လူမျိုးအသီးသီးတွင် ယဉ်ကျေးမှုအရလည်းကောင်း၊ ဓလေ့ထုံးစံအရလည်းကောင်း ရိုးရာဓလေ့ ထုံးစံများရှိကြသည်။ ရိုးရာဟူသည် မိဘအစဉ်အဆက်ကျင့်သုံးခဲ့သော အလေ့အထ ဟူ၍လည်းကောင်း၊ ဓလေ့ဟူသည်ထုံးစံအလေ့ဟူ၍လည်းကောင်း ဖွင့်ဆိုချက်နှင့်အညီ ရိုးရာဓလေ့ဟူသည် မိရိုးဖလာ မိဘအစဉ်အဆက် ကျင့်သုံးခဲ့သော အလေ့အထထုံးစံဟူ၍ ဆိုနိုင်ပါသည်။ ထားဝယ်ရိုးရာ အစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသောပွဲတော်များအနက်ကျွဲတိုက်ပွဲသည်လည်းတစ်ခုအပါ အဝင် ဖြစ်ပါသည်။ ထားဝယ်သူထားဝယ်သားတို့သည် ဗမာတို့နှင့် ယုံကြည်ကိုးစားမှု၊ ဓလေ့ထုံးစံယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုများ တူညီ ကြသည်။ ယခုအချိန်အခါတွင်မြို့နေလူများထက်၊ တောကျေးလက်တွင်နေထိုင်ကြသောထားဝယ်သူ၊ထားဝယ်သားတို့သည် ရိုးရာဓလေ့ထုံးစံကို ဆောင်ရွက်လုပ်ကိုင်ရာတွင်လည်းကောင်း၊ ယုံ ကြည် မှုတွင်လည်းကောင်း စိတ်ဝင်စားသောလူဦးရေမှာ ပိုမိုများပြားလေသည်။ အထူးသဖြင့် အမျိုးသားများထက် အမျိုးသမီးများကပိုပြီး ယုံကြည်စွဲလန်းကြသည်။ ထားဝယ်ကျေးလက် တောရွာတွင် ဗမာတို့၏ ကြက်တိုက်ပွဲ၊ နွားတိုက်ပွဲပမာ ထင်ရှားသော ပွဲတစ်ခုမှာ ကျွဲတိုက်ပွဲဖြစ်သည်။
ကျွဲတိုက်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရှေးရိုးရာအစဉ်အလာ မပျောက်ပျက်စေရန်နှင့် နောင်လာနောက်သားများ အစဉ်အဆက်ထိန်းသိမ်းနိုင်စေလိုသော အကြောင်းအရင်းများကို အခြေခံ၍ ကျင်းပခြင်းဖြစ်သည်။
ကျွဲတိုက်ပွဲရာဇဝင်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ထားဝယ်ရာဇဝင်သမိုင်း အရ ယခု မြို့ဟောင်းဟုခေါ်သော သာဂရမြို့ကိုအုပ်စိုးသည့် သမန္တရာဇာလောင်းလျာသည် ဟိမဝန္တာမဟာဂနိုင်တောမြိုင်အတွင်း ဂေါတမဘုရားရှင်မပွင့်မီအခါက မဟိံသကျွဲမင်းဖြစ်ပြီးနောက် ဂေါတမရှင်တော်မြတ်စွာ လက်ထက်အခါတွင် စက္ကပါလကျွဲမင်းတစ်ကြိမ် ဖြစ်ရပြန်လေသည် ဟုဆိုပါသည်။ ထိုစက္ကပါလကျွဲမင်းသည် ပင်လယ်ရေငန်နှင့် ထိတွေ့ပေါက်ရောက်သည့် မြက်ကိုစားချင်သော အာသာဆန္ဒရှိလှ၍ တစ်နေ့တွင် ကျွဲမအပေါင်း ခြံရံလျက် တောင်ဘက် သမုဒ္ဒရာကမ်းပါး၌ လာရောက်နေထိုင်လေသည်။
