ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

တနင်္သာရီရိုးရာခေါသရပ်ပွဲတော်
Image

        ခေါသရပ်ပွဲတော်သည် တနင်္သာရီမြို့ စတင်တည် ထောင်စဉ်ကတည်းက ကျင်းပလာခဲ့သဖြင့် နှစ်ပေါင်း ထောင်ချီ တည်တံ့နေသော တနင်္သာရီမြို့၏ ဒေသရိုးရာ ပွဲတော်တစ်ခုဟု ဆိုနိုင်ပေသည်။ နှစ်စဉ် တော်သလင်း လပြည့်ကျော်(၄)ရက်နေ့ ရောက်လျှင် တနင်္သာရီမြို့နယ် အတွင်းတွင် ပွဲတော်နေ့အသွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်။ တနင်္သာရီမြို့တည်တံ့ရာမှ အစပြု၍ ယနေ့တိုင် တည်တံ့နေသော ရိုးရာဓလေ့ ခေါသရပ် ပွဲတော်သည် ထားဝယ်ဒေသဝန်းကျင်မှလွဲ၍ တနင်္သာရီ မြို့နယ်မှသည် မြိတ်၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်များ အထိပါ ကျင်းပကြပါသည်။ တနင်္သာရီမြို့တည်စဉ်က ကူညီစောင့်ရှောက်ခဲ့ကြသော နတ်၊ နဂါး၊ နာနာဘာဝ၊ ဖုတ်၊ ပြိတ္တာ၊ သရဲ၊ တစ္ဆေများစသော မကျွတ်မလွတ်သေးသည့် သင်္ဂဟများကို ခေါစာကျွေးမွေး၍ အလှူလုပ်ပေး၊ အမျှဝေခြင်း ပြုလုပ်သည့် နေ့တစ်နေ့ ပင်ဖြစ်သည်။

ခေါသရပ်မုန့်ဆိုသည်မှာ တနင်္သာရီမြို့၏ အထင်ကရ ရိုးရာပွဲတော်နေ့ တစ်ခုဖြစ်သော ခေါသရပ် နေ့အတွက် ပြုလုပ်ကြသည့် ဒေသ၏ရာသီ အစားအစာ သရေစာမုန့်တစ်မျိုးပင် ဖြစ်ပါသည်။

ခေါသရပ်မုန့် ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ် (ကောက်ညှင်းမဲ)၊ ကောက်ညှင်းအဖြူတွင် သကြား(သို့) ဓနိသကြား၊ ဆား၊ နှမ်း၊ အုန်းနို့အရည်၊ ရေနှင့် သမအောင် ရောထိုးရသော ထိုးမုန့်တစ်မျိုးပင်ဖြစ်သည်။ မြေပဲနှင့် အုန်းသီးစိတ်အကြော်များကို ရောထည့်ကြသည်ကိုလည်း တွေ့ရသည်။ ထိုသို့ပြုလုပ်ရာတွင် ပထမဦးစွာ ကောက်ညှင်းအမဲ နို့ဆီဗူး(၂)ဗူးလျှင် ကောက်ညှင်း အဖြူ နို့ဆီဗူး (၁)ဗူး ထည့်ရော၍ ရေဖြင့် ပေါင်းရသည်။ ထိုသို့ပေါင်းရာတွင် တအားပြဲ တအားကျက်အောင် မပေါင်းရပါ။ သင့်တော်သလို အုန်းနို့အရည်ကို ချိန်ဆ၍ အရင်ခမ်းအောင်အပူပေး တည်ရသည်။ အုန်းနို့ကိုင်ရာ တွင်လည်း အဆိမ့်အရသာ ရရန်အတွက် ဆားအသင့် အတင့် ထည့်ပေးရသည်။ ကောက်ညှင်းလည်းပေါင်းပြီး အုန်းနို့အရည်လည်း ခမ်းလာပြီဆိုလျှင် သကြားထည့်၍ ပေါင်းရုံရောသမမွှေ ထိုးပေးရသည်။ ထိုသို့မွှေထိုး‌နေရင်း အသင့်လှော်ထားသော မြေပဲနှင့်နှမ်းကို ထည့်ပေးရသည်။ ကျက်ခါနီးပြီဆိုလျှင် ဆီအနည်းငယ် ထည့်ပေး၍ ကြွပ်နေ အောင်ထိုးမွှေပေးရသည်။ ပါးပါးလှီး၍ ကြော်ထားသော အုန်းသီးကို ထိုးမုန့်ပေါ်ဖြူးလိုက်လျှင် အလွန်မွှေး၊ အလွန် အရသာနှင့်ပြည့်စုံသော အဆင်းရနံ့များစွာဖြင့် ရာသီစာ ခေါသရပ်မုန့်ကို ရရှိပေမည်။

