ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

စန္ဒာဒေဝီမိဖုရားနှင့် ပုံတောင်ပုံညာ
Image

         ပျူခေတ်မြိူ့ပြနိုင်ငံများ ပျက်သုဉ်းခဲ့ပြီး သမုဒ္ဒရာဇ်မင်းကြီးသည် ပျူလူမျိုးစုကို စုပေါင်း စည်းရုံး၍ ပုဂံပြည်ကိုစတင်တည်ထောင်ခဲ့ပြီး ပျူမင်းသမီးလေးကိုယူပြီး စန္ဒာ‌ဒေဝီဟူသော အမည်နာမဖြင့် အဟေသီမိဖုရားဘွဲ့ကို ပေးအပ်ခဲ့သည်။ စန္ဒာဒေဝီကားပုပ္ပါးအရပ်၌ ပန်းပဲအတတ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသော မောင်စိန့် (ခေါ်) ငစိန်၏ နှမပင်ဖြစ်သည်။ စန္ဒာဒေဝီမိဖုရားကြီး၏ မောင်တော်ရင်းငစိန့်သည် ပြည်ကြီးသခင်ရွှေနန်းရှင် သမုဒ္ဒရာဇ်မင်းကြီး၏ ယောက်ဖဖြစ်ရုံသာမက ထင်ရှားသော ပန်းပဲဆရာကြီးတစ်ဦးလည်းဖြစ်သည်။ ဓားပုံစံအမျိုးမျိုးကို တုနှိုင်းမမီအောင် ထုဆစ်နိုင်သော ပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်သည်။ 

လူသတင်းလူချင်းဆောင်၊ ပန်းသတင်းလေညှင်းဆောင်သကဲ့သို့ ငစိန့်၏သတင်းကောင်းသည် ရွှေနန်းတော်အထိ ရိုက်ခတ်လာခဲ့သည်။ သမုဒ္ဒရာဇ်မင်းကြီးက ယောက်ဖတော် ငစိန့်အား ဓားကောင်းတစ်လက်ဆက်သရန် အမိန့်တော်ရှိခဲ့သည်။ ငစိန့်သည် အမျိုးအစားကောင်း‌သော သံငါးပိသာကို စုဆောင်းပြီးနောက် ပန်းပဲဆရာ ၏ ပညာရပ်ဖြစ်သော မီးထိုးခြင်း၊ တူခတ်ခြင်းများကို ကြိမ်ဖန်များစွာ ပြုလုပ်လေရာ သံအစိတ်သားခန့်သာ ကျန်တော့ပြီး ထိုအစိတ်သားကိုမှ ဓားပုံခတ်၍ အရိုးနှင့် ဓားအိမ်တပ်ပြီး မင်းကြီးထံဆက်သခဲ့သည်။ မင်းကြီးသည် ဓားကို ဓားအိမ်မှ ထုတ်ချည်သွင်းချည်ထောင်ကြည့်လျှက် ရှုစားတော်မူပြီး ဓားမခေလှကြောင်း ရိပ်စားမိသော်လည်း အတိုင်းထက်အလွန် ဓားစွမ်းကောင်းဖြစ်ကြောင်းကို မသိသေးသောကြောင့် ချေငံစွာပြောဆို၍ ပြန်လွှတ်လိုက်လေသည်။

ထိုအခါ ငစိန်သည် “ငါ့ ဓားအစွမ်းကို ဘုရင်အားသိစေအံ့” ဟု စိတ်နှလုံးပိုက်လျှက် ကြမ်းပြင်ကို ဓားဦးဖြင့် အနည်းငယ်ဖိနှိပ်၍ ထိုင်ရာမှ ပြန်သွားလေသည်။ ဓားဦးထိသော ပျဉ်ပြားနှစ်ချပ်မှာ ပြတ်ရာပင် မထင်ရလောက်အောင် တိတိရိရိပြတ်လေသည်။ နန်းတော် တံခါးတိုင်များကို ဝှေ့ရမ်းခုတ်ထစ်လေရာ တံခါးတိုင်ပြတ်သော်လည်း အောက်သို့မကျပဲ ပကတိအတိုင်းကဲ့သို့ ပြတ်ရာမထင်ဘဲ တင်နေပြန်တော့သည်။ တံခါးမှူးလည်း သားငယ်နှင့်အတူ တံခါးရွက်များကို တွန်းလှိမ့်၍ ပိတ်လေရာ ပြိုကျသွားသဖြင့် တံခါးတိုင်များက သားငယ်ကို ဖိမိပြီး ထိုနေရာတွင် သားငယ်သေဆုံးသွားခဲ့သည်။ တံခါးမှူးလည်း တံခါးတိုင်ဖြင့် ရိုက်ခတ်မိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ထိုအကြောင်းကို စုံစမ်းသိရှိရသော တံခါးမှူးလည်း ငစိန့်အပေါ်တွင် အခဲမကြေပဲ လက်စားချေရန် ကြံစည်တော့လေသည်။ 

