ခူမီး(ချင်း)လူမျိုးတို့သည်တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်ဖြစ်ရာ တောင်ယာနတ်ပူဇော်ခြင်း၊ ကောက်သစ်စားပွဲ၊ တအိုက်စားပွဲ (ခ) ကောက်သိမ်းပွဲနှင့် နှစ်သစ်ကူးပွဲစသည်ဖြင့် အချိန် ရာသီ အလိုက် ပွဲတော်များကို ကျင်းပကြလေသည်။ခူမီး(ချင်း)ဘိုးဘေးတို့သည် နက္ခတ်တာရာများနှင့် နေ့ရက်၊ လအမည်များကို သတ်မှတ်မှည့်ခေါ်ကြရာ၌ လအမည်များကို အောက်ပါ အတိုင်းမှည့်ခေါ်ကြပေသည်။
စဉ် အစဉ် လိုက် ခူမီးလအမည် အင်္ဂလိပ် လအမည် မြန်မာလ အမည်
၁ နှစ်ဆန်း/ပထမ လီလုလို(Lilu Lo) ဒီဇင်ဘာလ နတ်တော်လ
၂ ဒုတိယလ တရမ်လို(Tara mo) ဇန်နဝါရီလ ပြာသို
၃ တတိယလ ဒီတိုးလို(9dito Lo) ဖေဖော်ဝါရီ တပို့တွဲလ
၄ စတုတ္ထလ ဒီပွီးလို(Dipui Lo) မတ်လ တပေါင်းလ
၅ ပဉ္စမလ ပရောက်လို(Parau) ဧပြီလ တန်ခူးလ
၆ ဆဌမလ ဆမ်မောက်လို (Sau Lo) မေလ ကဆုန်လ
၇ သတ္တမလ ပေါက်ဟူလို (Pauu Lo) ဇွန်လ နယုန်လ
၈ အဌမလ ပရိုက်လို (Parai Lo) ဇူလိုင်လ ဝါဆိုလ
၉ နဝမလ ကောက်လို (Kau Lo) ဩဂုတ်လ ဝါခေါင်လ
၁၀ ဒဿမလ ကာဖိုလို (Kapho Lo) စက်တင်ဘာလ တော်သလင်းလ
၁၁ ဧကဒဿမလ ကစ်လို (Kiep LO) အောက်တိုဘာလ သီတင်းကျွတ်လ
၁၂ ဒွာဒသမလ တလန်ငွေလို (Tlang ngawi Lo) နိုဝင်ဘာလ တန်ဆောင်မုန်းလ
ခူမီး (ချင်း)လူမျိုးတို့သည် နှစ်ဆန်းပထမလကို လီ လု လို (Lilu Lo) ဟု ခေါ်၍အင်္ဂလိပ်တွင်ဒီဇင်ဘာလနှင့် မြန်မာ၌ နတ် တော်လနှင့်တူညီပြီး နှစ်ကုန်လ မှာ တလန်ငွေ လို (Tlang ngawi Lo) ဖြစ်၍ သင်္ချိုင်း ပွဲကို ကျင်းပကာ တစ် နှစ်တာ ကုန်ဆုံးလေသည်။ သို့ဖြစ်၍ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ တောင်ယာခုတ်ထွင်ခြင်း၊ မတ်လတွင် တောင်ယာမီးရှို့ပြီး ဧပြီလတွင် စပါးနှင့်သီးနှံမျိုးစုံတို့ကိုတောင်ယာတွင်မျိုးစေ့ချ၍စိုက်ပျိုးကြသည်။ မိုးတွင်းကာလ၌ တောင်ယာပေါင်းမြက်ရှင်းလင်းပြီးတောင်ယာစပါး ဝင်းမှည့်လာလျှင် ကောက်သစ်စားပွဲ ကျင်းပ၍ စပါးများကို ရိတ်သိမ်းလေသည်။