ယင်းနေရာမှတဖန် ရွေ့ရွေ့လာခဲ့ရာ ထားဝယ်မြစ်ဝတစ်နေရာမှ အရှေ့ဘက်ကမ်းသို့ ကူးလာ၏။ ယင်းနေရာကို“ကျွဲမင်းကုန်းရွာ”ဟု ယနေ့တိုင်ခေါ်ကြသည်။
ကျွဲမင်းကုန်းရွာမှတစ်ဖန် အစာရှားပါးလာသဖြင့် ကျွဲမင်းသည် မိမိကြင်ဖော်ကျွဲမ အပေါင်းနှင့် ရွှေ့ပြောင်းသွားပြီး တောအုပ်တစ်ခု၌ ကျက်စားနေထိုင်၏။ ယင်းနေရာကို “စက္ကပါလ” ဟု ခေါ်တွင်ခဲ့ပြီး ယခုအခါ တောအုပ်အတွင်းဖြစ်၍ မထင်ရှားတော့ချေ။
တစ်နေ့တွင် စက္ကပါလကျွဲမင်းက“ငါ၏ဇနီးသည် ကြင်ဖော်များဖြစ်ကြသည့် ကျွဲမများမှ ကျွဲမကလေးများမွေးလျှင် ငါမွေးမြူထားမည်။ ကျွဲထီးကလေးများမွေးက ငါ့အား သင်တို့ ကြီးပြင်းလာလျှင် ရန်မူကြလိမ့်မည်ဟု စိုးရိမ်ကြောင့်ကြသဖြင့် ကျွဲထီးကလေးများမွေးတိုင်း ဝှေ့ခတ်သတ်လေ၏။ ထိုအခါ ကိုယ်ဝန်ရှိသော ကျွဲမတစ်ကောင်က အကြံရသည်မှာ “ငါ၌သမီးမွေးလျှင် တော်လေစွ၊ သားထီးမွေးမူကျွဲမင်းဝှေ့သတ်လျှင် ငါ၌သောကရောက်စရာ အကြောင်းရှိပေသည်။ ထိုကြောင့် ငါလျှို့ဝှက်ပြီးမွေးမှတော်မည်” ဟုအကြံရကာ တစ်ခုသော တောခေါင်း၌ ပြောင်းရွှေ့နေထိုင်လျက် ကျွဲထီးကလေးမွေးပြီး ဝှက်ထားလေသည်။ ယင်းနေရာကို “သားဝှက်ဂူ” တစ်နည်း “သားဝှက်ကုန်း” ဟူ၍ ယနေ့တိုင်ခေါ်တွင်လေသည်။
ကျွဲထီးကလေးသည် တစ်နေ့တစ်ခြားကြီးပြင်းလာသဖြင့် လေထဲသို့ လျင်မြန်စွာ ပြေးစွမ်းနိုင်သောကြောင့် ထားဝယ်အခေါ် “ကျွဲလေသား” (ကျွဲလေကလေး) ဟူ၍ အမည်တွင် လေသည်။ ယင်းနောက် မိခင်ကျွဲမကြီးက အကျိုးအကြောင်းပြောပြရာ ဖခင်ကျွဲမင်းအား စိတ်နာသဖြင့် ခြေရာချင်းတူမျှက အဖအားခုခံမည်ဟု လျှို့ဝှက်စွာဖြင့် အဖ၏ခြေရာကို အစဉ်မပြတ် တိုင်းထွာလေ့ရှိ၏။ သို့နှင့် ခြေရာချင်းတူမျှလာရကား မိမိနေရာဂူမှ ထွက်၍ အဖကျွဲမင်းပိုင်နယ်နိမိတ်မှ အပဖြစ်သည့် တောင်ကုန်းတစ်ခုသို့ သွားရောက်ကျက်စား နေထိုင်နေ၏။ ယင်းတောင်ကို “ကျွဲရိုင်းတောင်” ဟု ယနေ့တိုင် ခေါ်တွင်လေသည်။
