ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ထားဝယ်တိုင်းရင်းသားတို့၏ လက်ထပ်ထိမ်းမြားခြင်းဓလေ့ အကြောင်းသိကောင်းစရာ
Image

မင်္ဂလာတရားတစ်ဆယ့်နှစ်ပါးရှိသည့်အနက် မိဘတိုင်းသားသမီးများအပေါ်ထားရှိအပ်သောဝတ္တရားငါးပါးတွင် ထိမ်းမြား မင်္ဂလာပြုပေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပေ သည်။ ထားဝယ်တိုင်းရင်းသားတို့၏ မင်္ဂလာအခမ်းအနားသည် တစ်မူထူးခြား လှပါသည်။ ထားဝယ်လူမျိုးတို့သည် ချစ်သူရည်းစားဘဝတွင် မည်မျှပင် ချစ်ကြိုက်စေကာမူ ယောကျ်ားပျို၏မိဘက မိန်းမပျို၏ မိဘထံသို့ ဆွေမျိုးအစုံအညီဖြင့် သွားရောက်၍ လယ်ယာ၊ ကျွဲ၊ နွား၊ ဉယျာဉ်ခြံ၊ ရော်ဘာခြံ၊ ရွှေ၊ ငွေပစ္စည်းများကို ခေတ် ကာလနှင့်အညီ တန်ဖိုးသတ်မှတ်ကာ မိန်းမပျို၏ တန်ဖိုးကို အသိအမှတ် ပြုသောအားဖြင့်တောင်းရမ်းကြပါသည်။ ထိုကဲ့သို့ မိန်းမပျိုအားတောင်းရမ်းသည်ကိုဒေသဝေါဟာရအားဖြင့် “အမေးငွေ အပ်မင်္ဂလာ” ဟုခေါ်ကြပါသည်။ စေ့စပ်ကြောင်း လမ်းပွဲ ပင် ဖြစ်ပါသည်။ အမေးငွေအပ်ပွဲတွင် နှစ်ဖက် မိဘများက ဖိတ်စာများသီးခြားရိုက်၍ ဖိတ်ကြသည်။ သတို့သားလောင်းဘက်မှဖိတ်စာတွင်သတို့သားမိဘနှင့်သတို့သားအမည်သည် ဖိတ်စာ၏အပေါ်ဘက်တွင်ရှိ၍ သတို့သမီးလောင်းဘက်မှ ဖိတ်စာတွင် သတို့သမီးမိဘနှင့် သတို့သမီး၏ အမည်သည် ဖိတ်စာ၏ အပေါ်ဘက်တွင်ရှိ သည်။ 

        အခြားသော ရပ်ရွာဒေသမှ တိုင်းရင်းသားများနှင့် လက်ထပ် သည့်အခါ ယင်းကိစ္စသည် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ် သည်။မင်္ဂလာအခမ်းအနားကိုသတို့သားလောင်းဘက်မှ ဆွေမျိုး မိတ်ဆွေများ စုံလင်စွာဖြင့် သတို့သမီးလောင်း၏ မင်္ဂလာအိမ် သို့လိုက်ပါပို့ဆောင်ပေးရပါသည်။သတို့သားတို့ဘက်မှ အသင့် ယူဆောင်လာသော မင်္ဂလာပန်းအိုးနှင့် မင်္ဂလာကွမ်းအစ် တို့ ကို သတို့သမီးမိဘများက လမ်းတွင် ဆီးကြိုကာ နှစ်ဖက်မိဘ အလဲအလှယ်ပြုလုပ်ကြရပါသည်။ ထားဝယ်တိုင်းရင်းသား မင်္ဂလာဆောင်အခမ်းအနားတွင် ပန်းတော်ကိုင်၊ ကွမ်းတော် ကိုင်သည့်သူများမှာ မိဘနှစ်ပါးတို့ပင် ဖြစ်ကြပါသည်။ ထားဝယ် အခေါ်အဝေါ် အားဖြင့် “မြားအီပို့”  မိန်းမအိမ်ပို့ ဟုခေါ်ကြပါသည်။ အမေးငွေအပ်မင်္ဂလာ အခမ်းအနားတွင် သတို့သားဘက်မှ ဘိသိက်ဆရာတစ်ဦးနှင့် သတို့သမီးဘက်မှ ဘိသိက်ဆရာ တစ်ဦးတို့က အမေး၊ အဖြေ ပြုလုပ်ကြခြင်း ပင်ဖြစ်ပါသည်။
 
