ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မြန်မာဇာတ်သဘင်နှင့် ကိန္နရာအသွင်
Image

ကိန္နရာနှင့် မြေဝိုင်းဇာတ်

မြန်မာတို့၏ ဇာတ်သဘင်အစမှာ “မြေဝိုင်းဇာတ်”ဟု ဆိုရမည်ဖြစ်၏။ ရှေးက မြေဝိုင်းဇာတ်ကို ‘ပန်းပင်လယ် မြေ ဝိုင်းဇာတ်’ ဟုလည်းခေါ်ကြသည်။ ကပြမည့်နေရာတွင်  ပန်းပင်များစိုက်၍ ထားပြီး ထိုပန်းပင်ကို ပတ်ချာလှည့်၍ ကပြရသောကြောင့် ‘ပန်းပင်လယ်’ဟု ခေါ်ဆိုခြင်းဖြစ် သည်။ 

စိုက်၍ထားသည့် ပန်းပင်ကို ဝိုင်းပတ်၍ ကပြရ သောကြောင့် ‘ပန်းဝိုင်း’ဇာတ်ဟုလည်း ခေါ်တွင်ကြသည်။ ထို့ပြင် ဇာတ်စင်များ မထိုးကြသေးဘဲ မြေပေါ်၌ ဝိုင်းဖွဲ့ ကပြရသောကြောင့် ‘မြေဝိုင်း’ ဇာတ်ဟုလည်း ခေါ်ကြ သေးသည်။ အခေါ်အဝေါ်ကွဲပြားသော်လည်း အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါသည်။

‘ပန်းပင်လယ်မြေဝိုင်းဇာတ်မှာ’ တဖြည်းဖြည်း လူကြိုက်များလာရာ ၁၂၄၀ ပြည့်နှစ်ခန့်တွင် နာမည်ကြီး မင်းသမီးများ ပေါ်ထွက်လာကြသည်။ ထိုခေတ်က နာမည်ကျော်ကြား လူကြိုက်များခဲ့သည့် မင်းသမီး မငွေသော်မှာ ကိန္နရီအက လွန်စွာကကောင်းကြောင်း သိရှိရသည်။ 

ဤသို့ရှေးခေတ်ကပင် ကိန္နရီအကများရှိခဲ့ကြောင်း သိရှိရပြီး ကိန္နရီအကမှာ မြန်မာ့ယဉ်ကျေးမှု၏ ဓလေ့ ထုံးတမ်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

ကိန္နရာဇာတ်နှင့် စပ်သည့် ရှေးဦးသဘင်အမိန့်တစ်ရပ်

‌ညောင်ရမ်းမင်းသမီး သမီးတော်ပန်ထွာမင်းသမီး ဆံထုံးထုံး၊ နားထွင်းမင်္ဂလာအခမ်းအနားအတွက် သက္ကရာဇ် ၉၆၀ ပြည့်နှစ်၊ တော်သလင်းလဆန်း (၁၄) ရက်နေ့ နာခံစမြှောင်မှူးအမိန့်တော် ထုတ်ပြန်ရာတွင် ကိန္နရာ ဇာတ်နှင့် စပ်သည့်ရှေးဦးသဘင် အမိန့်တစ်ရပ်ကို တွေ့ရ၏။

ထိုအမိန့်တော်မှာ-

          “ရှေ့တော်ပြေးမှူး လူဦးရေ ၉၀၊ မိန်းမစည်၊ မိန်းမစောင်း၊ မိန်းမငြင်းအစုံ ကိန္နရာဇာတ်၊ မနော်ဇာတ်၊ ဝိဓိုရ်ရဇာတ်၊ ကုမ္မာဘယဇာတ်၊ အန္တရ‌ဒေဝီဇာတ်များကို စာရင်းနှင့် အသင့်ရှိစေ” ဟုတွေ့ရ၏။ 

              ရှေးဇာတ်သဘင်ဆိုင်ရာ ရှေးအကျဆုံးအမိန့် တော်တစ်ရပ်ဖြစ်သကဲ့သို့ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ခန့် ကပင် ကိန္နရာနှင့် ပတ်သက်သော ကပြဖျော်ဖြေမှုများ ရှိခဲ့ ပြီဖြစ်ကြောင်း သိရှိနိုင်၏။ ဤသို့သိရှိရခြင်းသည်ပင် ကျွန်ုပ်တို့၏ ယဉ်ကျေးမှုအမွေ တန်ဖိုးမြင့်တက်လာခြင်း ဖြစ်သည်။

