ပြည်ထောင်စုဖွား တိုင်းရင်းသားများစွာတို့၏ ဆင်ယင်ထုံးဖွဲ့မှု၊ရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ စသည်တို့ကို လေ့လာသည့်အခါ မိမိတို့၏ မျိုးရိုးစဉ်လာအလိုက် အမျိုးမျိုးကွဲပြားကြသည်ကို တွေ့ရပေသည်။ လူတစ်မျိုး၏အကြောင်းကို အခြားလူတစ်မျိုးကများစွာစိတ်ဝင်စားသည်။သိလည်းသိလိုကြသည်။ဤသည်မှာ ပြည်ထောင်စုအသိ ပြည်ထောင်စုစိတ်ဓာတ်၏ ကြီးမား ခိုင်မာချက်တစ်ခု ဖြစ်ပေသည်။
ကနန်းလူမျိုးများသည် ကသာခရိုင်၊ ဗန်းမောက် မြို့နယ်တွင် အလျား ၁၆မိုင်၊ အနံ ၃၀မိုင်ရှိ နယ်မြေ အတွင်းနေထိုင်ကြသူများဖြစ်ကြသည်။ တိုင်းပြည်မှအသိ နည်းသေးသောလူတစ်မျိုးလည်းဖြစ်သည်။ကျေးရွာငယ်ပေါင်း၂၄ရွာ၊ ကျေးရွာ အုပ်စုပေါင်း ၅အုပ်စု၊ မူလတန်း စာသင်ကျောင်း ၄ကျောင်း၊ ဘုန်းကြီးကျောင်း ၂၁ကျောင်း၊ ဧရိယာအကျယ် အဝန်းစတုရန်းမိုင် ၁၃၄ မိုင် ရှိသည်။ လူဦးရေငါးထောင်ခန့်ရှိသည်။ ကိုးကွယ်သည့်ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်၍ အခြားဘာသာနှင့် နတ်ကိုးကွယ် သူဟူ၍မရှိပေ။ သို့သော်လည်းမျိုးရိုးစဉ်လာထုံးတမ်းများအရနတ်တင်ခြင်း၊ပသခြင်းများရှိသည်။ လုပ်ငန်းမှာ လယ်လုပ်၊ တောင် ယာခုတ်၊ အခင်းလုပ်စသည့် လုပ်ငန်းများကို လုပ်ကိုင် စားသောက်သူများ ဖြစ်ကြသည်။
ကနန်းလူမျိုးအိမ်ထောင်ပြုကြရာတွင်လူကြီးချင်း စေ့စပ်သည်လည်းရှိ၍လူငယ်ချင်းမြတ်နိုး၍လက်ထပ် သည်လည်းရှိသည်။ ဤအချက်မှာ မြန်မာလူမျိုးတို့ ကဲ့သို့ ပင် ဖြစ်သည်။ ရွာတစ်ရွာတွင် အခြားတစ်ရွာမှလူပျိုသည် အပျိုလည်လိုပါက ရွာခံလူပျိုခေါင်းကို အကြောင်းကြားရသည်။ လူပျိုခေါင်းကခွင့်မပြုဘဲအပျိုလည်ခွင့်မရှိပေ။ ငွေကြေးဓနမာန်ကြောင့် အစဉ် အလာ ယဉ်ကျေးမှုကို ချိုးဖောက်သူ မတွေ့ရ။ လူမျိုးတို့၏ ဓလေ့ကို ထိန်းသိမ်း သူ၊ စည်းကမ်းရှိသူတို့သာ ဖြစ်ကြသည်။
