ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

တနင်္သာရိုးရာ ကွမ်းထည့်ထိမ်းမြားမင်္ဂလာဆောင်ဓလေ့
Image

ကွမ်းထည့်မင်္ဂလာဆောင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိတိုင်းရင်းသားအသီးသီးတွင်မြတ်နိုးဖွယ်ရာမင်္ဂ‌လာဆောင်ဓလေ့များ ရှိကြပါသည်။ တနင်္သာရီဒေသကြီးအတွင်း၌လည်း ရှေးဟောင်းယဉ်ကျေးမှုများ ဖြစ်တည်ခဲ့သော တနင်္သာရီဒေသတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့်အတူ မြတ်နိုး ဖွယ်ရာ ကွမ်းထည့်မင်္ဂလာဆောင်ဓလေ့များသည် ရိုးရာမပျက်ဖြစ်တည်နေပါသည်။ မျိုးဆက်သစ်များက ဤယဉ်ကျေးမှုများကို သေချာဂဃနဏသိရှိပြီးသဘောပေါက်မှရေရှည်ထိန်းသိမ်းနိုင်ကြပါရန်ရည်ရွယ်၍ရေးသားခြင်းဖြစ်ပေသည်။ 

ရှေးဟောင်းယဉ်ကျေးမှုများ ကျန်ခဲ့သော မြို့တစ်မြို့ကိုပြပါဆိုလျှင် တနင်္သာရီမြို့ကို ချန် လှပ်ထား၍ မရပါ။ ဤကွမ်းထည့်ဓလေ့မှာလည်း ယင်းမြို့တွင်  တနင်္သာရီ မင်းဆက်ပေါင်း (၅၃) ဆက်တို့ နှစ်ပေါင်းများစွာ ထီးနန်းစိုးစံခဲ့ခြင်းမှ ကျန်ခဲ့သော တနင်္သာရီထီးဓလေ့၊ နန်းဓလေ့မှ ထီးမွေနန်းမွေပင်ဖြစ်ပါသည်။ တနင်္သာရီသား၊ တနင်္သာရီမင်းများသည်လည်း မြန်မာဧကရာဇ် နည်းတူ ကွမ်းဓ‌လေ့ကို အလေးထားခဲ့ကြသည်။ ဤမင်္ဂလာဆောင်ဓလေ့ကို တနင်္သာရီ မြစ်ညာမှ မြစ်အဆုံးအထိ ရှေးလူကြီးသူမများထံ မေးမြန်းလေ့လာခဲ့သည်။ မင်္ဂလာမဆောင်မီ စကားဦးသန်း၊ စကားကြောင်းပွဲ၊ ငွေအပ်ပွဲ၊ မင်္ဂလာဦးဆွမ်းကျွေးပွဲ စသည်တို့ကို အဆင့်ဆင့် ပြုလုပ်ရပါ သည်။ မင်္ဂလာဆောင်ခြင်းကို သတို့သမီးအိမ်တွင်သာ ဦးစားပေးကျင်းပကြရပါသည်။ ယနေ့အထိ တနင်္သာရီသားများသည် ကွမ်းသီးခြံများဖြင့်ပင် အဓိကစီးပွားရေး လုပ်ဆောင်နေကြခြင်းသည် ကွမ်းဓလေ့နှင့် ထာဝရဆက်စပ်နေခြင်းကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။ 

