တနင်္သာရီဒေသသည် ရှေးပဝေသဏီ ကတည်း ကပင် ယဉ်ကျေးမှု မြင့်မားခဲ့ကြခြင်း၊ အရှေ့နှင့် အနောက် ပင်လယ် ကမ္ဘာ့ကုန်သွယ်ရေး ရေလမ်းကြောင်း၏ ဆုံမှတ် ဖြတ်လမ်းတို့အပေါ် ရှိခြင်းကြောင့် ယဉ်ကျေးမှုအမျိုးမျိုး အပြန်အလှန် ကူးလူးဆက်သွယ်ခဲ့ပေသည်။ ယနေ့ရှိ နေသော ယဉ်ကျေးမှုအားလုံးသည် တနင်္သာရီဒေသနှင့် အံဝင်ဂွင်ကျ ဖြစ်နေသည်ကို တွေ့ရပေ၏။ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က တနင်္သာရီမြို့ဟောင်းမှ တွေ့ရှိ ရသော လက်ဖဝါးအရွယ် ကျောက်ပြားကလေးပေါ်တွင် ကျားကနေသူ နှစ်ဦးပါရှိသည်။ မျက်မှန်ပါသည်ကို မတွေ့ရပါ။ ဆေးရေးမရှိသဖြင့် တိုက်ခိုက်ဟန် ဖြစ်သော်လည်း ခါးမှာကြိုးဖြင့် ချည်ထားသဖြင့် ကျားကနေသည်ဟု သိရပေ၏။ ထို့အပြင် ရှေးခေတ် အခါက တနင်္သာရီပြည်၏ပိုင်နက်သည် တောင်ဖက်စွန်း ကရကျွန်းဆက်အထိ ကျယ်ပြန့်ခဲ့၏။ ကရကျွန်းဆွယ်သား (တနင်္သာရီ)အကမှ “ကရကျား” အက၊ “ကလားကျား” အရဟူသော အခေါ်အဝေါ် ဖြစ်ပေါ်လာသည်ဟုလည်း ကြားသိဖူးပေ၏။ သို့သော်လည်း တနင်္သာရီတွင် ခေတ်အဆက်ဆက် ကျားအကမပျက်ဘဲ ထိန်းသိမ်း ထားနိုင်သဖြင့် ယနေ့တိုင် မြင်တွေ့နေရခြင်း ဖြစ်ပါ သည်။ ဤကျားအကသည် မြိတ်မြို့နှင့် ပုလောမြို့ တွင်လည်းရှိပါသည်။ အထက်မြန်မာပြည် တစ်နေရာ တွင်လည်း သမန်းကျားဟူသော လူမှ ကျားစိတ်သွင်းကာ အမဲလိုက် လူကျားတစ်မျိုးလည်း ရှိခဲ့ကြောင်း လေ့လာ သိရှိရပါသည်။ ထိုကျားတစ်မျိုးမှာလည်း စိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့ အံ့သြကြောက်မက်ဖွယ်လည်း ကောင်း လှသည်။ ဝမ်းစာအတွက် အမဲလိုက်လိုပါက လူသူ ရှင်းသောတောတန်း တစ်နေရာ၌ တစ်ကိုယ်တည်း ဝတ်ထားသောအဝတ်များကို မသိစိတ်မှချွတ်၍ ကျားစိတ် ပေါက်ကာ သားရဲတိရိစ္ဆာန်များအား တကယ့်ကျား တစ်ကောင်ပမာ မာန်ဖီ၍ အမဲလိုက်ကြောင်း သိရှိရပါ သည်။ ထိုသမန်းကျားမျိုးမှာလည်း မျိုးရိုးဗီဇအရ ဆင်းသက်လာသော လူကျားတစ်မျိုးဖြစ်ကြောင်း သိရှိရ သည်။
မာန်ဖီ၍ အမဲလိုက်ကာ ရလာသော သားတိရိစ္ဆာန် များကို ပါးစပ်ဖြင့်ကိုက်ချီ၍ မူလမိမိကျားစိတ်ဝင်ခဲ့သော နေရာသို့အရောက် မိမိ၏ အဝတ်အစားများကို မြင်တွေ့ကာ အနံ့အသက်ရလာချိန်ပင်လျှင် လူစိတ် တစ်ဖန်ပြန်လည် ဝင်စားကာ သာမာန်လူတစ်ယောက် အနေဖြင့် ရိုးရှင်းစွာ မိမိအဝတ်အစားများကို ပြန်လည်ဝတ်ဆင်၍ သားကောင် များကို သယ်ယူကာ မိမိ၏ အရပ်ဒေသသို့ ပြန်သွား လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ ဤလူကျား မျိုးမှာ အေဒီ(၁၇) ရာစုခန့်လောက်ကပင် အောက်မြန်မာ ပြည်တောင်ပိုင်း တနင်္သာရီတိုင်းတွင် တည်ရှိနေကြောင်း သိရှိရသည်။