မကြာမီစက္ကပါလကျွဲမင်းသည် မိမိပိုင်နက်အစပ်၌ ကျွဲရိုင်းတစ်ကောင် ပေါ်ပေါက် ကျက်စားနေကြောင်း ကြားသိလေလျှင် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ဝှေ့သတ်ရန် အကြံဖြင့် ကြင်ဖော်များနှင့် သမီးအခြံအရံများကို ထားခဲ့ပြီးခွဲခြားနေသည်။ ယင်းခွဲခြားနေသော တောင်ကို “ခွဲခြားတောင်” ဟုခေါ်တွင်ရာမှ ယခုအခါ “ကွဲခြမ်းတောင်” ဟုခေါ်ကြလေသည်။
ယင်းကွဲခြမ်းတောင်သည် ထားဝယ်မြို့မှ အရှေ့တောင်ဘက် တန်ခိုးကြီးသော ရှင်မုတ္ထီးဘုရားကြီးနှင့် မနီးမဝေးဖြစ်သည်။ ယခုအခါကွဲခြမ်းတောင်ခြေတွင် စက္ကပါလကျွဲ မင်းလူးခဲ့သော အိုင်ရှိပြီး ကျွဲမင်းစက္ကပါလရုပ်ထုကို ထုလုပ်ထားရှိသည်။ အလှူရှင်မှာ ထားဝယ်မြို့ပေါ်မှဖြစ်ပြီး ထုလုပ်သူမှာ ကျွဲလေသား ရုပ်ထုလုပ်သူ ဦးစုသားပင်ဖြစ်သည်။ ကျွဲ၏ဟန်မှာ အိုင်မှတက်လာပြီး ခတ်မည့်ဟန်ဖြင့် ရုပ်လုံးကြွပီပြင်လှကြောင်း သိရှိရသည်။ ကျွဲလူးအိုင်၏ ထူးခြားချက်မှာ ထားဝယ်ဒေသတွင် မည်မျှပင် မိုးများစေကာမူ ရေစီးမြောင်း မရှိပါဘဲနှင့်အိုင်တွင် ရေမတင်ဘဲ ခမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။
တစ်နေ့တွင် သားအဖ တွေ့ဆုံကြ၍ အချိန်အတော်ကြာကြာ ဝှေ့ခတ်နေကြရာ အဖ ကျွဲမင်းမှာ အိုမင်းမစွမ်းရှိသဖြင့် မောပန်းဆို့နင့် လျက်လဲနေ၏။ ယင်းနေရာကို “ကျွဲမင်းအု” ခေါ်ရာမှယခုအခါ “ကျွဲမင်းအူ” ဟူ၍ ခေါ်ကြ၏။ ထိုနေရာသည် ရှင်မုတ္ထီးသို့ မရောက်မီ ကနိုင်းဒါးရွာအနီးလယ်ကွင်း၌ ရှိ၍ “ကျွဲမင်းအုကွင်း” ဟုခေါ်ကြသည်။
သားသည် အဖကျွဲသေပြီထင်၍ မိမိနေရာသို့ ပြန်သွားစဉ် တအောင့်လောက်ကြာလျှင် ကျွဲမင်းသတိရလာရကား ဒေါသထွက်ကာ သားအားအမြန်လိုက်လေ၏။ သားသည် အဖလိုက်လာမှန်းသိသဖြင့် ထားဝယ်မြစ်သို့ဆင်း၍ အနောက်ဘက်ကမ်းသို့ ကူးပြေးလေ၏။ အဖကျွဲမင်းသည် အနောက်ဘက်ကမ်းသို့ တက်လိုက်လေရာ သား အဖတွေ့ဆုံပြီး ထွေးလုံးဝှေ့ခတ် ကြပြန်ရာ ယင်းနေရာကို “ထွေးလုံး”ဟု ခေါ်ရာမှ ယခုအခါ “လောင်းလုံးမြို့” ဟုခေါ်ကြသည်ဟု အဆိုရှိသည်။
