မြန်မာမျိုးနွယ်စုဝင် ထားဝယ်လူမျိုးများ အခြေ ချနေထိုင်သည့် “ထားဝယ်ဒေသကြီးသည် တောင်ငါးလုံး ကာရံခိုရာဇဂြိုဟ်ပြည်လို”ဟု ရှေးလူကြီးများကတင်စား ဂုဏ်ယူခဲ့သည့် ထားဝယ် မြို့တော်ကြီးမှာ မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီကမ်းရိုးတန်းတွင် တည်ရှိပြီး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထုံးဓလေ့များ ကျေးလက်ဂီတနှင့် အဆိုအကတို့ ကြွင်းကျန်ရာ ဒေသကြီး တစ်ခုပင်ဖြစ်ပါသည်။
လူမျိုးအလိုက်နယ်ပယ်အလိုက် ယဉ်ကျေးမှုများ နှင့်ထုံးတမ်း ဓလေ့တို့မှာလည်း တစ်မျိုးတစ်ဖုံစီ ကွာခြားမှုရှိလာသည်။ ထို့အတူ ထားဝယ်ဒေသ၏ ဒေသသုံး စကား၊ စာပေ၊ ဝေါဟာရများ၊ ပုံပြင်၊ ကိုယ်ပိုင် ကျေးလက်ဂီတသီချင်းနှင့် အကတို့မှာလည်း တစ်မူ ထူးခြားလျက်ရှိပေသည်။
ယနေ့မြန်မာ့စာပေသမိုင်းစာမျက်နှာတွင် အရိပ် သဖွယ်ထင်ဟပ်လျက်ရှိသည့် ဒိန်းသံ၊ ဒိန်းသီချင်းများ၊ တို့မှာလည်း ကုန်းဘောင်ခေတ် ကတည်းကပင် တိုင်းရင်းသားတို့ ဂီတအနုပညာ ယဉ်ကျေးမှုချင်း နှီးနှောဖလှယ်မှုများ ရှိကြသည်ဟု ဆိုရာ၌ မြန်မာ ပြည်မသားတို့သည် ထားဝယ်ဘက်မှ ဒိန်းသီချင်းများကို လည်းကောင်း၊ တိုင်းရင်းသားရိုးရာ မွန်သီချင်းများ၊ ကရင်ဩသံသီချင်းများကို မြန်မာမှုပြုခဲ့ကြပြီး သာယာဝတီမင်းလက်ထက် သက္ကရာဇ် (၁၂၀၃) ခုနှစ်တွင် အလေးအမြတ်ထားကာ ထင်ရှားစွာ ပေါ်ပေါက် လာခြင်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် ပညာရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ပိုမိုရင်းနှီးချစ်ခင်လာစေရန် အခြေခံပညာကျောင်းသုံး စာအုပ်များတွင် ထားဝယ်ကျေးလက်ရိုးရာဒိန်းသံများ (Tavyans Folk Song) ဟူ၍ အဆင့်မြင့်ပညာကဏ္ဍ (Local Needs) သင်ခန်းစာများတွင် လေ့လာနိုင်ရန် ပြဌာန်းခဲ့ကြပါသည်။
“ထားဝယ်ဒေသကြီးတွင် ရေပန်းစားလူကြိုက်များ လှသော ထားဝယ်ဒိန်းသံ၊ ဒိန်းသီချင်းများ၊ ဒိုင်းအကများ၊ ရှေးထားဝယ်ယန်းအကများ၊ ဓလေ့ထုံးတမ်းအစဉ် အလာများ၊ ပုံပြင်များ၊ ဒေသိယစကားစာပေဝေါဟာရများ၊ သံချပ်များ၊ အမျိုးသမီး ဒုံးယိမ်းအကများ၊ အမျိုးသား ဒုံးထမ်းသိုင်းကွက် ဖော်အကများသည် ထားဝယ်ဒေသ၏ သမိုင်းကြောင်းကို ကွင်းကွင်းကွက်ကွက် ထင်ရှား ပေါ်လွင်စေနိုင်သော နောက်ခံ ပန်းချီကားချပ်ပမာ နှစ်ပေါင်း(၃၀၀)ကျော်ခန့်လောက် ကတည်းကပင်ရှိနှင့် နေခဲ့ပါသည်” ဟုသမိုင်းပညာရှင်များကပင် လက်ခံ အတည်ပြုထားခဲ့ကြပါသည်။