တနင်္သာရီမြို့တွင်ရှိသော ကျားအကများသည်လည်း ကျားစိတ်တစ်လှည့်၊ လူစိတ်တဖန် ဝင်စားတတ်သော လူကျား တစ်မျိုးဖြစ်သော်လည်း သမန်းကျားကဲ့သို့ တောထွက်အမဲလိုက်တတ်သော လူကျားမျိုးမဟုတ် ကြောင်း သိရှိစေလိုပါသည်။ တနင်္သာရီမြို့နယ်တွင်ရှိသော ကျားအကမှာ နှစ်စဉ်တန်ခူးလဆန်းပိုင်းဝင်လျှင် ကလေ့ ရှိပါသည်။ တစ်နှစ်တစ်ကြိမ် ကျားအက မကပေးနိုင်ပါက ကျားစိတ်ဝင်၍ တောထဲသို့ဝင်ပြေးကာ သေဆုံးသွားခဲ့ဖူး ကြောင်း ရှေးလူကြီးသူများ၏ စကားအမိန့် ရှိခဲ့ဖူး သော်လည်း (၁၂) ရာစုထဲတွင် မရှိတော့ပါ။ တနင်္သာရီ မြို့တွင် နှစ်စဉ်ကလေ့ရှိသော ကျားအကမှာ စိတ်လှုပ်ရှား၍ ကြောက်လန့် စေသောကျားအက တစ်မျိုးဖြစ်သည့် အားလျော်စွာ ပျော်ရွှင်စရာ၊ ရယ်စရာလည်းကောင်း လှပါသည်။ ကျားအက ကမည်ဆိုပါက ကျားလုပ်မည့်သူ (၃)ဦး၊ (၄)ဦးထက်မနည်း ရှိရပါမည်။ ထို့ကြောင့် အားကောင်း မောင်းသန်ခွန်အားကြီး၍ တောင့်တင်း ခိုင်မာသည့် ယောကျ်ား(၃)ဦး၊ (၄)ဦး ခန့်လိုအပ်ပေသည်။ ထို့နောက် ကျားရှေ့တွင် ဟန်ရေးပြကာ တောလိုက် မုဆိုးပြုလုပ်ရန်အတွက် ပေါ့ပါးသွက်လက်၍ သာမာန် ကိုယ်လုံးရှိသည့် လူ(၃)ဦး၊ (၄)ဦး လိုအပ်ပေသည်။ မိုးနီစီး(သို့)ကျားစိတ် ပြင်းထန်၍ ရုန်းကန်လာလျှင် ကျားစိတ်အား ဖြေလျှော့ သွားစေရန်တွက် ကရမက် လောဘန်ခွက်(၂)ခွက်ကို ကျား၏နှာခေါင်းဝတွင် ပေးရှူ ရပါသည်။ ကျားကပွဲတွင် ပါဝင်သော တူရိယာများမှာ ကျားဗုံ(၄) လုံးမှ (၆) လုံး အထိ၊ ကြေးလင်းကွင်း(၁)ချပ်၊ မောင်း(၁)လုံးလည်းဖြစ်ပါသည်။ မိုးနီဟူသည် မြင့်မြတ် သည်ဟူသော မုနိမှ ဆင်းသက်ပြောင်းလဲလာသော အခေါ် အဝေါ်တစ်မျိုး ဖြစ်နိုင်ပေသည်။
ကျား မကမီ ကျားလုပ်မည့်သူများအား ခါးတောင်း ကျိုက်၍ အင်္ကျီဗလာဖြင့် ကျားတစ်ကောင်ကဲ့သို့ အသွင် ပြောင်းအောင် ဆေးဒါန်းတို့ကို ခံဆေး သုတ်ဆေးတို့ဖြင့် ညလုံးပေါက် မီးဖိုကြီးများဖြင့် ရေးဆွဲကြရပေသည်။ ဆေးရောင် (အနီ၊ အဖြူ၊ အနက်) စသည့် အရောင် မျိုးစုံဖြင့် တစ်ကိုယ်လုံးကို ကျားသဖွယ် ခန္ဓာကိုယ် အနှံ့တွင် အကြောင်အကျား၊ အစက်အပြောက်လိမ်းခြယ် ပေးရပါသည်။ ထို့နောက် တောလိုက်မုဆိုးအသွင် ပြုလုပ် မည့်သူအား ဂုန်နီအိတ်ကို အင်္ကျီအရှည်ချုပ်၍ သစ်သား ဓား၊ သစ်သားသေနတ်တို့ဖြင့် ပြင်ဆင်ထားလေသည်။ ထို မုဆိုးမှာလည်း မုဆိုးတစ်ယောက်၏ သွင်ပြင်အတိုင်း ရှိစေရန်အတွက် လိုအပ်ပါသည်။ ထိုနောက် ပါဝင်ရမည့် ပစ္စည်းများအား စုဆောင်းကာ တနင်္သာရီပြည်ရှင်နန်းတွင် ဝင်ရောက်ဦးခိုက် ကပြပြီးမှ တစ်မြို့လုံးသို့ လှည့်လည် ကပြကြလေသည်။
