ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ယောဓလေ့များမှ မိုးနတ်ကြီး၊ ပုန်းမကြည်နတ်၊ သင်ပုတ်တင်ခြင်း၊ အသုဘအကြောင်း
Image

      ယောဓလေ့များမှ အနှံ့အပြားမှာပင် ရှေးကစ၍ နတ်၊ စုန်း၊ ကဝေ၊ ဘီလူး၊ သရဲ၊ တစ္ဆေ စသည် များကို ယောသူယောသားတို့က ယုံကြည်ခဲ့ကြသည်။ 

မိုးနတ်ကြီး

မိုးနတ်ကြီးမှာ တောင်သူလယ်သမားများနှင့် အဓိကသက်ဆိုင်၍ တစ်ရွာလုံးနှင့် သက်ဆိုင် သည်။ ရွာနှင့်မနီးမဝေးရှိ အဓိကသစ်ပင်ကြီးအောက်မှာ သစ်သားနတ်ကွန်း သို့မဟုတ် နတ်စင်သည် မိုးနတ်ကြီး၏ ဘုံဖြစ်သည်။ မိုးနတ်ကြီးကို ရွာအရှင်ကြီးဟုလည်း ခေါ်ကြသည်။ သစ်ပင်ကြီးကို နတ်စွဲပင်ဟုခေါ်ကြသည်။ နတ်စွဲသစ်ပင်ကြီး၊ မျိုးတူသစ်သားနှင့် ထိုရွာမှာအိမ်၊ ‌ကောက်ရိုးစင် စသည်တို့မဆောက်ရ။ နတ်စွဲသစ်ပင်သည် ပိတောက်ပင်ဖြစ်လျှင် ထိုရွာမှ ပိတောက်သားကို မသုံးရ။ ကျွန်း၊အင်ကြင်း စသည်တို့မှာလည်း ထို့အတူပင်ဖြစ်သည်။ 

မိုးနတ်ကြီး(ရွာအရှင်)သည် မိုးကိုဖန်တီးသည်။ ရွာကို ဘေးရန်မှ ကာကွယ်စောင့်ရှောက် သည်ဟု ယုံကြည်ကြသည်။ တစ်ရွာလုံးက တစ်နှစ်လျှင် တစ်ကြိမ်ပသကြသည်။ တစ်ဦးချင်းလည်း မိမိတို့ကိစ္စကြီးငယ်အလိုက် ပသကြသည်။

မိုးနတ်ရွာအရှင်ကြီးရှိသလို ရွာအရှင်မကြီးလည်းရှိသည်။ အချို့ရွာများ၌ ရွာအရှင်ကိုပင် ကိုးကွယ်ပသကြသည်။ အရှင်မကြီးလည်း သစ်ပင်မှာစွဲပြီး သစ်ပင်အောက်မှာ အရှင်မကြီး၏ နတ်ကွန်းရှိသည်။

မိုးဦးကျ နယုန်၊ ဝါဆိုလများတွင်ပသကြသည်။ ပဆန်း(ပုစ္ဆန်း)ခေါ် နတ်ဆရာကဦးဆောင် သည်။ ပဆန်းက ဤသို့ရွတ်ဆိုပသသည်။

 “အို.....ငါတို့သခင် အရှင်ကြီး- ရွာကို စောင့်‌ရှောက်သောအရှင်ကြီး ”

      ဤသို့ နိဒါန်းပျိုးကာ ရွာ၏အရပ်(၈)မျက်နှာ ရွာနယ်နိမိတ် အလားအလားများကို ရွတ်ဆို၏။ ပြီးလျှင် “....ရွာနယ်နိမိတ်အတွင်း နေကြသော နတ်အပေါင်းတို့.. အိုင်ပုပု၊ အင်းကွေ့ကွေ့၊ သစ်ပြိုင်းပြိုင်း၊ ဝါးဆိုင်းဆိုင်း၊ ကန်ပျက်ပျက်၊ ရေလပ်လပ် စောင့်ရှောက်ကြသည့် နတ်ရှင်များတို့ ယနေ့နှစ်ကြီးလည်၍ နှစ်သစ်ငယ်ကူးပါသည်။ လဟောင်းပစ်၍ လသစ်ကူးပါသည်။ ပန်းဟောင်းပစ်၍၊ ပန်းသစ်လဲပါသည်။