“မင်းကြီးလည်း မှည့်အနာအနည်းငယ်ပါသည်” ဟု ပြောမိသောစကားကို ငစိန့်မနှစ်မြို့သဖြင့် ဓားစွမ်းပြခြင်းသာဖြစ်သည်။ လွန်ပြီးသည်ကို သိရှိပါစေတော့ဟု သဘောပိုက်ခါ မင်းချင်းတစ်ယောက်ကိုခေါ်ပြီး ငစိန့်ယမန်နေ့က ဆက်သသောဓားကို ပြန်လည်ဆက်သရမည်ဟု မှာကြားလိုက်သည်။ ငစိန်သည် ထိုမျှစွမ်းထက်သောဓားသည် ငါနှင့်မတန်ဟု နှလုံးသွင်းပြီး ဧရာဝတီမြစ်ကမ်းသို့သွား၍ ဓားကို‌ရေတွင် ပစ်ချခဲ့လေသည်။ လမ်းတွင် မင်းချင်းလုလင်နှင့် တွေ့ရာ အမှာစကားကို ငစိန့်ကြားသိရသည်။ ဓားကို ဧရာဝတီမြစ်ထဲသို့ ပစ်ချလိုက်ပြီဖြစ်၍ မင်းကြီးထံဆက်သနိုင်တော့မည်မဟုတ်ဟု အကြောင်းပြန်လိုက်လေသည်။