ခူမီး(ချင်း)လူမျိုးတွင် နှစ်သစ်ကူးပွဲတော် ကျင်းပရ ခြင်းပုံပြင်တစ်ပုဒ်ရှိခဲ့သည်။ရှေးအခါကလုလင်ပျို “လောင် ဒန်” (Leaung Dyhn)နှင့်လုံမပျို“အင်လုံ” (Ang Leung)တို့မှာ သမီးရည်းစားဘဝဖြစ်၍ မြစ်ချောင်း၏ သောင်ပြင်၌ ငါးဖမ်းကြ ပြီးတစ်ဦးကိုတစ်ဦးချစ်မဝ၊ရှုမဝဖြစ်ကြလေသည်။ထိုအချိန်တွင် ဖခင်က လုံမပျို အင်လုံ ၏ လက်မကိုဓားဖြင့်ခွဲပြီး သွေးထုတ်ကာစပါးကျီအလယ်မှာသွေးကျသောကြောင့်လုံမပျိုအင်လုံသည်“စပါးကျီစောင့်နတ်”အဖြစ်ကူပြောင်းသွားရလေတော့ သည်။
ညနေစောင်းအချိန်မှာ ချစ်သူ “လောင်ဒန်” သည် လုံမပျို “အင်လုံ” ကို “ညီမရယ် အိမ်ပြန်ကြရအောင်” ဟုခေါ် သောအခါ လုံမပျို “အင်လုံ” က “အဖေက ကျွန်မ ကို ကောက်သစ်စားပွဲ (ခ) စပါးကျီစောင့် နတ် အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်လို့ ကျွန်မအိမ်ပြန်လို့မရတော့ ဘူး၊ စပါးကျီ စောင့်နတ်ဘဝဖြင့် ရှင့်ဆီကို ကျွန်မလာခဲ့ မယ်” ဟုဖြေကြားလေသည်။ လုံမပျို“အင်လုံ”ကစပါးကျီစောင့် နတ်ဘဝဖြင့် လုလင်ပျို “လော်ဒန်” ကို မှာကြား ခဲ့ရာ၌ ရှင် ဟာအစားအသောက် ကျင့်စဉ်ကို ပြုလုပ်ပြီး ရှောင် ကြဉ်ပါ။ ဒီလိုကျင့်စဉ်ပြုလုပ်၍ စပါး ကောက်သိမ်းပြီးတဲ့အခါမှာ တအိုက်စားပွဲကို ပြုလုပ်ကာ နှစ် သစ်ကူးပါ။ တအိုက်စားပွဲ(ခ) နှစ်သစ်ကူးမှာ ကျင့်စဉ်အဖြစ် ရှောင် ကြဉ် ခဲ့သမျှသော အသားငါး၊ အသီးအနှံများ အားလုံးကို ပြန်လည်စားသုံးပါ” ဟူ၍ ဖြစ်သည်။
ထိုအခါလုလင်ပျို“လောင်ဒန်”သည်ချစ်သူ“အင်လုံ” မှာကြားခဲ့သည့်အတိုင်းတအိုက်စားပွဲ(ခ)နှစ်သစ်ကူးပွဲ ကို ကျင်းပပြုလုပ်ခဲ့သောကြောင့်ထိုအချိန်မှစ၍နှစ်သစ်ကူးပွဲတော်ကိုခူမီး(ချင်း)လူမျိူးများစတင် ကျင့်သုံးလာခဲ့ကြောင်း ရှေးခူမီး (ချင်း) လူကြီးသူမများက ဆိုကြလေသည်။
လုံမပျို “အင်လုံ” မှာစပါးကျီစောင့်နတ် ဖြစ်သွား သဖြင့် လုလင်ပျို“လော်ဒန်”သည် လူပျိုဘဝဖြင့် ၃နှစ် ၃မိုး နေထိုင်ခဲ့ပြီး အိမ်ထောင်ပြုရန် စဉ်းစားသောအခါ လုံမပျို “အင်လုံ” ကဲ့သို့ ချောမောလှပသူကို မတွေ့ရ သောကြောင့် စပါးပွင့်ချိန်မှာ ပွင့်သော ခတ္တာပန်း (Tleaung Sen Pau) ဘဝသို့ ကူးပြောင်းရန်ဆုပန်၍ လုလင်ပျို “လော်ဒန်”သည် ခတ္တာပန်းအဖြစ် ဘဝကူး ပြောင်း သွားလေသည်။