ပဆန်း၊ တမန်၊ သူကြီးရွာနေ ရွာသားလူအများက ‌‌ရှေးထုံးစံနှင့်ညီအောင်၊ သေအိုးကြီး ပင်လယ်၊ အဝကျယ်နှင့် ဆန်ဖြူ ဆန်ရင်း ငြုပ်ဂျင်းနှင့် ဒေါင်းလန်းလှစွာ၊ ပန်းနံ့သာနှင့် နှုတ်ဖျားမတင် လျှာဖျားမတို့၊ ကြက်ဖနီစင် သုံးအောက်မြင်နှင့် ကြက်မနီစင် သုံးသားမြင်နှင့် ဝက်ကောင်းစွယ်ပေါက် သုံးနှစ်ရောက်နှင့်၊ အဝပြောင်ပြောင်၊ အ‌ရောင်ညီးညီး၊ လင်ပန်းကြီးနှင့်၊ သောက်တော်ဘူးနှင့် အထူးသေရည် ဆက်သပါသည်။ 

‌ရှေးကသေရည်၊ ကြက်၊ ဝက်တို့နှင့် ပသကြသည်။ ပင်လယ်လောက်ကျယ်သော သေအိုးကြီး (ပင်လယ်‌ရေလို သောက်မကုန်သောသေရည်) ဆန်ဖြူဖြူကို ချက်ထားသည့် ထမင်း၊ လျှာဖျားနှင့် တို့ပြီးသော်မှ ဆားမမြည်းပါ။ စားဦးစားဖျားကို တင်ခြင်းဖြစ်ပါသည်။ “မိုးသားတောင်းပါသည်။ ရေသားတောင်းပါသည်။ တောင်ကမိုးလည်း မြောက်ကိုထုတ်ခြင်း၊ မလင်းသည်းစွာရွာပါစေ၊ အ‌ရှေ့မိုးလည်း အနောက်ကိုထုတ်ခြင်း မလင်းသည်းစွာရွာပါစေ။ ချုန်းချုန်းတက်၍ အုန်းအုန်း ကျပါစေ။ မိုးသားမတရပစေနှင့် ရေသားမတရပါစေနှင့်...” မိုးကောင်းကောင်းရွာစေရန် တောင်းဆို ခြင်းဖြစ်၏။ 

ပတ်ဝန်းကျင်၊ ‌ရေသွင်သွင်နှင့်၊ ထွန်တုံးပေါလောနှင့်ရှိပါစေ။ လုပ်သူဆောင်သားကိုလည်း ခလုတ်မတိုက်ပါစေနှင့်၊ လုပ်တာရှည်ပါစေ၊ စားတာရှည်ပါစေ၊ အိပ်တာရှည်ပါစေ၊ နေတာရှည် ပါစေ။ ‌ရေပေါ်မှာ ထွန်တုံးပေါ်အောင်၊ ဖားများကျအောင် မိုးကြီးရွာပေးပါဟုဆိုလိုပါသည်။

သားကောင်းပေးပါ။ သမီးကောင်းပေးပါ။ ရွှေကောင်းပေးပါ။ ငွေကောင်းပေးပါ။ ရွာတော်ကိုလည်း ကြက်ပျံမကျ စည်ပင်ပါစေ။ ရွာတော်အတွင်း၊ နယ်တော်အတွင်းရှိ လူကြီးလူငယ် အားလုံး မြွေဘေး၊ ကင်းဘေး၊ မင်းဘေး၊ ကူးနာ၊ ရစ်နာ၊ အော့နာ၊ အန်နာ၊ မုဒိမ်း ခိုးသူရန်သူ အပေါင်းတို့ကိုလည်း၊ ခြေဖဝါးကြီးနှင့် ကန်ကျောက်တော်မူပါ လက်ဖဝါးကြီးနှင့် တားတော်မူပါ ဆည်‌ရေရှင်ရှင်ထွက်ပါစေ။ မြောင်းကားခေါင်သို့ ပန်းပါစေ။ စပါးလုပ်ကိုင် စားသည်ကို အလယ် ခေါင်ရောက် မဖောက်ပါစေနှင့်၊ ရွက်ဖျားတံခွန် မလွှားပါစေနှင့်။ နှံသေး၊ နှံသိမ်မထွက်ပါစေနှင့်၊ ကိုက်တတ်သည့်ပိုးမည်း၊ ပိုးဖြူ၊ မျှောင်တောင်၊ ခြပုန်း၊ ကျေးငှက် တို့ကိုလည်း အစွယ်ကိုချိုး၍ အရိုးကိုတွင်းထဲသို့သိုထားပါ။ ရသည့်ဥစ္စာ ရောင်းချလှူဒါန်းပါမည်။ အရှင်မင်းတို့၏ အမှုတော်ကို၊ ဆိုင်းထမ်းပိုးရှည်ကြီး ကွေးညွှတ်အောင် ထမ်းပိုးဆောင်ရွက် ပါမည်။ 