       မင်းချင်းလုလင်သည် ငစိန့်ပြောပြချက်ကို သံတော်ဦးတင်လေသည်။ ဓားစွမ်းကောင်းကို မက်မောလှသော မင်းကြီးသည် တံငါသည်တို့ကို ဧရာဝတီမြစ်ထဲတွင် ရေငုတ်ရှာဖွေစေသည်။ ငစိန်ပစ်ချလိုက်သောဓားမှာ ရေအောက်မြေကြီးပေါ်သို့မကျဘဲ ရေဝဲထဲတွင် လှည့်လည်နေရာ တံငါသည်တစ်‌ယောက်ကို ဓားထိပြီး ရေထဲတွင် သေဆုံးသွားလေသည်။ နောက်တံငါသည်တို့ကို ဆင်းခိုင်းရာတွင်လည်း ထိုကဲ့သို့ သေဆုံးပြန်လေသည်။ ဓားစွမ်းကောင်းကိုကား လုံးဝမရတော့ချေ။ မင်းကြီးသည် ငစိန့်အား ယခင်ကလို ဓားစွမ်းကောင်းတစ်လက်ခတ်၍ ပြန်ဆက်သရမည်ဟု မိန့်ပြန်ရာ ယခင်နည်းတူ ဓားခတ်ရပြန်သည်။ ပန်းပဲဆရာတို့၏ နည်းအမျိုးမျိုးဖြင့်     သံကိုမီးထိုး ခြင်း၊ ထုခတ်ခြင်းတို့ကို ပြုလုပ်သည့်အသံမှာ နန်းတော်မှကြားရသည်။ ထိုအသံကို မင်းကြီးကြားသော် “ဤအသံက အကြောင်းသို့နည်း” မေးမြန်းသည်။ ထိုအခါ အခွင့်ကောင်း ရှာ‌နေသော တံခါးမှူးသည် ငစိန့်အပေါ် အခဲမကြေရကား” ဤအသံသည် ယောက်ဖတော်ငစိန့်က အရှင်မင်းကြီး မိန့်ကြားတော်မူသော စကားပျက်တစ်ခုကို အစွဲပြု၍ တော်လှန်ပုန်ကန်လိုသော အကြံဆိုးဖြင့် အပြင်းအထန်အားစိုက်ထုခတ်သော ငစိန့်၏ဓားခတ်သံဖြစ်ကြောင်းပါဘုရား” ဟု ဂုံးချော၍ သံတော်ဦးတင်လေတော့သည်။ မင်းကြီးလည်း တံခါးမှူးနှင့် မှူးမတ်များ၏ ဂုံးချော စကားကို ယုံကြည်ပြီး “ငစိန့်အား (၇)ရက်အတွင်း သုတ်သင်ရမည်” ဟုမိန့်တော်မူ လိုက်သည်။ ထိုအမိန့်တော်ကို စန္ဒာဒေဝီမိဖုရား ကြားသိရသောအခါ ‌မောင်ဖြစ်သူငစိန့်ထံ လျှို့ဝှက် စကား‌ပြောကြားစေခဲ့သည်။ နောက်တစ်နေ့နံနက် အာရုဏ်မတက်မီအချိန်တွင် စန္ဒာဒေဝီမိဖုရား၊ ငစိန့်နှင့် ဆွေမျိုးများအားလုံး တိတ်တဆိတ်ထွက်ပြေးကြသည်။ မင်းကြီးသည် နေထွက်ချိန်၌ မိဖုရားကြီးနှင့်တကွ ငစိန့်အပါအဝင် ဆွမျိုးတစ်စု ပျောက်ဆုံးနေကြောင်းသိရလေသည်။  ယခင်က အမျက်ထွက်ခြင်း၊ သံသယရှိခြင်းများအပေါ် ထက်လောင်း၍ ပိုမိုအမျက်ထွက် သံသယစိတ် ကြီးစွာဝင်လာတော့သည်။ ငစိန့်တို့ဆွေမျိုးတစ်စုတို့သည် ပုဂံပြည်နှင့် ဝေးကွာလာသော ပခန်းကြီးမြို့နယ်သို့  ပခုက္ကူမှတစ်ဆင့် ပုန်းရှောင်နေရသည်။ ထိုအကြောင်းကို မင်းကြီးကြားသိ တော်မူသောအခါ ရှမ်းစစ်သည်တော်များကို သတ်ဖြတ်သုတ်သင်စေရန် စေလွှတ်တော်မူလိုက် သည်။ ရှမ်းစစ်သည်တော်များလိုက်လာကြကြောင်း ကြိုတင်သတင်းရသည်နှင့် ယောနယ်ဒေသတွင် တောကြီးတောင်ကြီးများ ထူထပ်သောကြောင့်  မိန်းမသားတို့မှာ ပင်ပန်းနွမ်းနယ်လာသဖြင့်  သက်လုံမကွဲစေရန် တဘက်စည်း၍ ပြေးကြရလေသည်။

     ထိုအကြောင်းကို ရှမ်းစစ်သည်တော်တို့သိကြသဖြင့် ငစိန့်တို့လူစုမှာ ပုံတောင်(ခေါ်) ပုံကြီးကိုကြော်ဖြတ်၍ပြေးရပြန်သည်။ ယင်းတောကြီးကိုကျော်ဖြတ်ရင်း တော ငှက်ပျောပင်များကို ခုတ်ထွင်ရှင်းလင်းသွားရသည်။ ရှမ်းစစ်သည်တော်တို့သည် တစ်ထွာတစ်တောင်ခန့် ထွက်နေသော ငှက်ပျောပင်များ၏ အညွန့်များကိုမြင်ရသဖြင့် “ငါတို့လိုက်၍ မမီတော့ပြီ”ဟု စိတ်နှလုံးဒုံဒုံးချကာတပ်ဆုတ်သွားခဲ့ကြတော့သည်။ ထိုတောင်ကြီးကိုပုံးအောင်း၍ပြေးလွှားရသောကြောင့် ရှေးယခင်က ပုန်းတောင် (ပုံးတောင်) ဟု ခေါ်ခဲ့ကြပြီး ကာလကြာသောအခါ ပုံတောင်ဟုခေါ်ကြသည်။ ပုံတောင်၏ အနောက်ဖက် တန့်တီးရွာတွင် ကြာမြင့်စွာ မနေဝံ့ကြသဖြင့် ကျင်းတူး၍ ခိုအောင်းခဲ့ရာနေရာကို ယခု “ကျင်းရွာ” ဟု ခေါ်ကြပြီး ၎င်းရွာ၏ အနောက်ဘက်တောင်တန်းကြီးကို ကျော်ဖြတ်ပြေးလွှားကြပြန်ရာ စိတ်အေးလက်အေးရှိသည်နှင့် ညာသံပေး၍ ပြေးကြသည်။ ညာသံပေး၍ ပြေးခဲ့သောတောင်ကို ရှေးအခါကပုန်းညာဟု‌ခေါ်ကြပြီး ကာလကြာသောအခါ ပုန်းညာမှ ပုံညာတောင်ဟု အမည်တွင်လာသည်။ 

