မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမ တောင်ပေါ် အရှိုချင်းကျေးရွာများ၌တောင်ယာစပါးစိုက်ပျိုးပြီးတော်သလင်း လတွင် ရိုးရာလေနတ်ပူဇော်ပွဲ (အလျှောခွန်နတ်ပွဲ)ကိုယခင်ကပြုလုပ်လေ့ရှိကြပါသည်။ ယခုချိန်တွင် တောင်ယာခုတ်ခြင်းမရှိတော့ဘဲ ငှက်ပျောပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။
လေနတ်ပူဇော်ပွဲ (အလျှောခွန်နတ်ပွဲ) ပြုလုပ်ရ ခြင်းမှာ လေတိုက်၍ တောင်ယာ စပါးများပျက်စီးဆုံးရှုံးမှု မရှိအောင်ပူဇော်ခြင်းဟုယုံကြည်ခြင်းကြောင့်ဖြစ်ပါသည်။
လေနတ်ပူဇော်ပွဲ(အလျှောခွန်နတ်ပွဲ)မှာပတ်ဝန်းကျင်နီးစပ်ရာတောင်ယာပိုင်ရှင်များစုပေါင်းပြုလုပ်ရသည့်ပွဲဖြစ်ပြီးနှစ်စဉ်ရွာလယ်နတ်ပွဲမတိုင်ခင် ပြုလုပ်ရ သည့် ပွဲဖြစ်ပါသည်။
လေနတ်ပူဇော်ပွဲ (အလျှောခွန်နတ်ပွဲ) ပြုလုပ်ရန် ဝက်တစ်ကောင်၊ ခေါင်ရည်အိုး (၂)လုံး၊ ကြက်(၂) ကောင်၊ ခွေး(၁)ကောင်၊ကြက်ဥ(၂)လုံးကို ကြိုတင် ပြင်ဆင်ထား ရပြီး ထိုတောင်ယာဇုံ(ပတ်ဝန်းကျင်တောင်ယာခင်း) များ တွင်ပါဝင်သော တောင်ယာပိုင်ရှင်များက ကုန်ကျစရိတ် ကိုခွဲတမ်းကျ ကျခံကြရပါသည်။ ထိုပွဲကို အမျိုးသမီးများ လိုက်ပါ ခွင့်မရှိပါ။
လေနတ်ပူဇော်ပွဲ (အလျှောခွန်နတ်ပွဲ) မပြုလုပ်မီ တစ်ရက်ကြိုတင်ပြီးတောင်ယာရှင်များက မိမိ တောင်ယာ စပါးခင်းမှ စပါးပျိုးပင်လက်တစ်ဆုပ်စာနှင့် ချည်ခင်တစ်ခင်စီ ပြင်ဆင်ထားရပါသည်။
လေနတ်ပူဇော်ပွဲ(အလျှောခွန်နတ်ပွဲ)ပြုလုပ်သည့် နံနက်ပိုင်းတွင် နတ်စင်နှင့်အတူ အလျှောအိမ် (အလျှော ခွန်နတ်ကို ရည် စူး၍ ပြုလုပ်သည့်နတ် အိမ်ငယ်) အသေး တစ်လုံးနှင့် အကြီးတစ်လုံး၊ ဘီလူးအိမ်(အလျှောခွန်နတ်နှင့်အတူ ပါသည့်နတ်ဆိုးဘီလူးအားရည်စူးသည့် ဝါးအိမ်ငယ်) တစ်လုံး၊ စောင်ခွန် (စပါးကောင်းမွန်အောင် စောင့် ရှောက်ပေးသည့် နတ်ကိုရည်စူးသည့် ဝါးအိမ်ငယ်)တစ်လုံး၊ကလွေတွီ(ရေထည့်၍ရသည့်ဝါးကျည်တောက်ငယ်)တစ်လုံး၊အခေါ်(ဝါးခြမ်းပြား) ၊အခေါ်ပလာ (ဝါးခြမ်းပြား ငယ်)၊ စသည့်အရာများ ပြုလုပ်၍ နတ်စင်အောက်တွင် ထားရသည်။ ထို့အပြင် အခေါ်၊ အခေါ်ပလာ ဝါးခြမ်းပြား များကို နတ်စင်ပေါ်တွင်လည်း တင်ထားရသည်။ လောင် ဖူ (သစ်သားနှင့် ပြုလုပ်ထားသည့် ဖိုခနှောက်)လည်း ပြုလုပ် ထားရသည်။
ခေါင်ရည်အိုး(၂)လုံးအားပြင်ဆင်၍မီးမွှေးကြက်ဥပြုတ်ပြီးနတ်စင်ပေါ်တွင်တင်ထားရသည်။ထို့နောက်ပဆန်းဆရာ(နတ်ဆရာ)မှ စတင်ပဆန်းပွယ်(ပဆန်းရွတ် ဆိုခြင်း) ရတော့သည်။ဝက်အရှင်အား ပဆန်းဆရာ (နတ် ဆရာ)မှပဆန်းပွယ် (ပဆန်းရွတ်ဆိုခြင်း)ပြီးသည့်အချိန်တွင် ဝိုင်းဝန်းလုပ်ဆောင်သူများမှ ချက်ပြုတ်ပြီးအသားတုံးများကိုနတ်စင်ပေါ်တင်ထားရပါသည်။ ထိုသို့ ပြုလုပ် နေစဉ် ပဆန်းဆရာမှခေါင်ရည်အား ပဆန်းပွယ် ပြီး