တစ်စလောင်း၊ တစ်ခွက် လှူသမျှတန်းသမျှ ကိုလည်းမိုးနတ်အရှင်ကြီး၊ ရွာတော် အရှင်ကြီးနှင့် ဆိုင်ရာနယ်စား ပယ်စားနတ်အများ အမျှ-အမျှ-အမျှပေးဝေပါ၏။ အရှင်ကြီးနှင့် နယ်စား ပယ်စားနတ်အများတို့ ......

ရွာအရှင်ကြီးကို ပသကြသောအခါ၊ ဒိုးပတ်၊ ဆိုင်းတီးကြသည်။ အချို့ရွာများတွင် မိုးနတ်အရှင်ကြီးပသပြီးသောအခါ လွန်ဆွဲကြသည်။ သစ်ပင်မှာတက်သောနွယ်ကို သုံးကြသည်။ နွယ်ကြိုးပြတ်လျှင် မိုးကောင်းသည်ဟု နိမိတ်ယူကြသည်။ ယခုအခါ သပြေ၊ ညောင်ရေ၊ မုန့်ပဲ သ‌ရေစာတို့ဖြင့် ပသကြသည်။

ပုန်းမကြည်နတ်

ပုန်းမကြည်နတ်မနှင့်ပတ်သက်၍ ဤသို့တွေ့ရသည်။ ပုန်းမကြည်နတ်မသည် အစမူလက၊ အိန္ဒိယလယ်သမားတို့ ပူဇော်သော ဘီလူးမဖြစ်သည်။ စပါးလှေ့သောအခါ ဘီလူးမ‌ရေ.... နင့်သားတောင်သူပူလှပြီဟေ့။ ဘီလူးမရေ.. တောင်ပေါ်ကလေးကို ခေါ်ခဲ့ဟေ့ ဟုပြောပြီး လေချွန်လျှင် လေပါလာသည်ဟု ယူဆခဲ့ကြသည်။

ပုန်းမကြည်နတ်မ၏ ဇာတိဖြစ်စဉ်ကို ယောလယ်သမားတို့ မသိကြငြား လယ်နှင့်စပါးကို  စောင့်ရှောက်တိုးပွားအောင် လုပ်သူဟု ယုံကြည်ကြသည်။ ရိုးရာနတ်အဖြစ် ပသကြသည်။ စပါးကို ရိတ်ပြီး၊ နယ်ပြီး တလင်းထဲမှာ စပါးကို ချွန်ချွန်ပုံထားသည်။ စပါးပုံ၏ ထိပ်ချွန်ချွန်တွင် ကောက်ညှင်း‌ပေါင်း သို့မဟုတ် ထမင်းနှင့် ကြက်၊ ဝက်၊ ငါး၊ သစ်သီး၊ ဟင်းတစ်မျိုးမျိုးထည့်      ထားသော လင်ပန်းငယ်ကို တင်သည်။ 

ပုန်းမကြည်မ ခင်ဗျား- စားဦးစားဖျားကို တင်ပါတယ် စားတော်မူပါ။ စပါးကောက်ပဲသီးနှံ မဆုတ်ယုတ်ဘဲ တိုးပွားအောင် မစတော်မူပါ ဟုဆိုပြီးတင်သည်။ အုပ်ဆောင်း သို့မဟုတ် တောင်းဖြင့်အုပ်ထားလိုက်သည်။ ပထမဆုံးပုန်းမကြည်မကို တင်ခြင်းဖြစ်သည်။ 