ကွမ်းမအုပ်ဆင်ယင်ခင်းကျင်းပုံနှင့် မျက်နှာကျက်တင်ခြင်း

ရွှေချထား၍ မှန်ကင်းအထွတ်တင်ထားသော အမြင့် (၃) ပေ၊ အဝန်း (၁၈) လက်မခန့်ရှိ ကွမ်းမအုပ်ကြီးကို အိမ်ဦးခန်းဘုရားဆောင်နှင့် ဥရူတိုင်အရှေ့ထိ နေရာယူ စီစီရီရီထားနိုင်ပါသည်။ ကွမ်းမအုပ်အထက်တွင် ဒေသထွက်ကွမ်းမွှေးရွက်နှင့် ပန်းများစွာကို ရာဇမတ်အကွက်ပိတ်ဖြူ အကျား ဆင်ယင်ထားသော ရွှေဇာနားကွပ် မျက် နှာကျက်ရှိပါသည်။  ကွမ်းမအုပ်၏ ခေါင်းရင်းဘက်တွင် ဘိသိတ်ဆရာနှင့် မိဘများနေရာယူနိုင်ရန် နေရာထားရှိရပါသည်။ ကွမ်းမအုပ်၏ အရှေ့တွင် သတို့သား၊ သတို့ သမီး ထိုင်ရန် ပန်းဖုံးသော ကတ္တီအမြင့်နှင့် ဦးချရာ ပန်းများစီခြယ်ထားသည့် အုန်းများကို လှပစွာထားရပါသည်။ ဘိသိတ်ဆရာမိဘများနှင့် သတို့သား၊ သတို့ သမီး၊ လူပျိုဆောင်(အရန်သတို့သား)၊ အပျိုဆောင်(အရန်သတို့သမီး)အကြားတွင် ကွမ်းမအုပ်ကြီး(၃)လုံးကိုရွှေဇာပဝါပါး လွှမ်းခြုံလျက်ရှိပါသည်။ အလယ်တွင် အနည်း ငယ်မို့မြင့်သော ကွမ်းမအုပ်သည် ရာဇကွမ်းအုပ်ဖြစ်သည်။ သတို့သား၏ ရွှေညာဘက်မှ ကွမ်းအစ်သည် သတို့သားကိုယ်စား ပြုသော ကွမ်းအုပ်ဖြစ်သည်။ သတို့သား၊ သတို့ သမီးဘယ်ဘက်မှ ကွမ်းအုပ်သည် သတို့သမီးကို ကိုယ်စားပြုသည်။ အဆိုပါ ကွမ်းမအုပ်သည် ရတနာသုံးပါးနှင့် မိဘဆရာသမားများကို ကိုယ်စားပြု ဆင်ရင်ထားသည်ဟုလည်း ယူဆနိုင်ပါသည်။ 

သစ်သီးဝလံများစီမံခင်းကျင်းပုံ

တနင်္သာရီ‌ဒေသထွက် အနာအဆာမပါသော ကွမ်းခိုင်၊ ငှက်ပျောခိုင်၊ ထန်းခိုင်၊ အုန်းခိုင် နှစ်ခိုင်စီနှင့် တစ်ပင်တည်းတွင် နှစ်မျိုးတစ်စုံသီးသော နုစန်း၊ နုအုန်းနှင့် လန်းပု၊ လန်းပဲတို့နှင့် ကွမ်းသီးပင်ပေါက်၊ အုန်းပင်ပေါက်၊ လက်ယာရစ် နွယ်တက်သောက ဒွေးဥ၊ ကန်စွန်းဥပင်ပေါက် နှင့် ကြွေးပင်ပေါက်၊ မြောက်နီဥပင်ပေါက် စသည်တို့ကို ကွမ်းမအုပ်နံဘေးမှ အဆင်ပြေသလို ပြည့်စုံစွာ ဆင်ယင်ထားရပါသည်။ ဘိသိတ်ဆရာပွဲမှာ အုန်းငှက်ပျောပွဲ ပြင်ရပါသည်။ သစ်သီး မျိုးစုံကိုလည်း ကလပ်ပေါ် စီစီရီရီတင်ထားပေးရပါသည်။ ထိုမင်္ဂလာအုန်း၊ ကွမ်း၊ ထန်းတို့ကို ပွဲပြီးလျှင် မြတ်သောနေရာ၌ စိုက်ပျိုးပြီး သားစဉ်မြေးဆက် မင်္ဂလာယူ အသုံးပြုကြသည်။ 