အပျိုလည်လိုသူလူပျိုအား ရွာရှိကနန်းအပျိုအိမ်များသို့ တစ်အိမ်တက်ဆင်းကနန်းလူပျိုခေါင်းက လိုက်ပြပေးလေသည်။မိမိနှစ်သက်လိုသောအပျိုအိမ်သို့ရောက်လျှင် လူပျိုခေါင်းကို အပျိုလည်လာသူက လက်တို့လိုက်ရသည်။ရွာခံလူပျို ခေါင်းကလည်း အလိုက်သိစွာဖြင့်တိမ်းရှောင်ပေးလေသည်။ အမျိုးသမီး၏ မိဘများကလည်း အခြားသို့ လည်ပတ်လိုပါက လည်ပတ်၍လည်ကောင်း၊အိမ်၌ပင်အိပ်လိုပါကအိပ်၍လည်းကောင်းတိမ်းရှောင်ပေးကြလေသည်။မိမိ၏ကြင်ယာလောင်းကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားသည့်ချစ်စရာကောင်းသောဓလေ့ဖြစ်သည်။ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမျိုး အလျဉ်း မရှိပေ။
အပျိုသည်လူပျိုလာပါကဖျားခင်းပေးလျက် ရေ တကောင်းနှင့်ဖလား၊ ကွမ်းပုဝါ(ကွမ်းထုပ်)၊ ဆေးဗန်းစသည်တို့ကို တည်လေ့ရှိသည်။ ဒူးတုပ်ထိုင်ချပြီး “စားပါ ဦး၊ သောက်ပါဦး” ဟု လောကွတ်လေ့ရှိသည်။ လူပျိုက (နငါနာမယ်မိန်ညဲကော်မနိုး)” မင့်နာမည်ဘယ်လိုခေါ် သလဲ ဟုမေးပြီး ချစ်ရေးစတင်ဆိုလေ့ရှိသည်။ သဘော ချင်းမျှ၍ ချစ်ကြိုက်သွားကြလျှင်ယောကျ်ားလေးဘက် မှ မိဘများထံ(သမိတ်ကားဆိပ်တယ် စိမ်ငါမာ့)ခေါ်“စကားကြောင်း”လွှတ်ရသည်။နှစ်ဖက်မိဘများ အပေးအယူမျှ ချိန်တွင် (နံဖတ်သံဟီးမာ့) ခေါ် လက်ဖက်ထုပ်တင်လျက် မင်္ဂလာဆောင်ရန် ရက်ကောင်းရွေးခြင်း၊ အဆောင် အရွက်အခွဲအခန့်တို့ကို ကန့်သတ်ခြင်း စသည်တို့ ပြု လုပ် ကြလေသည်။
အပျိုနှင့်လူပျို တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်ကြချိန်တွင် ကနန်းအမျိုးသမီးများသည် ကလေးချော့သီချင်း ဆန်ဆန်သီချင်းကို လသာသာတွင် သက် ငယ်ပျစ်ရင်း သီဆိုတတ်ကြသည်။
“ကွမ်းဖိုး” မှာ ငွေစင်ခုနစ်ကျပ်နှစ်မတ် (ခုနစ် ကျပ်ခွဲ)၊ ဖျာတစ်ချပ်၊ လက်ဖက်တစ်ကျည်၊ ငါးချဉ် တစ်ပိသာ စော့၊ အုန်း သီးတစ်လုံး၊ ငှက်ပျောသီးနှစ်ဖီးတို့ ပါရလေသည်။ ခြင်းကျားအသေးရက်၍ ငါးချဉ်ထည့် သောခြင်းကို (ငါးချဉ်စော့) ဟု ခေါ် သည်။ လက်ဖက် ထုပ်တင်စဉ် အမျိုးသမီး ဘက်မှ ငါးချဉ်ပိသာငါးဆယ်၊ တစ်ရာ၊ နှစ်ရာစသည်ဖြင့် ခွဲခန့်ရသည်။