     ပုန်းမကြည်နတ်မကို တင်ပြီးမှ စပါးကိုယပ်ကြသည်။ လှေ့ကြသည်။ ကျီထဲ၊ တိုက်ထဲ၊ ပုတ်ထဲတို့တွင် စပါးများကို သိုလှောင်ထားကြပြီး၊ တပေါင်းလဆန်း (၃) ရက်နေ့ရောက်ပြီး အထူး ပြုလုပ်ကြော်လှော်ထားသောမုန့်၊ ထမင်း၊ ဟင်းတို့ဖြင့် စပါးသိုလှောင်သည့်နေရာမှာပုန်းမကြည်        မကို တင်ကြပြန်သည်။ ဤရာသီ ဤလတွင်မှပွင့်သော အဖြူရောင် ပုန်းမကြည်ပန်းများကိုလည်း   တင်ကြသည်။ ထိုမျှမကသေး၊ ဝါဆိုလပြည်နေ့၊ သီတင်းကျွတ်လပြည့် စသောအခါကြီး ရက်ကြီးများ၌ပါ ပုန်းမကြည်နတ်ကို ထမင်း၊ မုန့်ပဲသရေစာတို့ဖြင့် ပသကြသည်။ 

   သီတင်းကျွတ်လပြည်‌နေ့၊တန်ဆောင်မုန်းလပြည့်နေ့တို့တွင်၊ဆီမီးဖြင့်“စပါးဆန်ကိုစောင့်သောပုန်းမကြည့်မရှင့်၊အရှင်မကိုဆီမီးပေးပါတယ်၊ဤဆီမီးဖြင့်မြတ်စွာဘုရားရှင်အား ပူဇော်ပြီး ကုသိုလ်ယူပါလော့” ဟုရွတ်ဆိုကြသည်။

သင်ပုတ်တင်ခြင်း

သီတင်းကျွတ်သောအခါ လယ်စပါးများ၊ ဖုံးတုန်းလုံးတုန်းဖြစ်နေကြပြီ၊ သက်ရင့်စပါးများ အနှံများ ငိုက်နေကြပြီး၊ လယ်သမားများက၊ သူ့လက်ကိုယ့်လက်များမှာ၊ စင်ကလေးများ ဆောက်ကြသည်။ သင်ပုတ်စင်ဟုခေါ်ကြ၏။ ဤစင်ကလေးများပေါ်တွင်၊ ထမင်း၊ ကြက်သား၊ ဝက်သားတို့ကို ဖက်ခွက်နှင့်ထည့်ကာ လယ်စောင့်နတ်ကို ယောလယ်သမားကြီးများက တင်ပြီး ပူဇော်ကြသည်။

အသုဘ

ယောနယ်တွင်၊ အသုဘနှင့်ပတ်သက်၍ တင်းကြပ်သော ရှေးအစဉ်အလာစည်းကမ်း များရှိသည်။ ရွာအပြင်ဘက်တွင် သေသူ၏အလောင်းကို ရွာတွင်းသို့မယူရ။ ဆေးရုံမှာ သေသူ ကိုပင် ရွာသို့သယ်ကြသော်လည်း၊ ရွာတွင်းသို့မသွင်းရ။ ရွာပြင်မှာပင် အသုဘကိစ္စပြီးအောင် ဆောင်ရွက်ရသည်။ ရွာအပြင်မှာ သေဆုံးသူ၏အလောင်းကို ရွာတွင်းသို့သွင်းလျှင် ရွာကို ခိုက်တတ်သည်။ အဖျားအနာထူ၊ ထိတ်လန့်တကြားဖြစ်တတ်သည်။ အမင်္ဂလာများဖြစ်တတ် သည်။ ဤသို့ ယုံကြည်စွဲလမ်းကြသည်။ ဤဓလေ့သည်လည်း ယောဓလေ့သက်သက် မဟုတ်ပါ။ မှတ်သားဖွယ် ရာသမိုင်းဖြစ်ရပ်မှန်တစ်ခု ဖြစ်ခဲ့သည်။