ကျားက၍ အချိန်ကြာလာသည်နှင့်အမျှ ကျားစိတ်မှာ ပိုမိုပြင်းထန်လာကြောင်း ကိုယ်တိုင် ကျားကသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ဗုံသံနှင့်အတူ လူအုပ်ကြီး ဝိုင်းအုံလာကြပါသည်။ ထို့နောက် စက်ဝိုင်းသဏ္ဍာန် လူအုပ်ကြီးအတွင်းတွင် လူကျားများမှာ ကျားတစ်ကောင် ကဲ့သို့ မာန်ဖီနေသည့် အသွင်အပြင်ဖြင့် တည်ရှိနေ သည်မှာ စိတ်လှုပ်ရှားစရာကောင်းလှပါသည်။
အများအားဖြင့် အိမ်ခြေ၊ လူဦးရေများသော နေရာ များတွင်သာ အကများနေသည့် အသွင်အပြင်ဖြစ်လေ သည်။ လူအုပ်ကြီးမှာ(၁၀၀)ကျော်၊ (၂၀၀)ခန့်ဖြင့် အုပ်အုပ် ကျက်ကျက် ရှိလှပေသည်။
ကျားအကအား တနင်္သာရီမြို့တွင်ရှိသော ကလေး၊ လူကြီး မရွေး စိတ်လှုပ်ရှားခြင်းနှင့် အတူ နှစ်ခြိုက်အားပေး ကြကြောင်း တွေ့ရပါသည်။ ပထမ စတင်ကပြသည်နှင့် ကျားဗုံများ ဖြည်းညှင်းစွာ တီးခတ်ခြင်းမှသည် တဖြည်းဖြည်း ပြင်းထန်လာပါသည်။ လူကျားများ မှာလည်း ကျားစိတ်ဝင်ကာဖြင့် တစ်ကိုယ်လုံး ဖြစ်လာကာ တုန်ယင်သည်အထိ တောတွင်းကျားတစ်ကောင်ပမာ ခွန်အားကြီးမားစွာဖြင့် ရုန်းကန် လှုပ်ရှား၍ ကျားထိန်းအား ဆန့်ကျင် တွန်းကန်လေသည်။ မုဆိုးမှာလည်း သိုင်းနင်း ကွက်ကျစွာဖြင့် ဓားတစ်ချောင်း၊ သံပရာသီးတစ်လုံးဖြင့် ဟန်ရေးပြနေပါသည်။ သံပရာသီးလိမ့် ကျားအကကို ကပြနိုင်သည့် ဝါရင့်ကျားဆရာကြီးနှစ်ဦးရှိပါသည်။ တောတွင်းကျား တစ်ကောင်၏ ရှေ့တွင် ကျားအား အကွက်ကျကျ တိုက်ခတ်တော့မည့် မုဆိုး၏ ပုံသဏ္ဌာန်မှာ ကြောက်စိတ်မရှိ ပကတိဖြင့် မျက်ခြည်မပျက်ဘဲ ကျား၏မာန်ဖီနေသော အမူအရာကို ဓားတစ်ချောင်းဖြင့် စောင့်ကြည့်နေရပါသည်။ ကျား၏လှုပ်ရှားပုံကို တကယ့်ပင် ဂရုစိုက်နေရသည်။ ကျားမှာလည်း မုဆိုးလက်ထဲက သံပရာသီးကို ကိုက်ချီစားရန်အတွက် ကျားထိန်းအား ရုန်းကန်လေသည်။ ကျား၏ ရုန်းကန်မှု ကိုမထိန်းနိုင်၍ လွတ်ထွက်သွားခဲ့လျှင်လည်း ကြောက်စရာကောင်း လှပါ သည်။