လူကြီးမိဘသဘောမတူ၍ဖြစ်စေ၊အကြောင်းကြောင်း ကြောင့် နှစ်ဦးသဘောတူဖြင့် ခိုးရာလိုက်ပြေးသော ဓလေ့ လည်းရှိကြပါသည်။ထိုသို့ခိုးရာလိုက်ပြေးပါကအမျိုးသားဘက်မှ မိဘဆွေမျိုးများကထိုဇနီးမောင်နှံအား အမျိုးသမီး အိမ်သို့ ပြန်လည်တောင်းပန် အပ်နှံပေးကြရပါသည်။ ဤသည်ကို ထားဝယ်အခေါ်အဝေါ်အားဖြင့်“မီးမအပ်”“သတို့သမီး အပ်” ဟုခေါ်ဝေါ်ကြပါ သည်။ 

ဗမာမျိုးနွယ်စုဝင် ထားဝယ် တိုင်းရင်းသားတို့ စုလျား ရစ်ပတ် ထိမ်းမြားခြင်း၊ ဘိသိက်သွန်းလောင်း၍ ထိမ်းမြား ခြင်းတို့ဖြင့် “အီဒပ်”လက်ထပ်ထိမ်းမြားကြပါသည်။ ထားဝယ် တို့၏ မင်္ဂလာအခမ်းအနားပြုလုပ်ရာ တွင် အုန်းသီး၊ ထန်းသီး၊ ဓနိသီး၊ ကွမ်းသီးများကို အခိုင်လိုက် ၊ကွမ်းရွက်အစည်းလိုက်၊ ဆေးရွက်ကြီးကိုလည်း ရွှေစက္ကူဖြင့်ပတ်၍ ဒေါင်းလန်းထဲ တွင် ထည့်ထားရပါသည်။ အုန်းပင်ပေါက်၊ ကွမ်းသီး အပင် ပေါက်၊ ငှက်ပျောပင်ပေါက်(၂)ပင်၊ ကြံပင် (၂)ပင်တို့ကို ထောင် ထား ရပါသည်။ အပြစ်အနာအဆာကင်း၍ လှပသောအပင် ပေါက်များနှင့် အသီးခိုင်များကို မင်္ဂလာကိစ္စအတွက် ဝယ်ယူလျှင် သာမန်ဈေးထက် နှစ်ဆပေးဝယ်ရပါသည်။ အသီးများကို အခိုင်လိုက်ထည့်ရခြင်းမှာ ဤမင်္ဂလာကိစ္စကြောင့်ဖြစ်ပေါ် လာသောအိမ် ထောင်ရေးခိုင်မြဲစေရန်အတွက်ဖြစ်သည်။အပင်ပေါက်များကိုထည့်ရခြင်းမှာဤအိမ်ထောင်ရေး၏ရှင်သန်ကြီးပွားမှုကို အတိတ် မှတ်ယူခြင်း ဖြစ်ပါသည်။ အမေးငွေအပ်မင်္ဂလာတွင်သတို့သားဘက်မှတင်တောင်းထားသည့်ပိတ်ဖြူအုပ်ကိုလည်း ဒေါင်းလန်းအပေါ်တင်၍ ပြင်ဆင်ထားရ ပါသည်။ 