နောက်သေ အရင်ချ

အသုဘကို သုသာန်သို့ အပို့သွားနေစဉ်၊ ရွာစည်းရိုးကို မကျော်မီရွာထဲမှာ နောက်တစ်ဦး သေပြန်၏။ ထိုအခါ သုသာန်သို့ ပို့နေသော အသုဘကို ရပ်ထားပြီး နောက်သေကိုစောင့်၊ ရောက်မှ နှစ်လောင်းလုံးကို သုသာန်ပို့ သင်္ဂြိုဟ်ရမည်။ ဤသို့ သုတသန္ဒီစယမှုကျယ်ကျမ်း အလာအတိုင်း ယောရွာအချို့ လိုက်နာနေကြသည်။ ရပ်ကွက်ထဲ၊ ရွာထဲမှာ တစ်ဦးသေသည်။ တစ်ညထားပြီး နောက်တစ်နေ့မှာ သင်္ဂြိုဟ်တော့မည်။

 ထို့နေမှာပင် ဤရပ်ကွက်၊ ရွာထဲ၌ နောက်လူတစ်ဦး သေပြန်သည်။ ထုံးစံဓလေ့အရ နောက်သေ အရင်ချရမည်။ ယနေ့ပင်ချရတော့မည်။ ရပ်ဝေးသားသမီးရောက်အောင် တစ်ည ထားချင်သည်။ ကျမ်းအလိုရမှု မထားရ၊ ပထမအသုဘထက် အရင်ချရတော့မည်။

အထူးသဖြင့် နောက်သေသည် ဥစ္စာဓနချမ်းသာသဖြင့် တစ်ရက်နှစ်ရက်ထားပြီး သင်္ဂြိုဟ်သည်။ နောက်လူကို ထားချင်လျှင် ပထမသေအသုဘနှင့် သက်ဆိုင်သူနှင့် တောင်းပန် ညှိနှိုင်းရသည်။ ပထမအသုဘက၊ အရင်အသုဘရှင်များကျေနပ်အောင် ထောက်ပံ့ကြရသည်။

နောက်သေကို မချဘဲထားနိုင်သဖြင့် ပြဿနာပြေလည်သလိုလိုဖြစ်သော်လည်း ပြဿနာ တစ်ခုက ပေါ်လာပြန်၏။ ထောက်ပံ့ကြေးနှင့် ပထမသေသူပြဿနာ ဖြစ်သည်။ နောက်သေကို ပထမသေက တစ်ရက်နှစ်ရက် စောင့်နေရသဖြင့် အနံ့ကစ မလိုလားစရာများ ပေါ်လာပြီ။ နောက်သေသည် ငွေကြေးမပြည့်စုံသူဖြစ်နေလျှင် ထောက်ပံ့‌ကြေးများများမပေးနိုင် ဖြစ်ရပြန်သည်။ အဓိကမကျလှသော ရှေးထုံးကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်အောင်ပြင်ထားခြင်း ဖြစ်သည်။

ရှေးထုံးကိုလည်း မပယ်နှင့် စျေးသုံးကိုလည်းမလွယ်နှင့် ဆိုသောစကားကို ခေတ်ကာလ နှင့်လျော်ညီစွာ ရှေးထုံးကိုလည်း ပယ်သင့်ကပယ် စျေးသုံးကိုလည်း လွယ်သင့်ကလွယ်ရမည်ဟု ပြင်ဆင်ပြောဆိုနေကြပေပြီ။

လကူးနှစ်ကူး

လူတစ်ဦးသည် မြန်မာလကုန်ရက်တွင်လည်းကောင်း၊ မြန်မာနှစ်ဟောင်းကုန်သောနေ့ တွင်လည်းကောင်း ကွယ်လွန်အံ့၊ ထိုနေ့မှာပင် သင်္ဂြိုဟ်ရ၏။ နောက်တစ်လ၊ နောက်နှစ်သို့ မကူးရ။ ဤဓလေ့စည်းကမ်းကိုမှု တင်းတင်းကြပ်ကြပ်လိုက်နာကြသည်ကို တွေ့ရလေသည်။