မုဆိုး(သို့) လူအုပ်ကြီးထံသို့ ကျားတစ်ကောင်၏ အသွင်ဖြင့် ခုန်ပေါက်ပြေးတင်ကာ လူအများ၏ လက်(သို့) ခြေတို့အား အားပါးတရ အသားစများထွက်သည်အထိ ကိုက်ဖြတ် စားတတ်ကြကြောင်း စာရေးသူမျက်မြင် ကိုယ်တွေ့ ရှိခဲ့ဖူးပါသည်။ အချို့လူကျားသည် မိမိကိုယ် မိမိပြန်ကိုက်တတ်ကြသည်။ ဤကဲ့သို့ ကျားစိတ်ပြင်းထန် လာပါက ကျားဗုံတီးသံကို လျှော့ချ၍ ကရမက်လောဘန် ခွက်အား လူကျားနှာခေါင်းဝတွင် တေ့ကာ အခိုးအငွေ့ များကိုထည့်ကာ ရှူစေခြင်းဖြင့် ကျားစိတ်များ သက်သာ ပြေလျော့စေပါတော့သည်။ ဤသည်မှာ ခြောက်ချား၊ ကြောက်လန့်၊ စိတ်လှုပ်ရှားစရာ ဖြစ်ပေါ်စေပါသည်။ အချို့ လူကျားများသည်လည်း ကျားစိတ်မဝင်ဘဲ ပရိသတ်ထဲမှ “ကျားဖင်နီ၊ ကျားချေးလူး” ဟူသော စနောက်သံဘက်သို့ တမင်နောက်ပြောင်ကာ ခြောက်လန့်ဟန်ဖြင့် ပြေးလိုက် လေသည်။ နာကျင်စေလိုသော ရည်ရွယ်ချက်အထိ ပြုလုပ်သောအကြောင်းများ မဟုတ်ပေ။ ရပ်ကွက်သူ၊ ရပ်ကွက်သားများကလည်း နားလည် လက်ခံကြပါသည်။ အချို့မှာမူ အိမ်ရှေ့ပြတင်းပေါက်ကလေးမှ မဝံ့မရဲဖြင့် ကြည့်သူကကြည့်၊ တံခါးနောက်မှ မရဲတရဲချောင်းသူက ချောင်းဖြင့် တစ်နှစ်တစ်ခါ မရိုးနိုင်သော ဓလေ့တစ်ခုပင် ဖြစ်ပါသည်။
တနင်္သာရီမြို့နယ်မှ ကျားအကမှာ ရှေးကျသော ယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း သိရှိစေပါသည်။ မြန်မာ့ တန်ခူးလဆန်းပိုင်းတွင် (ဒေါင်းတောင်းနီချိန်)ဟူသော အသံဖြင့် အုတ်အုတ်ကျက်ကျက် ဆူဆူညံညံရှိနေမည် ဆိုပါက တနင်္သာရီမြို့မှ လူကျားအကများသာ ဖြစ်ကြောင်း လူတိုင်းသိရှိကြပေသည်။ (ဒေါင်းတောင်းနီချိန်)ဟူသော မောင်းသံဗုံသံဖြင့် ကနေသည့်ကျား၏ ပုံသဏ္ဍာန်မှာ လက်မောင်းကြွက်သား၊ ပေါင်ကြွက်သားများ တောင့်တင်း ခိုင်မာ၍ မာန်ဖီနေသော ကျားတစ်ကောင်ပမာ မြင်ရသူ၊ ကြည့်ရသူအဖို့တွင် မည်သည့်စိတ်မှ ထိန်းချုပ်၍မရဘဲ (ဒေါင်းတောင်းနီချိန်) ဟူသောစည်းချက်သံဖြင့် ရင်ဘတ် ထဲမှ နှလုံးသည်ပင်လျှင် တဂျိမ်းဂျိမ်းနှင့် ခုန်လာတတ်ကြ ပေသည်။ ယင်းကဲ့သို့ တစ်အိမ်ဝင် တစ်အိမ်ထွက်၊ တစ်ရပ်ကွက်မှ နောက်တစ်ရပ်ကွက်စသည်ဖြင့် မောရ ပန်းရမည်ကို မသိရလောက်အောင်ပင် ကပြသည်က တစ်ကြောင်း၊ ခြောက်လှန့်သည်က တစ်ဖုံဖြင့် နှစ်စဉ် သင်္ကြန်ပွဲတော်နီးကပ် လာချိန်တွင် ကျားအကဖြင့် အလှူခံ၍ ရရှိလာသောငွေကို ဘုန်းကြီးကျောင်းများတွင် လှူဒါန်းကြပါသည်။ ယခုအခါတွင် တနင်္သာရီမြို့တွင် ကျားကသူ (၁၀)ဦးအထိ ရှိနေပြီး ရှေးနှစ်ပေါင်းများစွာ ကပင် နှစ်စဉ် မပျက် ထိန်းသိမ်းကပြနေသည်ကိုလည်း တွေ့မြင်ရသဖြင့် ဝမ်းမြောက်ရပါသည်။ ထိန်းသိမ်းသင့်သော တနင်္သာရီအမွေအနှစ်အဖြစ် ထပ်မံထိန်းသိမ်းမြှင့်တင် စောင့်ရှောက်စေလိုပါသည်။