ကွမ်းထည့်မင်္ဂလာ ဆင်ယင်ကျင်းပပုံ  

ကွမ်းထည့်မင်္ဂလာကို ရက်ကောင်းနေ့သာဖြစ်သော အလုပ်ကိုင်နေ့ (အကြိုနေ့) တနင်္သာရီ မြစ်ရေပြည့်ချိန်၌ စတင်ကွမ်းထည့်ကြရပါသည်။ တနင်္သာရီနယ်တွင် မင်္ဂလာဘိသိတ်ဆရာ၊ မင်္ဂ လာဦးပေါက်(နဂါးလှေ) မင်္ဂလာကွမ်းထည့် ဆရာမကြီး စသည်များ ရွေးချယ်ရာတွင် ကွမ်းထည့် မင်္ဂလာဆောင်ပြီး သားဦးယောက်ျားမွေးဖွားကာ လင်စုံမယားဖက်ပြည့်စုံသူကိုသာ ရွေးချယ်ကြ ပါသည်။ 

ရေပြည့်မင်္ဂလာချိန် ကျရောက်လျှင် ဘိသိတ်ဆရာက ဘုရားပင့်၊ နတ်ပင့်နှင့် မင်္ဂလာရှိသော ဂါထာတော်များ ရွတ်ဖတ်၍ ကွမ်းဆရာမများအား ကွမ်းထည့်ရန် ညွှန်ကြားပါသည်။ ကွမ်း ဆရာမများမှ ကွမ်းမအုပ်တို့ကိုဖွင့်ပြီး နံ့သာဖြူ၊ ကရမက်၊ အမွှေးနံ့သာများဖြင့် ပက်ဖျန်းပြီး  စတင်ရပါသည်။ ပထမအနေဖြင့် ဘဒ္ဒကမ္ဘာဖြစ်ပေါ်စဉ်၌ ကြာပင်ကြီးမှ ပရိက္ခရာများပေါ်ထွန်းလာသည်ကို ပမာပြု၍ ကွမ်းမအုပ်၌ ပဒုမ္မာကြာရွက်ကို ပက်လက်ထည့်ပြီး စတင်ရပါသည်။     ပြီးလျှင် နီညိုရောင်ကွမ်းလင်အညိုရွက်(၄)ချပ်ကို စကြာပုံမျက်နှာချင်းဆိုင် အရွက်ထောင်၊ အရိုးကို ကြာရွက်အောက်တွင်ဖိ၍ ထည့်ရပါသည်။ ယင်းသည် အရွက်ရှည်လေကောင်းလေ ဖြစ်ပါသည်။ ထိုကွမ်းလင်ရွက်(၄) ရွက်သည် လောကပါလ နတ်မင်းကြီး (၄) ပါးကိုသော်လည်းကောင်း၊ နှစ်ဖက်မိဘကိုလည်းကောင်း ကိုယ်စားပြုပါသည်။ 

ယင်းသတို့သား၊ သတို့သမီးတို့သည်ဘိုးစဉ်‌ဘောင်ဆက် မင်္ဂလာဆောင်ခဲ့သည့်မျိုးနွယ်ဖြစ်ပါက ကွမ်းကြီးမျိုးရိုးဖြစ်ပါသည်။ ကွမ်းထည့်သည့်အရေအတွက်မှာ သတို့ သမီးကွမ်းအုပ်တွင် (၃၀) လုံး၊ ရာဇကွမ်းအုပ်တွင် (၇၀) လုံး၊ သတို့သားကွမ်းအုပ်တွင် (၅၀) လုံးထည့်ရပါသည်။ (၃၀း၇၀း၅၀)ဖြစ်ပါသည်။ အနာအဆာကင်းပြီး အကြောဆိုင်ကွမ်းရွက်မှာ (၁၅၀၊ ၃၅၀၊၂၅၀)ဖြစ် ပါသည်။ မိဘလက်ထက်ကကွမ်းထည့်မင်္ဂလာဆောင်ပါကကွမ်းလတ်ထည့်ပေးရပါသည်။ ကွမ်းသီးအချိုးမှာ (၂၀း၅၀း၃၀)ဖြစ်ပါသည်။ကွမ်းရွက်မှာ(၁၀၀း၂၅၀း၁၅၀)ဖြစ်ပါသည်။မိမိတို့လက်ထပ်မှသာကွမ်းထည့်မင်္ဂလာဆောင်ပါကကွမ်းငယ်မျိုးထည့်ရပါသည်။ (၁၀း၃၀း၂၀) ဖြစ်သည်။ ကွမ်းရွက်မှာ (၅၀း၁၅၀း၁၀၀)ဖြစ်ပါသည်။

