်းအရုပ်မှာ သုံးတောင်ခန့် ရှိလေသည်။ ငမိုးရိပ်မိကျောင်းအရုပ်ကိုချထား၍ဝမ်းဗိုက်အောက်တွင် တုံးတစ်ခုခံထားသည်။နတ်ကသူသည် မိကျောင်းအရုပ် ကျောပေါ်တွင် ခွထိုင်ကာ ရှေ့တိုးနောက်ငင် ပြုလုပ်၍ နတ် ကရသည်။ထိုနောက် မိကျောင်းအရုပ်ခါးလယ်တွင် လွန်ဆွဲမည့်ကြိုးဖြင့်ချည်၍ လွန်ဆွဲ ပွဲပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ကြသည့်အခါ နတ်ကန်တော့ပွဲများပေးခြင်း၊ အိုး စည်ဝိုင်း၊အကအခုန်တို့ဖြင့် မိုးခေါ်သီချင်းများ သီဆို ကြလေသည်။

လွန်ခဲ့သောနှစ်ပေါင်း ၄၀-ခန့်က မိုးခေါ်လွန်ဆွဲ ပွဲ များကို ထားဝယ်ဒေသရပ်ကွက်အချို့တွင် စည်ကားစွာ ပြုလုပ်ခဲ့ကြပေသည်။ မိုးခေါင်ကျော်စွာနတ်အား   ပူဇော် ပသလျက်ကြီးကျယ်သော မိုးခေါ်လွန်ဆွဲပွဲများကို ပြုလုပ် ခဲ့ကြပြီး၊ မိုးခေါင်ကျော်စွာဇာတ်ထုပ်ကိုရုပ်ရှင် ပြသခဲ့ သည်။ ရုပ်ရှင်ပြသနေစဉ် မိုးရွာလာခဲ့ကြောင်း သိရပေ သည်။ ထို့ပြင် မိုးခေါ်လွန်ဆွဲပွဲများလည်းပြုလုပ်ခဲ့ကြပေ သည်။ ထားဝယ်ဒေသတွင် ရှေးအစဉ်အလာအရ  သီဆိုကြသော  မိုးခေါ်သီချင်းများမှာ-

၁။မိုး-မိုး ဝါလိုက်ပမိုး
   မိုးမဝါပဲကြာလေဘီ
    (သံပြိုင်)မိုးကီးလေကီး လာလေဘီ (ဝှေး)၃
၂။မိုး-မိုးဝါလိုက်ပမိုး
   အီးမိုးခေါန် ဖြုန်းထောန်ရအောန်
   (သံပြိုင်) နောနောင်မိုးဝါလိုက်ပါမိုး(ဝှေး)၃
၃။ပတော်ပန်ထပ်မာ မီးတ(ဂလယ်)
   သတ်ပါလေမိုးမန်ကီး 
   (သံပြိုင်)ဗျောန်း(ခလောန်း)မြစ်ရေစီး (ဝှေး)၃
၄။မိုးထိအောန် လှဂါးထောန်
   မိုးမှောန်တွဲလဲ တောန်ကမဲ
    (သံပြိုင်) ဝါပါလေ မိုးရွှဲရွှဲ(ဝှေး)၃
၅။အာလော့ (ကလီး) မိုးနာနီး
   မိုး မိုး ကြိုးပါလေ
   (သံပြိုင်)ရွှေခိုင်မိုးကြိုးပါလေ(ဝှေး)၃
၆။ကျွဲလူးအိုင်ဖား မိုးမန်းခေါ်
    အုမ်အမ်း အုမ်အမ်းအော်
    (သံပြိုင်)ကျေးဆန်းရေကျော် ဝါလိုက်ပါမိုး(ဝှေး)၃
၇။မိုး မိုး မိုးရိဆင်း
    သယ်(မလေ)(မလန်း)မာဝါလှဲ့မိုး
   မိုးမဝါဘဲ ကြာလေပြီး
    (သံပြိုင်)မိုးကီးလေကီး လာလေဘီး(ဝှေး)၃
၈။လေကီးလာလာ
    မိုးကီးဝါဝါ
   ဆန်ဘားပေါလှူ စားမကူ
   (သံပြိုင်) တိုင်းကားပြည်သူအေးဘီလေး(ဝှေး)၃
၉။မိုး မိုးဝါပါလေ့မယ် ဝါလေ့မယ်
   (သံပြိုင်)ဝါပါလေတော့ ဝါလေတော့
   (သံပြိုင်) ဝါလာဘီလေ့ ဝါဘီလေ့(ဝှေး)၃
    မိုးခေါ်သီချင်းကို စည်းလေးလေးဖြင့်သီဆိုရလေသည်။(……)ဖြင့်ဖော်ပြ ထားသောစကားလုံးများကို ထားဝယ်အသံအတိုင်း ထွက်စေရန်(လဆွဲ)ဆွဲ၍ ရွတ်ဖတ်ရ               ပါသည်။