ကျွဲမင်းသားအဖ ထွေးလုံးဝှေ့ခတ်ကြရာတွင် ကျွဲမင်းမစွမ်းနိုင်တော့သဖြင့် မောပန်း၍ ပြန်လာသောနေရာကို “ပြန်ထိန်” ယခု “ပြင်းထိန်ရွာ” ဖြစ်သည်။ ယင်းမှတဖန်ရွေ့ရွေ့ ပြေးရှောင်လာသောနေရာကို “ပြေးရှောင်” ယခု “ပိန်းရှောင်ရွာ” ဟုခေါ်ကြလေသည်။ ထိုအခါ စက္ကပါလကျွဲမင်းက “ငါသည်ဤသို့သော ဘေးဒုက္ခဖြစ်ရခြင်း ကား ငါ့ကြင်ဖော်ကျွဲမယုတ် တစ်ကောင်ကြောင့် ငါ့သားသည် ငါ့အားရန်မူခြင်းဖြစ်ပေသည်။ သင်တို့ကျွဲမအပေါင်းကို စွန့်ခွာကာ တစ်ကိုယ်တည်း သင့်တော်ရာမှာ နေမှတော်မည်” ဟု အကြံရလျက် မြောက်စူးစူးသို့ ရှေ့ရှုသွားပြီး ကျွဲမင်းရပ်တန့် နားနေလေ၏။ ယင်းနေရာကို “မင်းရွာ” ဟုယနေ့တိုင် ခေါ်ကြ သည်။
ထိုမင်းရပ်ရွာမှတဖန် ကျွဲမင်းသည် မြောက်စူးစူးသို့ ရှေ့ရှုသွားပြန်ရာ ပင်လယ်ကမ်းပါး အနီးရောက်လတ်သော် ပင်ပန်းသဖြင့် တောင်ကုန်းတစ်ခုပေါ်တက်၍ အင်းတစ်ခုအနား၌ နားနေ အပန်းဖြေလေ၏။ယင်းနေရာကို“ပန်းတက်အင်းရွာ”ဟူ၍ ယနေ့တိုင်ခေါ်ဝေါ် ကြလေသည်။ ပန်းတက်အင်းရွာမှတဖန် မြောက်ဘက်သို့ ရှေ့ရှုသွား ပြီး ကုန်းမြင့်တစ်ခုပေါ်၌ စခန်းချနားနေလေ၏။ ယင်းနေရာကို “ကုန်းမြင့်ချောင်း” ခေါ်ကြပြီး ယခုအခါမထင်ရှားတော့ ချေ။
ကျွဲတိုက်ပွဲလာရာဇဝင် နောက်ခံအကြောင်းအရာများအရ ကျွဲတိုက်ပွဲသည် အဖကျွဲမင်း စက္ကပါလနှင့် ကျွဲလေသားတို့ အပြန်အလှန်ဝှေ့ခတ် တိုက်ခိုက်ကြသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကျွဲတိုက်ပွဲကို ထားဝယ်မြို့နှင့် ၆ မိုင်ခန့် ကွာဝေးသော ရှင်မုတ္ထီးရွာနှင့် နဘုလယ်ကျေးရွာတို့တွင် ကျင်းပလေ့ရှိသည်။ ရှင်မုတ္ထီးရွာတွင် ရှေးဘိုးအစဉ်အဆက်မှစ၍ ယခုတိုင်အောင် အစဉ်အဆက်ကျင်းပကြသည်။ ရှေးယခင်က ရှင်မုတ္ထီးဘုရားရှေ့ကွင်းပြင်တွင် ကျင်းပခဲ့ပြီး ယခုအခါ ရှင်မုတ္ထီးအနီး ရှေးသင်္ချိုင်းကုန်းဟောင်း နေရာတွင် ကျင်းပသည်။ ပွဲတော်ကျင်းပချိန်သည် နှစ်စဉ်ကဆုန်လပြည့် ရှင်မုတ္ထီးဘုရား ညောင်ရေသွန်းပွဲနှင့်အတူ တွဲဖက်ကျင်းပသည်။ နေ့လယ်မွန်းတည့် ၂ နာရီတွင် ကျွဲတိုက်ပွဲ စတင်ကျင်းပကြသည်။