       စန္ဒာဒေဝီတို့လူစုသည် ပုံညာတောင်၏ အနောက်ဘက် ထီးလင်းနယ်သို့ရောက်သော အခါ ပြေးလွှားရင်း ခေတ္တညအိပ် ခိုဝင်လှုပ်ရှားစဉ် “ဤဒေသကား လုပ်စားရာ စားကျက်ပေါများ တန်သလောက်ပေါများ၏။ စပါးကောက်ပဲသီးနှံတို့လည်း ဖြစ်ထွန်း၏။ တောကြီးတောင်ကြီး နှင့်တကွ မြေပြန့်‌ဒေသလယ်၊ ချောင်းမြောင်းနှင့်လည်းပြည့်စုံ၏။ ငါတို့တစ်စု ဤဒေသမှာ နေထိုင်ပြီး အိုးအိမ်လယ်ယာထူထောင်ရသော်လည်း ကောင်းလေစွ။ ယခုမူကား မင်းဘေးမင်းဒဏ်ကို စိတ်မချရသေးသဖြင့် အသက်ကယ်လွတ်နိုင်ရန် အနောက်ရိုးမတောင်သို့ ပြေးကြမှ တော်ဦးမည်။ အသက်ဘေးအတွက် လုံခြုံစိတ်ချရမှ ဤ‌ဒေသသို့ ပြောင်းရွှေ့နေကြကုန်အံ့” ဟု တိုင်ပင်ပြီး အနောက်ရိုးမတောင်သို့ ဆက်လက်ပြီး ပြေးခဲ့ကြသည်။ထို့နောက် ချော်ရော်ချောင်းအနီး “‌ရောင်းပြား” အရပ်၌ ကျောက်တံတိုင်းအကာအရံ ပြုလုပ်နေထိုင်ကြလေသည်။ ထိုအရပ် တွင် ရွာတည်ကာ တောင်ယာလုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်ခဲ့ကြသည်။ မင်းဘေးမင်းဒဏ်ကို ရှောင်လွှဲနိုင်စေရန် စကားတစ်မျိုးထွင်၍ ပြောဆိုနေထိုင်ကြလေသည်။ အမျိုးသမီးများမှာလည်း ပြေးလွှားစဉ်ကအတိုင်း ရင်ဘတ်တွင် တဘက်စည်းခြင်းကို မဖျက်တော့ဘဲ အသွင်တစ်မျိုးပြောင်းလဲ လိုက်ကြတော့သည်။ အမျိုးသားတို့မှာ စကားတစ်မျိုး တီထွင်ပြောဆိုခြင်းမှလွဲ၍ အဝတ်အစားအသွင် မပြောင်းကြတော့ပေ၊၊ ရွာ၏အမည်ကိုလည်း “ရောင်းပြားရွာ”  ဟု ခေါ်ဆိုကြသည်။ စန္ဒာဒေဝီတို့လူစုသည် ရုပ်ပြောင်းလဲပြီး  “တောင်သားလူမျိုး” ဟူသော အမည်ကိုခံယူလျက် နေထိုင်ခဲ့ကြလေသည်။