‘ဝှေး’ ဟူသောအသံမှာ မိုးသံလေသံများဖြစ်ပါသည်။အထက် ပါသီချင်း ကို မြန်မာပြန်သော်-

၁။မိုးရွာလိုက်ပါ၊    မိုးမရွာတာကြာပါပြီ၊  မိုးကြီးလေ     
   လာပါပြီ။
၂။မိုးရွာလိုက်ပါ၊ အိမ်ခေါင်မိုးပေါ်တွင်    မြုံးထောင်နိုင်                 
    အောင်၊နှောင်ကြီးမိုးရွာလိုက်ပါ။
၃။ပိတောက်ပင်ပေါ်တွင်      မီးတကျည်စွဲလောင်နေပြီ၊                   
    မိုးမင်းကြီးငြိမ်းသတ်ပါ၊ မိုးရွာလျှင်ချောင်းမြောင်း၊
    မြစ်များရေစီးသွားအောင်ရွာပါ။
၄။တောင်ဘက်က မိုးသားများ   မည်းမှောင်နေ၍မိုးထိ
   အောင်လှေကားထောင်ပေးပါတယ်၊  မိုးရွှဲရွှဲစိုအောင်
   ရွာချပါ။
၅။မိုးကောင်ကင်နှင့်  နီးသွားအောင် ကျီးအာသံပေးကြ
    ပါ၊ ကိုရွှေမိုးရယ် မိုးသံလေသံပေးပြီး  ထစ်ချုန်းပါ။
၆။ကျွဲလူးအိုင်နေ ဖားတွေက  အုမ်အင်-အုမ်အင်နှင့် မိုး
    မင်းကိုခေါ်ယူနေကြပြီ၊ လယ်ကန်သင်းရိုး    ရေမြုပ် 
   လျှက် ရေကျော်အောင်မိုးရွာလိုက်ပါ။                           
၇။မိုးရိပ်လေရိပ်ဆင်ကာ ဤမြေပြင်ပေါ်မိုးရွာချပါ၊ မိုး
    မရွာကြာပါပြီ၊ မိုးကြီးလေကြီးရွာလေပြီ။
၈။လေကြီးလာပြီ၊ မိုးကြီးရွာပြီ၊ ဆန်စပါးပေါ၍ လူစား 
    မကုန်အောင် တိုင်းသူပြည်သားများ  အေးချမ်းရပြီ။
၉။မိုးရွာလိမ့်မည်၊  မိုးရွာပါတော့၊  မိုးရွာလေပြီ။