“ငရုပ်ကောင်းဟင်းခါးနှင့် မွေးသည့်သားသမီး”ဟူသည့် ဒေသခံများ ဂုဏ်ယူတန်ဘိုးထားသည့် ငရုပ်ကောင်းရွက်နှင့် လာဘ်လာဘ အတွက် ရွှေရွက်၊ ငွေရွက်များကို ရွေးချယ်စိစစ်ပြီး သင့်တော်ရုံထည့်ရပါသည်။ ကမ္ဘာဦးလူတို့စားသော မြေခဲကိုပါ မမေ့မလျော့ ထည့်ရပါသည်။ ပြီးလျှင် ပန်းဆောင်အညိုဖြင့် ‌ဂေါ်ဖီထုပ်ကဲ့သို့ဖုံးအုပ်ပြီး အပေါ်မှ ပဒုမ္မာကြာရွက်မှောက်လျက် အနေအထားဖြင့် ဖုံးအုပ်လိုက်ရပါသည်။ နောက်ဆုံးအနေဖြင့် အနန္တငါးပါးကန်တော့မည့် ပန်းကန်တော့များကို တစ်ခုတည်းစည်းကာ ပန်းများကို ဆရာဘက်သို့ လှည့်ထားပြီး ကွမ်းမအုပ် အဆောင်ကို ဖုံးအုပ်လိုက်ရပါသည်။

ဇမ္ဗူရစ်ခွေလက်မလွှတ်ကွမ်း

ကွမ်းကမ်းဆရာမမှ ကမ်းပေးသောကွမ်းကို ကွမ်းထည့်ဆရာမမှ လက်ယာရစ် (ဇမ္ဗူရစ်) ထည့်ရပါသည်။ ဤသို့ကွမ်းထည့်ရာတွင် ကွမ်းကမ်း ကွမ်းထည့် ဆရာမကြီးများ နားနေခြင်း မပြုဘဲ လက်မလွှတ်တမ်းထည့်ခြင်းကို လက်မလွှတ်ကွမ်း ဟုခေါ်သည်။ ဤကဲ့သို့ စိစစ်ထည့်ဝင် ခြင်းဖြင့် ကွမ်းပေါက်၊ ကွမ်းကြောင်၊ ကွမ်းပျက်၊ ကွမ်းညံ့၊ ကွမ်းမသန့် မဖြစ်စေပါ။ ဆိုလိုသည်မှာ ခိုးရာလိုက်ပြေးသူ၊ အခြားနည်းဖြင့် အိမ်ထောင်ကျပြီးသူ စသည်များသည် မင်္ဂလာကွမ်းကို ဝင်ရောက်ကိုင်စွဲခြင်း မပြုကြပါ။ မင်္ဂလာရှိသော သူကောင်း များသာ ဝင်ရောက်ကူညီကြရ ပါသည်။ 

ကွမ်းပက်လက်

မြန်မာတို့ကွမ်းဓလေ့သည် ငယ်စဉ်ကွမ်းခွက်မင်္ဂလာမှအစ သေဆုံးသည့်အခါ ပေးပို့သည့် စားမြိန်ထုပ်အထိ ပါဝင်ပါသည်။ အိမ်ထောင်ကွဲ (တစ်ခုလပ်) ၊ မုဆိုးမတို့သည် နောက်ထပ်အိမ် ထောင်အသစ် ထူထောင်လျှင် မှန်ကင်းအထွတ်တင် ရွှေကွမ်းအုပ်ကြီးများဖြင့် ကွမ်းထည့်ခွင့်မရ သော်လည်း ယွန်းအုပ်များကို အဆောင်း(အဖုံး) မတပ်ဘဲ ကွမ်းထည့်နိုင်ပါသည်။ ယင်းကို ကွမ်း ပက်လက်ဟု ခေါ်ပါသည်။ 