တနင်္သာရီရိုးရာရာသီစာခေါသရပ်မုန့်

ဆရာတော်၊ သံယာတော်များအား ခေါသရပ်မုန့်မျိုးစုံ လောင်းလှူခြင်း

 တနင်္သာရီရိုးရာယဉ်ကျေးမှု ခေါသရပ်ပွဲတော်

တနင်္သာရီရိုးရာယဉ်ကျေးမှုခေါသရပ်ပွဲတော်မြင်ကွင်း

တနင်္သာရီခေါသရပ်ရာဇဝင်

ဘုရားရှင်မပွင့်ပေါ်ခင်က လူအများသည် ရသေ့ များကို အားကိုးအားထားကြရသည်။ သမန္တကုဋေ စက်တော်ရာတောင်၏ အနောက်ဘက်ပင်လယ် သမုဒ္ဒရာ အစပ်မရောက်မီ ထောင့်ကွယ်ရမ္မာဝတီမည်သော နေရာတွင် ရှေးဟောင်းမြို့ပြများ ရှိခဲ့ဖူးသည်။ ယင်းကောသမ္ဗီရမ္မာဝတီမြို့တော်မှ မင်း၏သားတော်နှင့် မင်းဆရာပုရောဟိတ်တို့၏ သားတော်များမှာ အလွန် ချစ်ခင်သော ဖွားဖက်တော်များဖြစ်ကြ၏။ အရွယ်ရောက် လတ်သော် တက္ကသိုလ်ပြည်သို့ ခက်ခဲစွာ   ပညာတော်သင်သွားကြ၏။ 

ပညာပြည့်စုံသော် ပြည်တော်ပြန်၍ မင်း၏သားမှာ ဥပရာဇာအိမ်ရှေ့မင်းဖြစ်လာ၏။ မင်းကြီးလွန်သော် ဥပရာဇာအိမ်ရှေ့မင်းမှာ ဘုရင်ဖြစ်လေ၏။ ပုရောဟိတ် ကြီးမှာ နန်းတွင်းကိစ္စရပ်များအတွက် မင်းဆရာ တင်မြှောက်သော်လည်း ရသေ့ဝတ်၍ ကမ္ဘာပတ်လုံး အသက်ရှည်ကြောင်း အကျင့်ကျင့်ရန် အတွက်သာ အားသန်သည်ဖြစ်၍ မင်းထံခွင့်ပန်ကာ ရသေ့ဝတ်၍ တောသို့ဝင်၏။

ခုနှစ်နှစ်ခန့်ကြာပြီးနောက် ရသေ့မှာ မင်းကြီးထံ ကြွလာ၍ မင်းမှာ များစွာဝမ်းမြောက်၏။ အလိုရှိရာ မိန့်ကြားပါရန် ရသေ့ကြီးအားလျှောက်ရာ ရသေ့ကြီးမှ မင်းကြီးအားနှစ်ယောက်အတူအထူးလျှို့ဝှက်သော“ထုံကူး”မည့်ကိစ္စကို ပြောရာ မင်းကြီးလည်း သဘောတူကာ ထုံကူးမည့်နေရာသို့ကြွလိုက်၏။ “ထုံကူး”ခြင်းသည်အသက် အရွယ်ကို နောက်သို့ပြန်ဆုတ်ခြင်း၊ တန်ခိုးဣန္ဒိပါဒ်များရခြင်းတို့ကို ပြုလုပ်ရသော အစီအရင်ပင်ဖြစ်သည်။ ရသေ့ကြီးက အစီအစဉ်အသေးစိတ်ကို မင်းကြီးအားပြောပြသည်။ “ထုံကူး” ရာတွင် အနှောက် အယှက်များဝင်တတ်သဖြင့် ကြိမ်ဖန်များစွာမှာကြားသော် မင်းကြီးလည်း ကတိအထပ်ထပ်ပြုကာ “ထုံကူး” ခြင်းကို ပြုလေ၏။