မြန်မာ့ရုပ်သေးသဘင်နှင့် ကိန္နရီ

              အမြင့်သဘင်ဟု ရှေးကခေါ်တွင်ခဲ့သည့် မြန်မာ့ ရုပ်သေးသဘင်များ၌ နဂါး၊ ဂဠုန်၊ ဂုမ္ဘန်၊ ယက္ခစသော အရုပ်ပေါင်း(၃၆)မျိုး ပါဝင်သော်လည်း ကိန္နရာ ကိန္နရီရုပ်များ ပါရှိသည်ဟု မတွေ့ရှိရပေ။

              ရှေးက ရှင်ပြု မင်္ဂလာမှစ၍ အလှူဒါနပြုကြသည့် အခါ၌ ဇာတ်ရုပ်သေးသဘင် ပညာသည်တို့နှင့် ကျင်းပ ပြုလုပ်ကြသည်ဆို၏။ 

              မင်းညီမင်းသားတို့၏အိမ်တော်၌ မင်းသားများ မိန့်တော်မူရာဇာတ်ကို ရုပ်သေးပညာရှင်တို့က ခင်းကျင်း ပြသရသည်။ များသောအားဖြင့် မင်းသားတို့သည် ရုပ်သေး (အမြင့်သဘင်)ကို အသုံးနည်းပီး မြေဝိုင်းဇာတ်(အနိမ့် သဘင်) ကို အသုံးပြုများသည်ဆို၏။

              ရုပ်သေးဇာတ်များတွင် “ဒွေးမယ်နော်” ဇာတ် သည်လည်းမင်းသားများ အကြိုက်တွေ့သည့် ဇာတ်တစ်ခု ဖြစ်ကြောင်း သိရှိရ၏။ ၎င်းပြင် နန်းတွင်းသူ နန်းတွင်း သားလည်း လွန်စွာအကြိုက် တွေ့ကြသည်ဆို၏။  

ဇာတ်ရုပ်သေး ပညာရှင်တို့သည် အမြို့မြို့အနယ်နယ် သို့သွား‌ရောက် ကပြကြရသည့်အခါ၌ သင့်တော်မည့် ဇာတ်ကို ဦးစားပေးစီစဉ်ကြရသည်။ တောင်ငူမြို့နယ်၌မူ ထိုအချိန် ‘သုဓနု‌ဒွေးမယ်နော်’ ဇာတ်ကို တွင်တွင်ကြီး ခင်းကျင်း ပြသရကြောင်း သိရ၏။

ကိန္နရီအကဖြင့် ကျော်ကြားသည့်မင်းသမီး မထွေးလေး

              အနိမ့်သဘင်ခေါ်သည့် မြေဝိုင်းဇာတ်သဘင်မှ စပ်ကူးမတ်ကူးကာလ မန္တလေး ဒုတိယသဘင်ခေတ်တွင် နာမည်တစ်လုံးဟိုးဟိုးကျော်ခဲ့သည့် မင်းသမီးမှာ ‘မထွေးလေး’ ဖြစ်သည်။

ဇာတ်သဘင်အကြောင်း ပြောဆိုလျှင် သတင်းကြီးလှသည့် မင်းသမီးမထွေးလေး အကြောင်း မပြော၍ မဖြစ်ပေ။

              ရတနာပုံမန္တလေးခေတ်တွင် အထူးကျော်ကြား ထင်ရှားခဲ့သည့် မင်းသမီးမထွေးလေးသည် ကိန္နရီအကကို ကျွမ်းကျင် နိုင်နင်းသူဖြစ်သည်။ မထွေးလေးကဲ့သို့ ကိန္နရာပျံ အကမျိုးကပြတတ်သည့် မင်းသမီး နောက်ထပ်ပေါ်လာ နိုင်တော့မည် မဟုတ်ကြောင်း သဘင်ပညာရှင်ကြီးများက မိန့်ဆိုကြသည်။

          မင်းသမီးမထွေးလေး၏ “ဒွေးမယ်နော်ငွေတောင်ပြည် ပြန်ခန်း” မနော်ဟရီဇာတ်မှာ ယနေ့တိုင်သဘင်ပညာရှင်တို့  ဩချယူရသော ဇာတ်ဖြစ်သည်ဟုဆို၏။

  ‌ယောက်ျားမင်းသမီးအောင်ဗလလည်းသူ၏အနုပညာသက်တမ်း တစ်လျှောက်တွင် စန္နကိန္နရီနှင့်ဒွေးမယ်နော်ဇာတ်ထုပ်များကပြခဲ့ဖူး၏။သို့သော်မင်းသမီးမထွေး လေးလောက် ထင်ပေါ်ကျော်ကြားမှု မရှိခဲ့ပေ။