ထားဝယ်(ယန်း)အကသည် ရိုးရာနတ်ကိုးကွယ်မှု များကိုအခြေတည်၍ ပေါက်ဖွားလာခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြပါသည်။ ယခုအချိန်တွင် (ယန်း)အကသည် ထားဝယ်ဒေသကြီးနှင့် အဆက်အသွယ်ပြတ်နေသည်မှာ နှစ်ပေါင်း(၇၀) ကျော် (၈၀)နီးပါးခန့် ရှိနေလောက်ပြီဟု ခန့်မှန်းခဲ့ကြပါသည်။ ယန်းအကနှင့် ပတ်သက်၍ ရှေးထားဝယ်လူကြီးတစ်ဦးက “ဆင်းရဲပါတယ်ဆိုကာမှ (ယန်း) ကရပြန်တော့မယ်လို့” ညည်းတွားပြောဆို ခဲ့ဖူးပါသည်။ ထားဝယ်ဒေသကြီး၌ ပေါ်ပေါက်လာ ခဲ့သော ယန်းအက၏သက်တမ်းကိုတွက်ဆကြည့်လျှင် နှစ်ပေါင်း (၃၀၀) ကျော်ခန့်လောက်ကပင် နေပါလိမ့် မည်ဟု သုတေသီများက ခန့်မှန်းခဲ့ကြပါသည်။ အများအားဖြင့် (ယန်း)အကကို လူများမကျန်းမမာ ဖြစ်သောအခါ နတ်ပွဲများဖြင့် ပူဇော်ပသရာတွင် လည်းကောင်း၊ အလှူတော်မင်္ဂလာပွဲများ၊ ထီးတော် တင်ပွဲ၊ ထမနဲထိုးပြိုင်ပွဲ၊ ဘုန်းကြီးပျံပွဲများတွင် လည်းကောင်း ကပြကြလေ့ရှိပါသည်။
ယန်းအက၏ထူးခြားသောဝိသေသများ
(ယန်း)အကကို ကကြသည့်အခါ ခြေဖျားများကို “ကြွလေ့”ထောက်လေ့မရှိကြပါ။ ခြေဖျားကိုထောက်ပြီး ဖနှောင့်ကိုသာကြွသည့်အခါကြွ၊ လက်ဝါးကိုတပြန့်တည်း ထားကာ စုံယူပြီး (ဒိန်းသံ) သီချင်းသွား၏အတက် အကျအလိုက် ဖြည်းဖြည်းငြိမ့်ငြိမ့် ဘယ်မှညာ၊ ညာမှ ဘယ်သို့ ဒူးကိုညွှတ်၍ ယိမ်းပြီး ကပြရသော အက တစ်မျိုးဖြစ်ပါသည်။ ရှေးမွန်အကနှင့် နှိုင်းယှဉ်ကြည့်လျှင် ရှေးမွန်အကများတွင် ခြေဖနှောင့်ကို ထောက်ပြီး ခြေဖဝါးနှင့် ကြမ်းကိုပုတ်ကာ စည်းဝါးလိုက်ရသည့် အကများလည်းရှိပါသည်။ မွန်အကများကဲ့သို့ ဒူးထောက် ပြီးထိုင်ရာမှ တီးလုံးတေးသွား အလိုက် တစ်စ-တစ်စ ကိုယ်၊ လက် ၊ ခေါင်း၊ ခါး ကို ညွှတ်ကာ၊ ယိမ်းကာဖြင့် တရွေ့ရွေ့ကပြကြရင်း မတ်တပ်ရပ် သွားရသည့်အက အနေထားမျိုးမဟုတ်ပါ။