ပထမဦးစွာ သံဃဋမည်သော အိုးကြီးကို ဖိုခလောက်ပေါ်တင်ကာ ရေအပြည့်ဖြည့်ပြီး ရသေ့ကြီးက ဃဋအတွင်းဝယ် နေစဉ်အခိုက် မင်းကြီးက ရသေ့ကြီး ပေးထားသော ဆေးသုံးလုံးမှ တစ်လုံးကို အိုးအတွင်းပစ်ထည့်လိုက်ရာ ဃဋအိုးကြီးမှ ရေတို့ အဟုန်ပြင်းစွာ ဆူပွက်လာပြီး ရသေ့ကြီး ပျော်ဝင်သွားပြီး ရေအသွင်ဖြစ် သွားသည်ကို မင်းကြီးမှာ ပြင်းစွာ အံ့ဩတုန်လှုပ်၏။ ဒုတိယမြောက်နေ့တွင် ဒုတိယဆေးလုံးကို ဃဋအိုးကြီး အတွင်းသို့ ပစ်ထည့်လိုက်ရာ ပွက်ပွက်ဆူနေသော ရေတို့သည် ချက်ချင်းအေးခဲလာပြီး ရသေ့ကြီးတစ်ဦးအသွင် ရွှေဝါရောင် အရည်များဖြင့် ဖွဲ့ကာစည်းကာ ရွှေရသေ့ရုပ်တုကြီးပမာ ချက်ချင်း ပြောင်းလဲသွားသည်ကို အံ့ဖွယ်ဘနန်း ထပ်မံ မြင်တွေ့ရသဖြင့် တတိယရက်၌ တတိယဆေးလုံး ထည့်လျှင် မည်သို့မည်ပုံဖြစ်မည်ကို တွေးမိလာ၏။

တတိရက်မြောက်၌ တတိယဆေးလုံးကို ထည့်လိုက်လျှင် တန်ခိုးဣန္ဒိပါဒ်နှင့် ပြည့်စုံသော ရွှေရောင်ရသေ့ကြီး ခုန်ထွက်လာမည်။ တန်ခိုးကြီးမားသူ ဖြစ်၍ မိမိထီးနန်းကို ဩဇာခံပြုထားလျှင် မိမိမျိုးနွယ်စု များမှာ သက်ဦးစံပိုင်စနစ်မှ လျှောကျရမည်။ စသည်ဖြင့် မကောင်းသောအတွေးပေါင်းစုံ ဝင်လာပြီး မင်းကြီးမှ ယင်းအတွေးကို ဖယ်ထုတ်သော်လည်း အံ့ဩခြင်း၊ စိုးရိမ်ခြင်းတို့ကြောင့် တတိယဆေးလုံးကို ဃဋဆေးအိုး ကြီးထဲ မထည့်တော့ဘဲ နန်းတော်သို့ပြန်၏။

ရသေ့ကြီးမှာ ကြီးစွာသော ဒုက္ခဖြစ်စဉ်ဖြင့် ထုံကူးသည့်ကိစ္စ အမှောင့်ပယောဂ ဖြစ်ရသည်ကို မိမိ၏ တပည့်တစ်ဦးအား ဆေးဖော်နည်းကိုပါ အိမ်မက်အသွင် ပြော၍ အကူအညီတောင်း၏။ ထိုတပည့်ကျော် ကူညီသည့် တတိယဆေးလုံးဖြင့် ရွှေရောင်ရသေ့ကြီးသည် ပေါ့ပါး သွက်လက်စွာ ပြန်ထွက်လာခဲ့သည်။ ရသေ့ကြီးလည်း ထိုဃဋအိုးကြီးကို မှောက်လေသောခဏ၌ မင်းနှင့်ပြည် တို့သည် ပျက်စီးကြလေ၏။ ရသေ့ကြီးဃဋအိုးကြီး မှောက်ခဲ့သည့်နေရာကို ဒယ်အိုးကုန်းဟုခေါ်၏။ ဤအနီး အနား တောင်စောင်းတစ်ဝိုက်တွင် သံချက်ဖိုများအသွင် တို့ပျက်စီးနေကြသည်။ ရှေးအခါက ယင်းဘက်မှ တောနက်များသည် ကျက်တီးကုန်းသဖွယ် အလွန်ပင် မြေကြမ်းသည့် နေရာတစ်ချို့ ဖြစ်ခဲ့သည်။ 