ရတနာသုံးပါးနှင့် မိဘဆရာသမားများကန်တော့ခြင်း

ပထမဦးစွာအနေဖြင့် ရတနာသုံးပါးကို ကန်တော့မည်ဖြစ်ပါ၍ အလယ်မှ ပန်းကတော့ကို လူပျိုဆောင်က သတို့သားအား၊ အပျိုဆောင်မှ သတို့သမီးအား ဘိသိတ်ဆရာ၏ လမ်းညွှန်ချက်ဖြင့် ယူပေးရပါသည်။ ထိုပန်းကတော့ဖြင့် ဘိသိတ်ဆရာ တိုင်ပေးသည့်အတိုင်း ဘုရား၊ တရား၊ သံဃာ တို့ကို ဦးချကန်တော့ရပါသည်။ ရတနာ သုံးပါးကန်တော့ပြီးလျှင် အရံများမှ ပန်းကတော့များကို ပြန်ယူပြီး ညာဘက်ပန်းကတော့ကို ပြောင်းလဲပေးအပ်ရပါသည်။ ယင်းညာဘက်ပန်းကတော့ဖြင့် နှစ်ဦးနှစ်ဖက်မိဘများကို ကန်တော့ရပါသည်။ ယင်းနောက်ဘယ်ဘက် ပန်းကတော့ဖြင့် ဆရာများကို ကိုယ်စားပြု၍ ရိုသေစွာကန်တော့ပြီးလျှင် မင်္ဂလာသုတ်၊ ဂီဟိစာရိတ္တကျမ်း စသည်များကို ဟောပြောလမ်းညွှန် သြဝါဒပေးပါသည်။ 

လက်ထပ်ခြင်း

မင်္ဂလာဆောင်လက်ထပ်ခြင်းကို ငွေဖလားကြီးထဲတွင် သန့်စင်ကြည်လင်သောရေထည့်၍ သတို့သားညာလက်နှင့် သတို့သမီး၏ဘယ်လက်ကို စုလျားအဝတ်ဖြင့်အုပ် ၍ ဘိသိတ်ဆရာမှ လက်ယာရစ်ခရုသင်းရေဖြင့် သွန်းချပြီး“အောင်ဇေယျတု”အစချီမင်္ဂလာ ဘိသိတ်ဂါထာဖြင့်လက်ထပ်ပေးပါသည်။ထို့နောက် မင်္ဂလာပန်းကုံးကိုင် ယုဝတီငယ်ထဲမှ အောင်စံပယ်ပန်းကုံးကို အရံများကယူကာ သတို့သား၊ သတို့သမီးတို့ တစ်ဦးကိုတစ်ဦး ပန်းကုံးစွပ်ခြင်းဖြင့်လည်း ပြုကြပါ သည်။ လက်ထပ်လက်စွပ်ကို အရံများကယူပြီး ဘိသိတ်ဆရာ၏ ညွှန်ကြားချက်အတိုင်း တစ်ဦးကိုတစ်ဦး ဝတ်ဆင်‌ပေးခြင်းဖြင့်လည်း ပြုလုပ်ရပါသည်။ ဘိသိတ်ဆရာမှ လက်ဖြင့် သတို့သား၊ သတို့ သမီး၏ဦးထိပ်ပြင်အား လက်ယာရစ်ခရုသင်းဖြင့် ရေစင်သွန်းကာ ဘိသိတ်မြှောက်သည့်ဓလေ့လည်း တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တွင်ရှိနေပါသေးသည်။ ဘိသိတ်မြှောက်စဉ် ဘိသိတ်ဆရာကြီးများသည် အဖြူရောင်ကို ဝတ်ဆင်ပြီး ငွေချည်ထိုး အဝတ်စလွယ်ကို ဆင်ယင် ကြပါသည်။ 