ဖားထီးဖားမပွဲ

ဖားထီးဖားမပွဲ ပြုလုပ်ကြပုံမှာ ရှေးယခင်က တည်းက ရိုးရာဆွေမျိုးအစဉ်အဆက်က ပြုလုပ်ခဲ့ဖူး သော ထားဝယ်မြို့၊ ဆန်ချီရပ်ကွက်မှ ယောက်ျားကြီးတစ်ဦးက ဖားထီးအဖြစ်တာဝန်ယူရပြီး ထားဝယ်မြို့မိန်းမကြီးတစ်ဦးက “ဖားမ” အဖြစ် တာဝန်ယူရသည်။ ဖားထီးဖားမပွဲပြုလုပ်မည့်နေ့ရက် တွင်ဖားထီးအဖွဲ့ဖြစ်သော ဆန်းချီရပ်ကွက် မှ ရပ်သူရပ်သားများသည် ရွာလယ်ဇရပ်တွင်စုရုံးပြင်ဆင်မှုများ ပြုလုပ်ကြသည်။ နံနက် ၇ နာရီခန့်တွင် ဖားထီးအဖြစ် သရုပ်ဆောင်သူအားရှေ့ဆုံးမှတင်ပြီး ဘုရားကန်တော့ပွဲ၊ နတ်ကန်တော့ပွဲများ၊ ကွမ်းတောင်ပန်းတောင်များ၊ ပရိတ် ရေအိုးများကို ရွာသူများကရွက်လျက် အကအခုန်၊ အိုးစည်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ထား ဝယ်မြို့ အရှေ့ဘက်နှစ်မိုင်ခန့်အကွာ ဇလွန်းရွာသို့ သွားကြလေ သည်။

ကျောက်မော်ရပ်ကွက်မှာ ဇလွန်းသွားလမ်းခရီး တွင်ကျရောက်သဖြင့် ဆန်းချီရပ်ကွက်မှ ပြင်ဆင်ထားသကဲ့သို့ ပြင်ဆင်ကာ“ဖားမ”ဖြစ်သူကို ရှေ့ဆုံးတင်လျက် ဖားထီးအဖွဲ့ကို စောင့်ဆိုင်းနေရ၏။ ဖားထီးအဖွဲ့ရောက်သောအခါ ဖားထီးအဖွဲ့ကနောက်မှလိုက်ကာ ဇလွန်းရွာ သို့သွားကြသည်။ထို့သို့သွားရာလမ်းတလျှောက် လုံးတွင် မိုးခေါ်သီချင်းများကိုသီဆို၍တီးမှုတ်ကခုန်ကာသွားကြ သည်။

ဇလွန်းရွာတွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း ဖားထီးဖားမအဖွဲ့ကို ကြိုဆိုသမှုပြုကာအကျွေးအမွေး ဖြင့်ဧည့်ခံလေသည်။ မွန်းလွဲ(၁)နာရီခန့်တွင် ဖားမအဖြစ် တာဝန်ယူရသော  ယောက်ျားကြီးနှင့် မိန်းမကြီးတို့အား အဓိကပြုလုပ်၍ ဘုန်းတော်ကြီးများက ငါးပါးသီလပေးသည်။ ငါးရံ့မင်းပရိတ်ရွတ်ဖတ် သရဇ္ဈာယ်ကြသည်။ ထို့နောက် ဇလွန်းရွာအနီး ငါးရံ့မင်းရေကန်ရှိရာသို့ လာကြပြီးရေကန်အနီးတွင် ယာယီတူးဖော်ထားသော စတုန်း ၁၀-ပေပတ်လည်ခန့်ရှိသည့် ရေအိုင်အနီးတွင်ဖားမ လုပ်သူ ကရှေ့၊ ဖားထီးလုပ်သူက နောက်မှဖားကဲ့သို့ လေးဘက် ထောက် ထိုင်ကာနေရာယူကြရသည်။