ကျွဲတိုက်ပွဲသည် ထားဝယ်ရိုးရာဓလေ့ပွဲတော်များတွင် အစဉ်အလာမပျက် ကျင်းပခဲ့သော ကျင်းပလျက်ရှိသော မိရိုးဖလာပွဲတော်တစ်ခုဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့် နေ့ရောက်တိုင်း ရှင်မုတ္ထီးဘုရားဝန်းအတွင်း မြို့၊ ရွာ၊ ကျေးလက်ရှိ ထားဝယ်သူထားဝယ်သား များ၊ ရွာခံနှင့် ရှင်မုတ္ထီးရွာသူ၊ ရွာသားများ စိတ်ဝင်တစား လာရောက်ကြည့်ရှုအားပေးကြသည်။
ကျွဲတိုက်ပွဲသည် ထားဝယ်ရာဇဝင်သမိုင်းနောက်ခံအထောက်အထားများကို ကျောထောက်နောက်ခံ ပြု၍ပေါ်ပေါက်လာသော ပွဲတော်အဖြစ် ထင်ရှားပေါ်လွင်နေပါသည်။ သို့ဖြစ်ပါ၍ ရိုးရာဓလေ့ ပွဲတော်များတွင် ပါဝင်သော ကျွဲတိုက်ပွဲအား အစဉ်တည်တံ့အောင် ထိန်းသိမ်းကျင်းပနေကြသည့် ရှင်မုတ္ထီး တိုက်ကျောင်းဆရာတော်နှင့် ဂေါပကအဖွဲ့ဝင်များ၊ ရွာသူရွာသားများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အားမာန်များသည် မျိုးချစ် စိတ်နှင့် ဇာတိမာန်ကို ဖော်ဆောင်လျက် ရှိနေတော့သည်။
ကျွဲတိုက်ပွဲသည် မြန်မာပြည်အရပ်ရပ်၌လည်းရှိသည်။ အငြိမ်းစားမြို့ပိုင်မင်းထားဝယ် ပညာရှိ ဦးနှင်းလှိုင်၏ မှတ်တမ်းစာအုပ်တွင် ကောဇာသက္ကရာဇ် (၁၃၄၀) ပြည့်နှစ်လောက်က ထားဝယ်မြို့တွင် ကျွဲတိုက်ပွဲ စတင်ပေါ်ပေါက်ကြောင်း ရေးထားသည်ကိုတွေ့ရှိရသည်။ နောင်လာနောက်သားများ ထားဝယ်ယဉ်ကျေးမှု တစ်ရပ်ကို သိရှိစေရန်ထိန်းသိမ်းထားသည့် အနေဖြင့် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ သင်္ကြန်ပွဲ၊ မင်းပွဲ၊ စိုးပွဲနှင့် ရုပ်သေးပွဲ အခြားပျော်ပွဲရွှင်ပွဲများတွင် နှီးဝါး၊ ကြိမ်များဖြင့် လက်ရာမြောက် ရက် လုပ်ပြီး အဝတ်မည်း၊ စက္ကူမည်း၊ ဆေးမည်းများကပ်ကာ ခြယ်လှယ်ပြုလုပ်လျက်အတွင်း၌ လူနှစ်ယောက်ဝင်ရောက် လှုပ်ရှားသွားလာရသော ကျွဲရုပ်ကြီးများတိုက်ပွဲကို ပြသလေ့ရှိကြသည်မှာ ယခုခေတ်တိုင်အောင်ပင် ဖြစ်လေသည်။ ယခုခေတ် ကဆုန်လထားဝယ်မြို့သမိုင်းဝင်ရှေးဟောင်း ရှင်မုတ္ထီးဘုရားကြီး အတွင်း၌ ညောင် ရေသွန်းပွဲတော်ကျင်းပသောအခါကဆုန်လပြည့်နေ့တွင်ကျွဲရုပ်ကြီးများတိုက်ပွဲကိုကျင်းပလျက်ရှိကြသေးသည်။နှစ်သက်မြတ်နိုးဖွယ်ရာပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပါသည်။