(ယန်း) ၏ အခြေခံမူလပထမမှာ မတ်တပ်ရပ် သည့် အနေအထားမျိုးမှအစပျိုးပြီး ကရမည်ဟု နည်းစနစ်စံများ ပြဆိုထားပါသည်။ တငြိမ့်ငြိမ့် တအေးအေး သယ်ဆောင်ယူသွားသည့် ဒိန်းသီချင်း အသံနှင့်အတူ လက်နှစ်ဖက်ကို ဘေးသို့ချလျက်ရှိရာမှ တေးသံဖြန့်ကာ “စုံယူပုံ၊ ရွေ့ပုံ၊ ကူးပုံ” တို့မှာလည်း “အစိပ်အကျဲ” ညီညာလှပါသည်။ (ယန်း)အကမှာ မွန်အကများကဲ့သို့ မစိပ်လှပါ။ ရိုးရိုးရှင်းရှင်းအေးအေး ငြိမ့်ငြိမ့်လေးနှင့် ကူးပြောင်းသွားရခြင်းမျိုးဟု ဖွင့်ဆို ထားပါသည်။
(ယန်း) အက၏မုဒြာလက်ဟန်များ
(ယန်း) အကတွင် လက်နှစ်ဖက်ကိုစုံယူကာ အညီအညွှတ်ရွေ့ပုံ ယိမ်းပုံကို အခြေပြု၍ ကကြရသော ကကြိုးနှင့် လက်နှစ်ဖက်ကို “လက်ဝါးပြား” အလိုက် ယူကာ အထက်-အောက် အနေအထားခွဲပြီး ကိုယ်ကို ကော့ကာ ယိမ်း၍ ကရသော (နတ်အကဆန်ဆန်) ကကြိုးဟူ၍ ကကြိုး နှစ်မျိုးရှိပါသည်။ ပထမ ကကြိုးကို ကျေးလက် ပျော်ပွဲရွှင်ပွဲများ၊ ထီးတော်တင်ပွဲများ၊ ထမနဲထိုးပြိုင်ပွဲ၊ အလှူမင်္ဂလာပွဲ၊ ဘုန်းကြီးပျံပွဲ စသည့် အခမ်းအနားများတွင် ကပြလေ့ရှိကြပါသည်။ ဒုတိယ ကကြိုးသည် နတ်ပွဲများ ခင်းကျင်းသောအခါ နတ်ကတော်များ နတ်ပူဇော်ပသသူ အမျိုးသမီးများက ဝင်ရောက် ကခုန်လေ့ရှိကြသည့် အကဖြစ်ပါသည်။
ဝတ်စားဆင်ယင်မှုအသွင်
အမျိုးသားများသည် တောင်ရှည်ပုဆိုး၊ သိုရင်း အင်္ကျီအဖြူ၊ (ဖော့လုံးဖြူဗောင်း) ပိုးပုဝါများကိုပေါင်း၍ (ဒိန်း)အလိုက် ပင်တီးကွက်ခံပြီး လက်ဝါးနှစ်ဖက်ကို တပြေးတည်းစုံယူပြီး တငြိမ့်ငြိမ့် နှင့်လှုပ်ရှား ကပြလေ့ ရှိကာ ခြေလက်ကဟန် ချိုးဟန်များမှာ တစ်မျိုး တစ်ဖုံ ရှိကြပါသော်လည်း ရှေးမြေဝိုင်းကဟန်၊ ဗုံကြီးသံ ကဟန်တို့နှင့် အဆင်တူလှပါသည်။ အမျိုးသမီးများကမူ ပုဝါရှည်ကိုခါး၌ သော်လည်းကောင်း၊ ရင်စည်း၍သော် လည်းကောင်း ကပြလေ့ရှိကြပါသည်။
အချုပ်အားဖြင့်ဆိုရသော် နှစ်ပေါင်း(၈၀)ခန့် နီးပါး တိမ်မြုပ်ပျောက်ကွယ်ဆဲဟုဆိုရသည့် ရှေးရိုးရာ ယန်းအကသည် ယနေ့အခါတွင် ထားဝယ်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် တူးဆွဖော်ထုတ် ထုဆစ်အသက်သွင်းကာ နိုင်ငံတော် အသိအမှတ် ပြုစံနှုန်းဖြင့် ပြည်ထောင်စုတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုအကများအနက် ထားဝယ်တိုင်းရင်းသား ရှေးရိုးရာယန်းအကအဖြစ် ကမ္ပည်းမှတ်ကျောက်တင် နိုင်ခဲ့ပါသည်။