သာသနာနှစ် ၉၂၀ တွင် တနင်္သာရီတွင် ထီးနန်းစံသော ကောရမ္ဗမင်းဆက်မှ မဟာဗြမုဒ္ဒရီမည်သော မင်းသည် ထီးနန်းအတွင်းတွင် ပြင်းစွာနာဖျားလေ၏။ နန်း တော်အတွင်း၌လည်း ခြောက်ခြား၏။ နန်းတော်အနောက်တောင်ထောင့် ရှေးမင်းတို့သင်္ချိုင်းမှ အရိပ်ရှည်သော ပုံရိပ်တို့ နေဝင်သည်နှင့် ထလေသည်ကို မြင်ရသဖြင့် ပြည်သူပြည်သားတို့လည်းမည်သို့သောအကြောင်းမသိသဖြင့် စိုးရိမ်ပူပန်ကြ၏။ မင်းကြီးသည်ထီးနန်းအတွက်အဓိပတိဖြစ်သည်။တိုင်းပြည်၏အထွတ်အထိပ်ဖြစ်သည်။ မြေစာကျွေးရန်နှင့် မင်းကြီး ကျန်းမာလာစေရန် သမားတော်ကြီးများက အစွမ်းထက်သောဆေးဖုံတော်များ စီမံရာတွင် ခြ‌င်္သေ့ဖြူဆီ လိုအပ်ပါသည်။ တိုင်းပြည်အတွင်း၌ မည်သို့မျှ ရှာကြံရန်မရနိုင်သဖြင့် သားတော်ကြီးမဟာ ဥပရာဇာမင်းသားက မိမိခမည်းတော်အတွက်ကျေးဇူးဆပ်ရန်ဝမ်းမြောက်ဝမ်းသာတာဝန်ယူ၍ ခါမလင့်မီ တောကြီးသို့ ဝင်၏။

မုဆိုးကျော်တို့ အဆင့်ဆင့်ညွှန်ပြ၍ ခြ‌င်္သေ့ဖြူ ရှိသော ရသေ့ကြီးထုံကူးပြီး ပြည်ဖျက်ခဲ့သော ကြမ်းထော်သည့် မြေကြမ်းနေရာသို့ ရောက်ရ၏။ နေ့စံညခံအသူရကယ်များ၊ ပြိတ္တာများ၊ နတ်နဂါးများကို အဆင့်ဆင့်တွေ့သော် ဘဝ ဟောင်းများစွာက ဆွေမျိုးများဖြစ်၍ ကူညီကြလေ၏။ သူတို့ကူညီမှုဖြင့် ခြ‌င်္သေ့ဖြူကြီးရှိရာ ဂူသို့ရောက်ပြီး  ခြ‌င်္သေ့ဖြူအဆီကို ရယူကာ သိင်္ဂီရွှေခွက်ဖြင့်ထည့်ပြီး ပြည်တော်ပြန်ရာ အဆင့်ဆင့်ပြန်လာခဲ့ပေသည်။

ပြန်လာသည့်ခရီးစဉ် အဆင့်ဆင့်တွင် မူလတွေ့ ခဲ့သည့်ပုဂ္ဂိုလ်တို့ကို တွေ့ရှိခဲ့လေသည်။ မင်းသားက ကျေးဇူးရှိသဖြင့် အလိုရှိသည်များကိုမေးရာ ယင်းပုဂ္ဂိုလ် များက ထောပတ်၊ ဆီထွေး၊ နှမ်း၊ ပဲတို့ဖြင့် ပြုလုပ်အပ်သော မုန့်များကို ဆာလောင်တိုင်း စားသောက်နိုင်ရန် စီမံပေးပါရန် မင်းသားအား ပြောကြားရာ မင်းသားမှ ကတိပြုပြီး နေပြည်တော်ကို သာသနာနှစ် ၉၂၁ တော်သလင်း လပြည့်ကျော် (၁) ရက်နေ့ရောက်၏။ ခြ‌င်္သေ့ဖြူအဆီရ၍ မြေစာကျွေးခြင်းနှင့် မင်းကြီးအား ဆေးဖုံဖော်စပ်ကာ ဆက်လေသော် မင်းကြီးသည် သက်သာခြင်းသို့ရောက် ၏။ အတိတ်ဘဝများက ဆွေမျိုးစုများ အခြေအနေကို လျှောက်ထားရာ မင်းကြီးသည် ချက်ချင်းပင် အမိန့်ထုတ် ပြန်စေပြီး တော်သလင်းလပြည့်ကျော် (၄)ရက်နေ့တွင် နိုင်ငံတော်အခင်းအကျင်းဖြင့် အကျွတ်အလွတ်ပွဲ တစ်မျိုးဖြစ် သော “ခေါစာရပ်” သည့်ပွဲဖြစ်သည့် ခေါသရပ်ပွဲကို စတင် ကျင်းပလေရာ တနင်္သာရီမင်း အဆက်ဆက်တို့ ထိန်းသိမ်း ကြသဖြင့် ယနေ့ခေတ်တိုင်တည်လေ၏။