အောက်တိုဘာလတွင် တအိုက်စားပွဲ (ခ) နှစ်သစ် ကူးပွဲကို ပျော်ရွှင်စွာ ကျင်းပကြသည်။သတ်မှတ် သည့် နေ့ရက်တွင် တအိုက်စားပွဲ(ခ)နှစ်သစ်ကူးပွဲကို ခူမီးလူမျိုး တို့သည် မြန်မာစကားတွင် “လှည်းနေလှေအောင်း မြင်း စောင်းမကျန်” ဆိုသကဲ့သို့ အိမ်တိုင်းအိမ်တိုင်း အောက်ပါ အစီအစဉ်အတိုင်း ကျင်းပကြလေသည်။ တအိုက်စားပွဲ မတိုင်ခင် အောက်ပါတို့ကို ကြိုတင်ပြင်ဆင် ထားကြရသည်။
(၁) အင်္ဂါစုံလင်သော အမဲရောင်ကဏန်း အဖိုအမ တစ်စုံကို ရှာဖွေထားရသည်။
(၂) ငါးရံ့ငါးနှစ်ကောင်ကိုလည်း ရှာဖွေထားရသည်။
(၃) ခေါင်ရည်များကို ခေါင်အိုးဖြင့် အသင့်ပြုလုပ် ထားရသည်။
(၄) ဆန်မုန့်အနှစ်ရည်ပက်ဖြန်းရာ၌ အသုံးပြုရန် အတွက် အန်စန် (Angchang) နွယ်ပင် အညွန့်၊ ဘောင်နိန်း(Heing Kaseaung) အညွန့်တို့ကို စုဆောင်းထားရှိရသည်။
တအိုက်စားပွဲနေ့ရက်တွင် အမဲရောင်ကဏန်း အဖို အမ တစ်စုံနှင့် ငါးရံ့ ငါးနှစ်ကောင်ကို ရေလုံပြုတ် ၍ချက်ရသည် ။ ငပိ၊ဆားလုံးဝမထည့်ရချေ။ အခြား ဟင်း လျာများကို ငပိ၊ ဆားထည့်၍ ချက်နိုင်သည်။နံနက်စာ မစားမီ ထမင်းခူး ထားသော လင်ပန်း(Bikheaung) အလယ်တွင် ကဏန်းနှင့် ငါးရံ့ရေလုံပြုတ် ဟင်းခွက်ကို လည်းကောင်း၊ အခြားဟင်း ချက်များကိုထားရှိပြီး ငှက် ပျောရွက်ဖြင့် ဖုံးအုပ်ထားရသည်။ အိမ်ရှင်အမျိုးသား သည် ဆန်မုန့်အနှစ်ရည်တွင် အန်စန်၊ ဘောင် နိန်းနှင့် အမြဲစိမ်း ပန်းပင်အညွန့်တို့ကို နှစ်၍ နေအိမ် အနောက်ဘက် မျက် နှာစာနေရာမှ နေအိမ် ရှေ့ဘက်မျက်နှာ စာသို့ ဆန်မုန့် အနှစ်ရည်ကို ပက်ဖြန်းလျက် “နတ်ကောင်း နတ်မြတ် များ ဝင်ရောက်လာပါ၊ မင်္ဂလာ အပေါင်းလည်း ဝင်ရောက် လာကြပါ”ဟု မြွတ်ဆိုရလေသည်။
ထိုသို့ ပြုလုပ်ပြီးသောအခါ မိသားစုအားလုံးသည် ထမင်းလင်ပန်း၌ဝိုင်းရံထိုင်ကြ၍အိမ်ထောင်ဦးစီးအမျိုးသားကကဏန်း လက်မကိုအစပြုစားသုံးပြီးမိသားစုဝင်အားလုံးတို့ကလည်း ကဏန်းလက်မကိုစားကြရ သည်။ အိမ်ထောင်ဦးစီး သည် မိသားစုဝင်အားလုံးကို လက်ယာကဏန်းလက်မ ဖြင့် တို့ထိပေးရသည်။ အကယ်၍ မိသားစုထဲမှ တစ်ဦးဦး ခရီးလွန်၍ မရှိပါက သူ ရောက်ရှိ သောအခါ တို့ထိပေးရန်အတွက် ကဏန်း လက်မကို ထားရှိရသည်။