ဘိသိတ်ဆရာသည် ဂါထာမန္တန်ဖြင့် ဘိသိတ်သွန်းပြီးသည်မှ သတို့သမီး၏ မယ်မယ်က သတို့သား၏ သျှောင်စွန်း(ဆံပင်ဖျားကို) ကိုင်ပြီး သတို့သမီး၏ ဘဘက ခရုသင်းဖြင့် ရေစင်သွန်း လောင်းခေါင်းဆေးပေးပါသည်။ တစ်ဖန်သတို့သား၏မိဘများက သတို့သမီးကိုဦးခေါင်းဆေးမင်္ဂလာပြုပေးကြပါသည်။ ဦးခေါင်းဆေးမင်္ဂလာ၊ ရေစင်သွန်းမင်္ဂလာဟုလည်း ပြုလုပ်ကြပါ သည်။  ဦးခေါင်းဆေးရာမှ ကျလာသော‌ရေကို အရံဖြစ်သော လူပျိုဆောင်၊ အပျိုဆောင်များက ငွေဖလားပေါ်တွင် ပိတ်ဖြူစဖြင့် ခံယူကြရပါသည်။ ဤအချိန်တွင် ”အောင်ဇေယျတု ....ငွေခရု.... သွန်းဘိသိတ်ဖြာ”ကို တီးမှုတ်ကြရပါသည်။ 

ဆုံးမသြဝါဒပေးခြင်း

ဘိသိတ်ဆရာမှ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်နှင့် သိင်္ဂါလောဝါဒသုတ်ကို အသေးစိတ် ဆုံးမရပါသည်။ ခေတ်ကာလနှင့် လျော်ညီစွာ ဆောင်ရန်၊ ရှောင်ရန် တို့ကိုဆုံးမကြပါသည်။ ပြီးလျှင် သတို့သားဘက်မှ ဆွေကြီးတစ်ဦး၊ သတို့သမီးဘက်က မျိုးကြီးတစ်ဦးက ဆုံးမစကားပြောခြင်း၊ ဆုပေးခြင်းကို ပြောပြီးသည်နှင့် ဆွေကြီးမျိုးအားလုံးမှ တညီတညာတည်း ရွှေစငွေစများ ရောနှောထားသော ပေါက်ပေါက်များကို သတို့သား၊ သတို့သမီးပေါ်သို့ ကြဲဖြန့်ကာ အခမ်းအနားကို ပြီးဆုံးစေပါသည်။ ဘိသိတ်ဆရာမှ အိမ်ခန်းအပ်လင်္ကာနှင့် ပြန်ခွင့်ပြုသည်နှင့် မင်္ဂလာတီးဝိုင်းမှ မင်္ဂလာတေးကို တီးမှုတ်ကြပါသည်။

ဤကဲ့သို့ အခန်းတွင်းပြန်ဝင်ရာတွင် လာတုန်းအတိုင်း စီစီရီရီဆင့်ကာ ကျက်သရေတက် စွာဖြင့် အခန်းထဲသို့ ပြန်ဝင်ကြရပါသည်။ အိမ်ထောင်ငယ်၊ ကာလသား၊ မိန်းမကြီး၊ ကာလသမီးက မိမိ၏ ဆွဲကြိုးများ၊ ရွှေ၊ ငွေကြိုးတားကာ အိမ်ခန်းဆီးကြပါသည်။ ထိုအခါ သတို့သား၊ သတို့သမီး များက အပျော်သဘောဖြင့် ငွေများပေးကြရပါသည်။ မင်္ဂလာအခန်းသို့ ရောက်ပြီးသည်နှင့် ဧည့် ပရိတ်သတ်များအား နေ့လယ်စာ ထမင်းကျွေးကြပါသည်။ ပတ်ဝန်းကျင်ကျေးရွာ အသီးသီးမှ စက်လှေ၊ ကားစသည်ဖြင့် ရောက်လာကြသော ပရိတ်သတ်ဆွေမျိုးများကို ဦးစားပေး ကျွေးမွေး၍ စက်လှေ၊ ကားစသည်ဖြင့် ရွာအရောက် ပြန်ပို့ပေးပါသည်။ 