ထိုအချိန်တွင် နတ်ကန်တော့ပွဲပေးခြင်း၊ ပူဇော် ပသမှုများပြုခြင်းတို့ကိုပြုလုပ်ကြသည်။ ထိုကဲ့သို့ပြုပြီး နောက် ဖားထီးဖား မလုပ်သူတို့သည် ပါးစပ်မှဖားကဲ့သို့ အုမ်အင်-အုမ်အင်ဟုအော်ကာ ခုန်ဆွခုန်ဆွဖြင့် ရေအိုင် ငယ်ထဲသို့အတူတူဆင်းရသည်။  အဖိုအမပျော်မြူးသကဲ့သို့ ဟန်အိုင်ငယ်ကို သုံးပတ် ပတ် ပြီးလျှင်ရေအိုင်ငယ်ထဲသို့ အတူတူဆင်းရသည်။ အဖိုအမ ပျော်မြူးသကဲ့သို့ ဟန်ဖြစ်စေရန် ဖားထီးလုပ်သူက အနောက်မှနေ၍ ဖားမလုပ်သူ၏ ပခုံးကို လက်နှစ်ဘက် ဖြင့် ခေတ္တမျှ တင်ထားရသည်။ ထိုအခါ ဖားထီးဖားမပွဲကို ဦးစီးဦးဆောင်ပြုသူများက ကြိုတင်၍ ရေစိမ်ထားသော ပင်စိမ်းစေ့များကို ဖားဥတွေ ဥကြပြီဟု ကြဲပက်ပေးရလေ သည်။

ထို့နောက် ဖားထီးဖားမတို့သည် ရေအိုင်ငယ်မှ တက်လာကြပြီး အနီးအနားတွင်ရှိသော အုတ်တံတိုင်း အနိမ့်ကာရံထားသည့်ငါးရံ့မင်းရေအိုင်သို့လာကြကာ ကန်ဘောင် ကို ယခင်နည်းအတိုင်း သုံးပတ်ပတ်သည်။ ဖားထီးသည် ရေကန်ထဲသို့ ဆင်းသွားကာ ရေမြူးကစား သည်။ ဖားမမှာမူ ရေကန်ထဲသို့မဆင်းရပေ။ ထိုအခါ ဖားထီးဖားမပွဲကို ဦးစီးသူများက ဝါးကျည်တောက်များဖြင့် ရေကန်မှရေကိုခပ်ပြီး ဖျန်းပက်ကာ မိုးရွာဟန် ပြုရ သည်။ ဖားထီးသည်လည်း ရေကန်မှရေကို လက်ဖြင့် ယက်၍ ပက်ပေးရသည်။ ဖာထီးဖားမပွဲ ကျင်းပနေချိန်တွင် မည်သူမျှထီးမဆောင်းရပေ။ ရေကန်အစီအစဉ်များပြီးသောအခါ ရေကန်မှရေကို ဝါးကျည်တောက် များဖြင့် သယ်ယူ၍ ဇလွန်းရွာတောင် ကုန်းပေါ်ရှိ ဇလွန်းစေတီ တော်မြတ်အား ရေသပ္ပာယ် သွန်းလောင်းကြသည်။

ဖားထီးဖားမပွဲ ကျင်းပနေချိန်တွင် အိုးစည်ဝိုင်းများက မိုးခေါ်သီချင်းများကို သီဆိုတီးမှုတ်ကခုန်နေရလေသည်။ မိုးရာသီတွင် ဖားသတ္တဝါတို့သည် မိမိတို့ ဘာသာ ဘာဝ မိတ်လိုက်ကြ၍ အုမ်အင်-အုမ်အင်အော် ကြသည့်အခါ မိုးရွာတတ်သည်ဟု ယုံကြည်ကြသဖြင့် ထားဝယ်ဒေသတွင် ထိုကဲ့သို့ ဖားထီးဖားမပွဲပြုလုပ်၍ မိုး ခေါ်ကြဟန်တူပေသည်။ထားဝယ်ဒေသတွင်ဖားထီးဖားမ ပွဲများကို၁၉၂၅ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ်တွင် တစ်ကြိမ်ပြုလုပ်ခဲ့ဖူးကြောင်းသိရလေသည်။