မင်္ဂလာဆောင်မည့်နေ့တွင် သတို့သားနှင့်အတူ ယောကျ်ားဘက်မှ အသိုင်းအဝိုင်းများ မနက်စောစော မိန်းကလေးအိမ်သို့ သွားရသည်။ သတို့သမီးအိမ်ရောက်လျှင်ငါးချဉ်စော့ခြင်းလဲလှယ်ရသည်။ လဲလှယ်သည် ဆိုသော်လည်း သတို့သားကညာဖက်၊ သတို့သမီးမောင်ကဘယ်ဖက်သို့ စော့များပစ်ပေးလိုက်ခြင်းဖြစ်သည်။ စော့များကိုပြန်မကောက်ကြပေ။ ကလေးများလု၍ တပျော် တပါး စားလိုက်ကြသည်။
“စော့”တွင် ငါးချဉ်၊ ထမင်း၊ လက်ဖက်များထည့် ရသည်။ ခွဲ့ခန့်(ခန်းဝင်)ပစ္စည်း မပြည့်စုံလျှင် သတို့သမီး အိမ် ပေါ်သို့ တက်ခွင့်မရပေ။ သတို့သားဖက်မှရှေ့ဆောင်ကိုသတို့သမီးဖက်မှ ဖမ်းထားနိုင်သည့် ထုံးစံရှိလေသည်။ ခွဲ့ခန့်(ခန်းဝင်) ပစ္စည်းစုံမှ ပြန်လွှတ်ပေးကြသည်။သတ်မှတ်ထားသောစည်းကမ်းသာရှိ၍ခွဲခန့်(ခန်းဝင်)ပစ္စည်းများမစုံသဖြင့်အဖမ်းခံရသူများ မရှိဖူးသေးပါ။ကနန်းလူမျိုးများသည်ပြောပြီးစကားကိုမဖျက်သည့်အလွန်ရိုးသောလူမျိုးဖြစ်သည်။မင်္ဂလာဆောင်ဖိတ်ကြား၍ မင်္ဂလာဆောင်သို့သွားကြသူများသည်“မင်္ဂလာဆောင်သို့သွားမည်ဟု”မပြောကြ၊ငါးချဉ်စားသွားမည်”ဟုသာပြောလေ့ရှိသည်။မင်္ဂလာဆောင် တွင် ငါးချဉ်ကျွေးမှငါးချဉ်စားဟုပြောသည်မဟုတ်ပဲမင်္ဂလာဆောင်သွားသူတိုင်းငါးချဉ်စားသွားမည်ဟု ပြောလေ့ပြောထရှိခြင်းပင်ဖြစ်သည်။
မင်္ဂဆောင်တွင် ရရှိသောပဏ္ဏာပြန်(လက်ဖွဲ့)များကိုမိန်းမဘက်မှ သိမ်းရသည်။ ယောကျ်ားဘက်မှ သိမ်းရရိုးမရှိပေ။ မိန်းမဘက် မှ မိဘ၊ ဘကြီး၊ ဝရီး (အမေ့မောင်) တို့ကို ငါးချဉ်ပိသာစော့၊ အုန်းသီးတစ်လုံး၊ ငှက်ပျောနှစ်ဖီး၊ငွေစင်နှစ်ဖက်တို့ဖြင့် ကန်တော့ရသည်။မိဘ၊ဘကြီး၊ဝရီးတို့ကလည်းတောင်း၊ဓား၊ တံစဉ်၊ ပန်ကန်လုံး၊ စွန်း(ဇွန်း)၊ ဒေါင်းလန်းနှင့်ဖျာတို့ကို ပဏ္ဏာပြန်ရသည်။ မိန်းမဘက်မှအစ်ကို၊ဘထွေး၊ငါးချဉ်ငါးဆယ်သားစေ့၊ တစ်ဝမ်းကွဲအစ်ကို နှစ်ဆယ်ငါးကျပ်သားစော့ရကြသည်။ တစ်ပိသာစော့ တစ်ကျပ်၊ ငါးဆယ်သားစော့ ရသူများက ပဏ္ဏာပြန်ရသည်။