မင်္ဂလာပွဲတက်ရောက်ကြသူများကလည်း မင်္ဂလာမောင်နှံ လုပ်ကိုင်စားသောက်ရင်းနှီးနိုင်ရန် ဉာတကာနဥ္စသင်္ဂဟောပါဠိတော်နှင့်အညီ ရွှေ၊ ငွေနှင့် ပစ္စည်းလက်ဖွဲ့ငွေများ ပေးအပ်ကြပါ သည်။ မင်္ဂလာကွမ်းမအုပ်မှ ကွမ်းရွက်၊ ရွှေရွက်၊ ‌ငွေရွက် စသည်တို့ကို မင်္ဂလာယူသည့်အနေဖြင့် ဆံထုံးမှာထိုး၍ ယူဆောင်သွားရပါသည်။ ညဉ့်ဦးယံမှ ကျောက်သံ၊ ပတ္တမြားလာရောင်းသော အဖွဲ့ကို ရာပြတ်၊ ထောင်ပြတ်တွေနှင့် ဖြတ်ပြီး ဝယ်ရပါသည်။ အိမ်တက်ပွဲမင်္ဂလာဆောင်ပြုသော အိမ်များသည် စကားကြောင်းသည့် ရက်မှစ၍ ဧည့်သည်မပြတ်ခဲ့ပေ။ လာရောက်တွေ့ဆုံပေးစား ခြင်း၊ မင်္ဂလာလက်ဖွဲ့လာပေးခြင်း၊ အိမ်တော်ခြင်း(ပြုပြင်) ၊ မျက်နှာကျက်တင်ခြင်း၊ ဧည့်ခန်းနှင့် အိမ်ခန်း၊ ကွမ်းမထည့်မည့်အမည်များ ရှာဖွေစုဆောင်းခြင်း စသည့်ကူညီသူများကို ထမင်းနှင့် စားဖွယ်များကျွေးမွေးရသည်မှာ မင်္ဂလာပွဲမစမှီ (၃)ရက်ခန့်နှင့် မင်္ဂလာပွဲပြီးဆုံးပြီးနောက် (၁)ရက် (၂)ရက်ခန့်မှ ပြီးတော့သည်။ တနင်္သာရီသား၊ တနင်္သာရီမင်းများ၏ လေးစားဖွယ် ကွမ်းဓလေ့ ကျင်းပရာ ရှေးဟောင်းလောဟာ ကွမ်းမအုပ်ကြီးများကို မြေအောက်မှထွက်ရှိလာသည်ကို တွေ့ရှိဖူးပါသည်။ ရွှေထုံးဖူးများသည်လည်း ရွှေကော်တံနှင့် ယင်းကွမ်းအုပ်ပုံစံပင်ဖြစ်၏။ ငွေထုံး ဖူးကား အနည်းငယ်ရှည်၏။ ငွေကော်တံနှင့်ဖြစ်၏။ ကြေးထုံးဖူးကား မင်္ဂလာကွမ်းမအုပ်ပုံစံဖြစ် ၏။ ဤကား ရှေးအထောက်အထားများနှင့် ဆက်စပ်နိုင်ရန် ဖြစ်ပေသည်။ 

ဤကဲ့သို့ မင်္ဂလာပြုခြင်းဖြင့် သီရိ၊ ဇေယျ၊ ဝရ၊ သိဒ္ဓိ၊ ထုတိ၊ သြဘာ၊ ထောမနာ၊ သိတ၊ သုခ စသည့် မင်္ဂလာများ ပြည့်စုံစေပါသည်။ ဒေသခံများကလည်း အတွင်းကျသိမြင်ကာ ထိန်းသိမ်း စေချင်ပါသည်။ ဤကဲ့သို့ အစဉ်အလာကြီးပြီး နှစ်လိုဖွယ်ရာကောင်းသော မင်္ဂလာဓလေ့သည် ထာဝရအဓွန့်ရှည် တည့်တံ့ပါစေရန် ဝိုင်းဝန်းထိန်းသိမ်းရမည် ဖြစ်ပေသည်။