ခေါသရပ်သည် ထိုင်းရိုးရာဓလေ့မဟုတ်ပါ။ အပြင်ပန်း လေ့လာကြည့်လျှင် တော်သလင်းလပြည့်နေ့တွင် ထိုင်းတို့ ကျင်းပသော “တောင်သာရိုင်း” ဟူသော သေဆုံးသွားသူများကို ရည်မှန်းကာ ကန်တော့ကုသိုလ်ပြုသော ထိုင်းပွဲနှင့် တော်သလင်းလပြည့်ကျော် လေးရက် နေ့၌ကျင်းပသော တနင်္သာရီခေါသရပ်မှာ တူသယောင် ဖြစ်သော်လည်း “ခေါသရပ်” ဟူသော ဝေါဟာရသည် ထိုင်း၌မရှိ။ ထိုင်းအဘိဓာန်တွင်လည်း မတွေ့ရပါ။ ခေါသရပ်သမိုင်းကို ဝေါဟာရသမိုင်းနှင့် ဆက်စပ်၍ တနင်္သာရီသား ဒေါက်တာနွေရွှမ်းဦး၏ ခေါသရပ်ရှင်းတမ်း အကျဉ်းကို အောက်ပါအတိုင်း ထပ်ဆင့်ရှင်းလင်းရပါ သည်။

ခေါသရပ်ဟူသော ဝေါဟာရသည် မြန်မာ့    ဝေါဟာရ ဒေသစကားလုံးဖြစ်ပြီး၊ တနင်္သာရီကိုယ်ပိုင် ရိုးရာဓလေ့ စစ်စစ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ “ခေါ” သည်ခေါပစ်ခြင်း၊ ခေါစာကျွေးခြင်း အဓိပ္ပာယ်ဖြစ်ပြီး ခေါစာကျွေးရန်အတွက် အလှူရပ်ခံသည်ဟု အဓိပ္ပာယ် ရပါသည်။

“ခေါစာရပ်”သည်ဟူသော စကားလုံးမှ ဆင်းသက် လာခြင်းဟုမှတ်ယူနိုင်သည်။ ရှေးအခါ ကခေါသရပ်နေ့ အဖိတ်ညများတွင် ရွာစဉ်အိမ်စဉ် တစ်လျှောက် ခေါစာမုန့် များကို အလှူရပ်ခံ၍ အလှူလုပ် အမျှဝေခဲ့ကြသည့် ဓလေ့ဖြစ်သည်။ စာမှ “သ”အက္ခရာအစား ဝင်လာပြီး “ခေါစာရပ်”မှ ကာလကြာသော် “ခေါသရပ်”  ဖြစ်လာခြင်း သာဖြစ်သည်။ ဒေသတွင် ထိုစကားလုံး၊ ထိုရိုးရာကို ထိုင်းမှ ဆင်းသက်လာသည်ဟူ၍ တွေးထင်သူကများ သည်။ ထို့ကြောင့် ထိုင်းဘာသာစကားသိ နားလည်သူများနှင့် တွေ့ဆုံပြီး“ခေါ”ဟူသော စကားလုံးသည် ထိုင်းစကားလုံး များတွင် ဆက်နွယ်မှု ရှိ/မရှိမေးမြန်းခဲ့သည်။ “ခေါ” ဟူသော စကားလုံးသည် သူတို့ဘာသာစကားတွင် ခေါခိုင်၊ ခေါခွပ်၊ ခေါခွိုင်၊ ခေါခွန်၊ ခေါရစန်း စသော “ခ” အသံကို ကိုယ်စားပြုသော အက္ခရာများရှိပြီး ထိုစကားလုံးနှင့် အသံတူ နိုင်ချေရှိသော “ခေါ (ခွန်)” စကားလုံးရှိပြီး သီးသန့် တစ်လုံးတည်းသုံးလေ့မရှိပါ။