မိန်းမဘက်မှဆွေမျိုးများကိုကန်တော့ရာတွင်တတ်နိုင်ပါကအုန်းသီးတစ်လုံး၊ ငှက်ပျောနှစ်ဖီးပါသော ကန်တော့ပွဲ(အုပ်ပွဲ) များဖြင့် ကန်တော့ရသည်။ အုပ်ပွဲများများပါနိုင်ခြင်းကို များစွာဂုဏ်ယူလေ့ရှိကြသည်။ မိန်းမဘက်မှ ဆွေမျိုးအသင်းကြီးမည်၊ ယောကျ်ားဖက်ကလည်းတတ်နိုင်မည်ဆိုပါကသတို့သား၊သတို့သမီးတို့သည်ချွေးပျံအောင်ကန်တော့ကြရလေသည်။ ကန်တော့ ၍ပင်ပန်းမှုကိုပင် နှစ်သက်ကြသော လူမျိုးဖြစ်သည်။ မည်သူ့သမီးကို မည်သူ့သားနှင့် လက်ထပ်တုန်းက အုပ်ပွဲမည်မျှပါသည် ….စသည်ဖြင့် ပြောလေ့ပြောထရှိကြသည်။
(သမိတ်ကားဆား)ခေါ် သတို့သားနှင့် (သမိတ်ကားဆိပ်) ခေါ် သတို့သမီးတို့သည် မိန်းမအိမ်၏ ခေါင်တိုင် နတ်ကိုကန် တော့ ကြရသည်။(အတူတူ အာသား ယောက် ချီးမား) ခေါ် ထမင်းလက်ဆုံစားခြင်းကိုလည်း ပြုလုပ်ကြရသည်။ထမင်းပန်ကန် တစ်ခု၊ဟင်းပန်ကန်တစ်လုံး၊ဇွန်းတစ်ချောင်းတို့ကိုဒေါင်းလန်းတွင်ထည့်၍ ပရိတ်သတ်ရှေ့တွင် အတူတူစားခြင်းပင်ဖြစ်သည်။ အပျိုလူပျိုဖြစ်၍ ပထမတွင် မစားဝံ့ကြချေ။ ယင်းသို့ မစားဝံ့သည်ကို အပျို ရံ၊ လူပျိုရံ တို့က ဝိုင်းလှောင်ကြသည်။ ရှက်၍ မစားဘဲ လည်းမနေရပေ။တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေရန်အတွက် ထမင်းပန်ကန်တစ်ချပ်တည်း နှစ်ယောက်ဆုံစားစေခြင်း၊ ဇွန်း တစ်ချောင်းတည်းဖြင့် ဟင်းရည်သောက် စေခြင်းဖြစ်သည်။ တစ်သက်ပတ်လုံး ချစ်ချစ်ခင်ခင်ပေါင်းသင်း နေထိုင်သွား ကြရန်ရည်ရွယ်ခြင်းဖြစ်ပေသည်။ ထမင်းကို သတို့သားက စ၍ စားရသည်။
မင်္ဂလာဆောင်တွင် ဘုရားကို ဆွမ်းကပ်ခြင်း၊ ရိုးရာနတ်များအပြင် မိရိုးဖလာနတ်များကိုလည်း ပူဇော်ခြင်း၊ ပသခြင်းလုပ် ရသေးသည်။မင်္ဂလာဆောင်လာသော ပရိတ်သတ်များကို သတို့သား၊သတို့သမီးတို့က ကန်တော့ရသည်။ လူကြီးမိဘများကို ရိုသေကိုင်းရှိုင်းရမည်ဆိုသည့် အသိကိုအမြဲကိန်းအောင်းစေလိုသည့် ဆန္ဒကောင်း တစ်ခုဖြစ်ပေသည်။
ယောကျ်ားဘက်နှင့်မိန်းမဘက် ရိုးရာနတ်များမတူကြလျှင် မိန်းမဘက်နတ်အတိုင်းမင်္ဂလာအခမ်းအနားကိုဆောင်ရွက်ရသည်။ ခေါင်တိုင်(နတ်) မတူလျှင် သားမက်နတ်ဖြစ်ပါက သားမက်နတ်အတွက် အိမ်အပြင်တွင် နတ်စင်ဆောက်ပေးရသည်။ ယင်းသို့ပြုလုပ်ရခြင်း မှာ ယောကျ်ားနတ်သည် မိန်းမအိမ် မတက်နိုင်ခြင်း ကြောင့် ဖြစ်သည်။