  သတို့သားနှင့် သတို့သမီးတို့သည် မင်္ဂလာခန်းမ အလယ်သို့စုံတွဲတွဲ၍ မထွက်လာကြပါ။ ရှေ့ဆင့်နောက်ဆင့် လည်းမထွက်လာတတ်ကြပါ။ ဘိသိက်ဆရာက သတို့သား ကို ခေါ်ထုတ်လျှင် သတို့သားက တောင်ရှည်ပုဆိုး၊ အပေါ် ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းနှင့် သတို့သားအရံတစ်ဦး၊ နှစ်ဦးခြံရံ ၍ ခန့်ညားတင့်တယ်စွာဖြင့် ထွက်လာကြသည်။ အလားတူ ပင်သတို့သမီးကိုခေါ်ထုတ်လျှင် သတို့သမီးသည် ထမီကွဲ၊ ထိုင်မသိမ်းအင်္ကျီနှင့် ပခုံးတင်ပဝါ “ဖားအူပိုင်း” ကို ပခုံးတင်၍ သတို့သမီးအရံများ ခြံရံကာ လှပတင့်တယ်စွာ ဖြင့် ထွက်လာရပါသည်။ သတို့သားကို လက်ယာဘက် သတို့ သမီးကို လက်ဝဲဘက် နေရာယူ၍ ထိုင်စေပါသည်။ 

ဘိသိက်ဆရာရှေ့ရှိ ငွေဖလားတွင် သတို့သား အတွက်ပန်းကန်တော့(၃)ခု၊သတို့သမီးအတွက် ပန်းကန်တော့ (၃)ခုတို့ကို ထိုးစိုက်ပေးထားသည်။ ထိုပန်းကန်တော့တွင် စံပယ်ပန်း၊ ဒေါင်းစုံပန်း၊ သပြေ၊ မြေဇာ၊ မြက်၊ ဧကရာဇ် ရွက်၊ အုန်းလက်တို့ ပါဝင်ကြသည်။ အမေးငွေအပ်ခဲ့စဉ်က သတို့ သားဘက်မှ တင်တောင်းရာတွင် ပါလာသော ပိတ်ဖြူအုပ်ကို သုံးတောင်စီခွဲ၍ စားသောက်ဖွယ်ရာများနှင့်  အတူပေးအပ်လိုက်ရပါသည်။ တစ်ဖက်နှင့်တစ်ဖက်ဆွေမျိုးရင်းချာများ ဖြစ်ပြီဟုသတ်မှတ်လိုက်သော သင်္ကေတတစ်ခုပင်ဖြစ်ပါသည်။ 

        သတို့သားသည် သတို့သမီးမိဘ၏ အိမ်တွင်အနည်း ဆုံး(၇)ရက်နေရပါသည်။ မိသားစုနေထိုင်မှုပုံစံမှာ အများအား ဖြင့် (၇)ရက်သို့မဟုတ် ကာလအနည်းငယ် မိဘနှင့် အတူနေထိုင်ပြီးမှ အိုးအိမ်ခွဲပြီး အိုးအိမ်သစ် ထူထောင်ကာ နေထိုင် လေ့ရှိပါ သည်။ အိုးအိမ်အသစ်ခွဲနေကြပြီဆိုပါက ခင်ပွန်းဖြစ်သူဘက်မှ အစဉ်အလာအရ ယုံကြည်ကိုးကွယ်လာသော ရိုးရာဓလေ့ကို ကိုးကွယ်ရပါသည်။

         အချုပ်အားဖြင့်ဆိုရသော် ထားဝယ်လူမျိုးတို့သည် ထိမ်းမြားမင်္ဂလာပွဲကို မြတ်နိုးတန်ဖိုးထားကြပြီး စည်ကား သိုက်မြိုက်စွာ ပြုလုပ်ကျင်းပကြပါသည်။  မိန်းမပျို၏ တန်ဖိုးကို အသိအမှတ်ပြုသည့်အနေဖြင့် ရွှေ၊ ငွေ၊ ဥစ္စာ ပစ္စည်းတို့ဖြင့် တောင်းရမ်းလက်ထပ် ယူကြပါသည်။ လူနေမှုအဆင့်အတန်း ပြောင်းလဲတိုးတက် လာသည်နှင့် အမျှ ထားဝယ်လူမျိုးတို့၏ လက်ထပ်ပွဲသည်လည်း ရှေးမူမပျက် ခမ်းနားထည်ဝါစွာ ကျင်းပနေကြပါသည်။