ဥပမာ-(၁) ခေါဘ် ခေါ မားခ် အထူးကျေးဇူး တင်ပါတယ်။ (၂) ခေါဖီ ဖာချဲဒ်နားမိုင်၊ ခင်ဗျားမှာ လက်ကိုင်ပုဝါရှိပါသလား။ (၃) ခေါဟိဝ်မိုင်၊ ခင်ဗျား ဗိုက်ဆာနေပြီလား။ (၄) ခေါ ခေါင့် ကျိုင်ဖစ်ဒ်၊ ခင်ဗျား မှားနေပြီ စသဖြင့် “ခေါ”ကို Personal Pronouns(သင်၊ မင်း၊ ခင်ဗျား၊ ဦး၊ ဒေါ်နှင့် အမည်နာမကို မသိသော အခါများ၌ နာမ်စားစကားလုံး တစ်ခုဖြင့်သာ သုံးသည် ဟုလေ့လာ သိရှိရသည်။ “ခေါ = ခေါစာပစ်ခြင်း” ဟူ၍ အဓိပ္ပါယ်တူ အသံထွက် ယူထားခြင်းမျိုးလည်း မဟုတ်ကြောင်း သိသာထင်ရှား လှပေသည်။ တနင်္သာရီ ဒေသတွင်အသုံးပြုသော ခေါသရပ်(ခေါစာရပ်)နှင့် ဆင်တူသော စကားလုံးကို ထိုင်းဘာသာစကားတွင် သီးသန့်မတွေ့ရပေ။ ထို့ကြောင့်ကိုယ့်ဒေသ၊ ကိုယ့်ရိုးရာကို သူများဓလေ့၊ သူများအစားအစာအဖြစ် တလွဲမမှတ်ယူ သင့်ကြောင်း သိရပေမည်။ တနင်္သာရီရိုးရာယဉ်ကျေးမှု ပွဲတော်ဖြစ်သော ခေါသရပ်ပွဲတော်သည် အသား သတ်ဖြတ် ခေါပစ်ခြင်းဓလေ့မဟုတ်ဘဲ ခေါသရပ်မုန့်မျိုးစုံ လုပ်၍ ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကိုလှူဒါန်းပြီး အလှူပြုလုပ်အမျှဝေပွဲမျိုးသာ ဖြစ်သဖြင့် ကုသိုလ်ဖြစ်မှုကိုသာ ဦးတည်သည့်ကုသိုလ်ပြုပွဲ ဓလေ့ လည်းဖြစ်သည်။ ထို့အပြင် သမိုင်း၊ ရာဇဝင်နှင့် ချစ်စရာ ဓလေ့အငွေ့အသက်များပါသော တနင်္သာရီရိုးရာ ရာသီစာ 

     ခေါသရပ်မုန့်၏ အရသာထူးကဲပုံကို ဒေသသို့ အလည်လာ ရောက်သူများသို့ မိတ်ဆက်ပေးနိုင်ရန် လိုအပ်ပေသည်။ ခေါသရပ်ပွဲတော်ကို တနင်္သာရီကိုယ်ပိုင် ယဉ်ကျေးမှု အဖြစ် သိရှိနားလည်လျက် နောက်ထပ် နှစ်ပေါင်းများစွာ ရှင်သန် နေ‌အောင် ထပ်ဆင့်စောင့်ရှောက်၍ ဆက်လက် ကျင်းပသင့် ပေသည်။  

  “ခေါသရပ် ဓလေ့သည် မဟာဗြမုဒ္ဒရီမင်း လက်ထက်မှ ဆင်းသက်လာခဲ့ပေရာ ယခုအခါ သာသနာ ၂၅၆၅တွင် (၉၅၃)နှစ် ရှိခဲ့ပြီဖြစ်သည်။ တနင်္သာရီ ပြည်၏ ရှည်လျားသောသမိုင်းရာဇဝင်အရ ကျင်းပလာသော ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် ခေါသရပ်ပွဲတော်သည် ယနေ့တိုင် ထားဝယ်ဒေသမှလွဲ၍ တနင်္သာရီ၊ မြိတ်၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်များ တွင်ပါ ကုသိုလ်ပြု ကျင်းပကြရာ တနင်္သာရီမင်းနှင့် ပြည်သူတို့၏ ကောင်းမြတ်သော အမွေအနှစ်ပင် ဖြစ်ပါ သည်။