ငါးခုံးမ ရေမြူးပွဲ

ငါးခုံးမရေမြူးပွဲ ပြုလုပ်ကျင်းပပုံမှာ ကြီးကျယ်ခမ်းနားလှသော မဏ္ဍပ်ကြီးဆောက်၍ ရာဇမတ်ကာ သဲဖြူခင်းပြီး အလယ်စင်မြင့်ပေါ်တွင် ရွှေအင်တုံတစ်ခုကို ထား သည်။ နက်ကန်တော့ပွဲများ ပြင်ဆင်ထားသည်။ ရှေးဦးစွာ ငါးခုံးမရွှေရုပ်ကို အမွှေးအကြိုင်နံ့သာရည်တို့ ဖြင့် ဖျန်းပက်သန့်စင်ပြီး ရွှေအင်တုံထဲတွင်ချသည်။ ထို နောက် ရွှေအင်တုံအတွင်းသို့ ဆက်ထားသောရေတံ လျှောက်မှ ရေသွန်းလောင်းစေ၏။ ရေတံလျှောက်မှ ကျလာသောရေအရှိန်ကြောင့် ငါးခုံးမအရုပ်သည် ရွှေအင်တုံထဲ လှည့်ပတ်ကူးခတ်နေဘိသကဲ့သို့ ရှိနေတော့သည်။

  ထိုကဲ့သို့ငါးခုံးမရေမြူးပွဲကျင်းပနေချိန်တွင် မိုးခေါ် သီချင်းများကိုသီဆိုကာ တပျော်တပါး ကခုန်ကြသည်။ ထိုအပြင် မိုးခေါ်သောအခါ ငါးခုံးမရေမြူးပွဲကို ကျင်းပ သကဲ့သို့ မိုးသည်အလွန်အမင်းရွာသွန်းပါကလည်း ငါးခုံးမ မီးကင်ပွဲကို ပြုလုပ်ကြလေသည်။ ငါးခုံးမရေမြူးပွဲကို ထားဝယ်ဒေသတွင် ၁၉၄၀ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၄၆ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း သိရပြီး အမှန် ပင် မိုးရွာခဲ့ကြောင်းသိရလေသည်။

ထားဝယ်ဒေသသည်တနင်္သာရီကမ်းရိုးတန်းဒေသ တွင်ကျရောက်သဖြင့် မြန်မာနိုင်ငံတွင် မိုးအများဆုံး ရွာ သောဒေသဖြစ်သည်။ ထို့ကြောင့် မိုးခေါင်ရန်အလွန် ခဲယဉ်းလှလေသည်။သို့သော်ထားဝယ်ဒေသ၏ ထားဝယ် ဓလေ့ မိုးခေါ်သီချင်းမှာ စိတ်ဝင်စားဖွယ်အဖြစ် မပျောက် မပျက်တည်ရှိလျှက်ရှိသည်။ မိုးခေါင်ရန် အလွန်ခဲယဉ်း လှသကဲ့ သို့ ထားဝယ်ဒေသ၏မိုးခေါ် လွန်ပွဲများ၊ ဖားထီး ဖားမပွဲများ၊ငါးခုံးမရေမြူးပွဲများကို ထားဝယ်သူထားဝယ် သားများပင် တွေ့ဖူးမြင်ဖူးသူ အလွန်နည်းပါးလှပါသည်။

မည်သို့ပင်ဆိုစေကာမူ “ထားဝယ်ဓလေ့မိုးခေါ်ပွဲများ” ကိုမူ ရှေးဟောင်းဓလေ့တစ်ရပ်အဖြစ် ထိန်းသိမ်း ကြသကဲ့သို့ ထားဝယ်ဓလေ့မိုးခေါ်ပွဲများအကြောင်းကို လည်းစိတ်ဝင်စားဖွယ် ထားဝယ်ယဉ်ကျေးမှု တစ်ရပ် အဖြစ် တစေ့တစောင်းတင်ပြလိုက်ရပါသည်။