တအိုက်စားပွဲနေ့တွင် တစ်နေကုန် ကျင့်စဉ် ပြု လုပ် ကြရသည်။ အလုပ်အကိုင်မပြုလုပ်ဘဲ ခေါင်ရည် သောက်သုံးကြသည်။နောက်တစ်ရက်နေ့တွင်ပွဲပြီးမြောက် လေသည်။ အိမ်ထောင်ဦးစီးသည် တောင်ယာစပါးနှင့် သီးနှံများ ကောင်းမွန် ဖြစ်ထွန်းအောင်မြင်စေရန်တွင် ပြန်လည်စားသုံး ခွင့်ရရှိ သည်။
အောက်တိုဘာလတွင်တအိုက်စားပွဲ(ခ)နှစ်သစ်ကူး ပွဲကို ကျင်းပပြီးစီးလျှင် နိုဝင်ဘာလ (တလန်ငွေ လို-Tlangngawi Lo)တွင် သင်္ချိုင်းပွဲကို ကျင်းပကြသည်။ နိုဝင်ဘာလ (တလန်ငွေိလို) သည် ခူမီးလူမျိုးတို့၏ နှစ် ကုန်လဖြစ် သောကြောင့် နှစ်ဟောင်းကုန်ဆုံးခြင်းသို့ ရောက်ရှိ လေသည်။
ရှေးအခါက တအိုက်စားပွဲပြီးဆုံးလျှင် နှစ်ကုန်၍ နှစ် သစ် ကူးသည်ဟု ထင်မြင်ယူဆခဲ့ကြသော်လည်း နှစ် ကုန်ဆုံး ခြင်းမှာ နိုဝင်ဘာလ (တလန်ငွေလို) ဖြစ်သော ကြောင့် ဒီဇင်ဘာလ(၁)ရက်နေ့သည် နှစ်ဆန်းတစ်ရက်နေ့၊ နှစ်သစ်ကူး ဖြစ် ကြောင်း သတ်မှတ်ခဲ့ကြ လေ သည်။ နှစ်သစ်ရောက်သောအခါ တောင်ယာ သစ် ခုတ် ထွင်ခြင်း၊ နေအိမ်သစ်ဆောက် လုပ်ခြင်း၊ ခရီးဝေးသွား ခြင်း၊ လုပ်ငန်းသစ်များ လုပ်ဆောင်ခြင်း တို့ကို ဆောင် ရွက်လေ့ရှိကြသည်။ နှစ်ကုန်လဖြစ်သော နိုဝင်ဘာလ (တလန်ငွေလို)တွင်သင်္ချိုင်းပွဲ(အမင်္ဂလာ )ရှိခြင်းကြောင့်တောင်ယာသစ်ခုတ်ထွင်ခြင်း၊နေအိမ်သစ်ဆောက် လုပ်ခြင်း၊ ခရီးဝေးသွားခြင်း၊ လုပ်ငန်းသစ်များ လုပ်ဆောင် ခြင်းတို့ကို ရှောင်ကြဉ်ကြရသည်။
ထို့ကြောင့် ခူမီး(ချင်း)လူမျိုးတို့သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်ဝမ်း မြောက်စွာဖြင့် ကျင်းပကြပြီး ခူမီး(ချင်း) ရိုးရာအက ပြိုင်ပွဲ၊ သီးချင်း ဆိုပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ အဆိုအက ပြိုင်ပွဲနှင့် ဟောပြော ပွဲများကိုလည်း ကျင်းပကြသည်။ ခူမီး(ချင်း) ရိုးရာနှစ်သစ်ကူး ပွဲတော်၌ ရိုးရာခေါင်ရည်များ သောက်သုံးလျက်ပျော်ရွှင်စွ ကခုန်မြူးထူးကြလေသည်။ ခူမီး(ချင်း)လူမျိုးတို့သည် ရိုးရာမပျက်၊နှစ်စဉ်နှစ်တိုင်းနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ လ(၁)ရက်နေ့တွင် ကျင်း ပမြဲကျင်းပ လျက်ရှိပေသည်။