တောင်ယာနတ်အားပင့်ဖိတ်၍ရည်စူးသောက်သုံးစေပါသည်။ထိုမှတစ်ဆင့် ပဆန်းဆရာ၊ အိမ်ရှင်(နတ်ပွဲသုံးခါပြုလုပ်ရသော တောင်ယာရှင်က အိမ်ရှင်အဖြစ် ခံယူရသည်)နှင့် လာရောက်သူများ (ပတ်ဝန်းကျင် တောင်ယာ ပိုင်ရှင်များ)ဟူ၍ အဆင့်ဆင့် သောက်သုံးကြရပါသည်။ ထိုသို့ခေါင်ရည်သောက်သုံးပြီးနောက်တွင် ပဆန်းဆရာမှ ယလောက်(ပဆန်းဆရာမှ ခေါ်သော ခေါင်ရည်မြည်း ကြည့်မည့်သူ)နှင့်နှစ်ယောက်တစ်တွဲသုံးကြိမ်အလှည့်ကျ ခေါင်ရည်ကိုသောက်သုံးစေပါသည်။ ယလောက်များ မှာ အငိုင်ယလောက်(လူငယ်နှစ်ယောက်)၊ အိမ်ရှင်ယလောက်(အိမ်ရှင်ခံယူသူနှင့် အခြားတစ်ယောက်)၊ပဆန်းဆရာယလောက် (ပဆန်းဆရာနှင့်အခြားတစ်ယောက်) ဟူ၍ သုံးမျိုးရှိပါသည်။
ယလောက်များအလှည့်ကျ ခေါင်ရည်သောက်သုံး အပြီးတွင် ပဆန်းဆရာမှ ကြက်တစ်ကောင်အား ထပ်မံ ပဆန်းပွယ် (ပဆန်းရွတ်ဆိုခြင်း) ရပါသည်။ ထိုကြက်ကို ‘ခိုကြက်’ ဟုခေါ်ပြီး ဝိုင်းဝန်းလုပ်ဆောင် သူများမှ ချက် ပြုတ်၍ နတ်စင်ပေါ်တင်ကြရပါသည်။ ဆက်လက်၍ ပဆန်းဆရာမှ ကြက်တစ်ကောင်အား ထပ်မံပဆန်းပွယ် ရပြန်သည်။ ထိုကြက်ကို အလျှောကြက်ဟုခေါ်သည်။ထို့နောက်ဝိုင်းဝန်းလုပ်ဆောင်သူများမှကြက်ကိုသတ်၍ကလီစာ၊သည်းခြေ၊ တောင်ပံအဖျားများကိုယူပြီး နတ်စင် အောက်တွင်ထားသော အလျှောအိမ်ထဲတွင် ထည့်ရပါသည်။အလျှောကြက်အား ချက်ပြုတ်နေစဉ် ပဆန်းဆရာ မှ ကြက်ဉအားပဆန်းပွယ်၍ ယလောက်ရှင်မှအခွံခွာပြီး နတ်စင်အောက်တွင်ထားသောဘီလူးအိမ်နှင့်အလောင် ယိုင်အိမ်ထဲသို့ တစ်လုံးစီထည့် ပေးရပါ သည်။
အလျှောကြက်ဖြင့် ချက်ပြုတ်သော ဟင်းကို အလျှောဟင်းဟုခေါ်ပါသည်။အလျှောဟင်းကျက်သော အခါ အသားတုံးများအား နတ်စင်ပေါ်တင်ပြီး နတ်များ စားသုံးစေခြင်းအလို့ငှာ ရည်စူးပူဇော် ပသပေးရသည်။
ထို့နောက်ခွေးအားဖမ်း၍ သတ်ဖြတ်ပြီး ဝိုင်းဝန်းလုပ်ဆောင်သူများမှ ခေါင်း၊ ခြေသည်း၊ လက်သည်းများဖြတ်၍ အလျှောအိမ်အကြီးထဲသို့ ထည့်ပေးရသည်။ ဆက်လက်ပြီး အလျှောသွားပို့ ကြသည်။ အလျှောပို့ရာတွင် နတ်စင်အောက်တွင်ထားသော အလျှောအိမ်အကြီးနှင့် အငယ်၊ကြက်ဥထည့်ထားသည့်ဘီလူးအိမ်နှင့်အလောင် ယိုင်အိမ်များကို တောင်ယာဇုံ၏ တစ်ဖက်ကျော သို့ပို့ဆောင်ကြရသည်။အလျှောပို့ခြင်းကိုအလျှောနတ်၊ ဘီလူးနတ်၊အလောင်ယိုင်နတ်တို့အားပြန်လည်ပို့ဆောင်သည် ဟုလည်း အဓိပ္ပာယ်ရပါ သည်။