ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မင်းတပ်မြို့နယ် ချို (ချင်း) မျိုးနွယ်များ၏ “ကုမ်သီ” ရိုးရာဓလေ့ပွဲတော်
Image

     ချင်းပြည်နယ်အတွင်း နေထိုင်ကြသော မျိုးနွယ်စု တိုင်းသည် မိမိတို့၏ ရိုးရာဓလေ့ပွဲတော်များကို နှစ်စဉ် နှစ်တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြသည်။ မြို့နယ်(၉)မြို့နယ် ရှိသည့်အလျောက် မြို့နယ်တစ်မြို့နယ်စီ၌ ထင်ရှားသောပွဲတော်များ ပိုင်ဆိုင်ခဲ့ကြသည်။ ထိုနည်းတူ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တွင်ရှေးပဝေသဏီမှကျင်းပသောရိုးရာပွဲတော်မှာ ကုမ်သီပွဲတော်ဖြစ်သည်။ မင်းတပ်မြို့နယ်သည် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တစ်မြို့နယ်ဖြစ်၍ အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် မတူပီမြို့နယ်၊ တောင်ဘက်တွင်ကန်ပက်လက်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ 

ကုမ်သီပွဲတော်သည် ချို(ချင်း)မျိုးနွယ်များ၏  အထင်ကရပွဲတော်များမှ တစ်မျိုးဖြစ်သည်။ ချို (ချင်း) မျိုးနွယ်များနေထိုင် သည့် ကျေးရွာအလိုက် စုစုဝေးဝေးညီညီညွတ်ညွတ် ဖြင့် စားသောက်ဖွယ်ဆန်နှင့် ခေါင်ရည်များကို စုစည်း၍ ကျေးရွာ၏ ဦးဆောင်သူ(နတ်ဆရာ) အိမ်တွင် နှစ်သစ်ကူးမင်္ဂလာ(ကုမ်သီ)ပွဲတော်ကျင်းပခြင်းဖြစ်သည်။ နှစ်ဟောင်း၌ ကြုံတွေ့ရသော အကောင်းအဆိုးများအားလုံးကို နှစ်ဟောင်းတွင်ချန်လှပ်ထား၍ နှစ်သစ်၌မင်္ဂလာတရားနှင့်အညီ သစ်လွင်သော စိတ်ဓါတ်၊ အတွေ့အကြုံ ကောင်းအသစ်များကို ကြိုဆိုကာမျိုးနွယ်စုများအားလုံးဘေးရန်ကင်းခြင်း၊ဆန်ရေစပါးတိုးပွားခြင်းစသည်တို့အတွက် စုပေါင်းပြီး နှစ်သစ်အတွက် ဆုတောင်း (နတ်ပူဇော်) ခြင်းဖြစ်သည်။

     ကုမ်သီပွဲတော်ကို တောင်ယာဟောင်းမှသီးနှံများ ရိတ်သိမ်းပြီးရွာရှိ စပါးကျီ၌ သယ်ယူစုဆောင်းသိုလှောင် ပြီး၍ တောင်ယာသစ်လုပ်ငန်းအတွက် လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်သည့်ကာလဧပြီ(၁)ရက်မှ (၇) ရက်တိုင်တိုင် ကျင်းပကြလေ့ရှိသည်။ စတင်ကျင်းပမည့် ပထမရက်တွင် ချို(ချင်း)မျိုးနွယ်များသည် ရွာ၏ အဝင်/ အထွက်လမ်းများကို ပိတ်ရသည်။ ၎င်းကဲ့သို့ ရွာအဝင်လမ်းများပိတ်လျှက် ပြင်ပမှလူစိမ်းတစ်ယောက် ဝင်လာပါက ထိုလူစိမ်းထံမှ သံမြားချောင်း တစ်ချောင်း အလျော်တောင်း ရသည်။ ပွဲတော်ကျင်းပသည့် ကာလအတွင်း လူစိမ်းအဝင်အထွက် မပြုလုပ်ရပါ။ထိုနေ့တွင် နတ်ဆရာအိမ်ရှေ့ ၌ ပွဲတော်ကျင်း ပခြင်းအတွက် ကြက်ဥဗေဒင်မေးမြန်းပြီး ခေါင်ရည်ထိပ်(တည်ခင်း)၍ ကြက်၊ဝက်သတ်ကာ စားသောက်ပွဲကျင်းပကြသည်။

ဒုတိယနေ့နှင့်တတိယနေ့ကို လူကိုယ်သန့်စင်စေ လျက် ရှောင်းလွှီ (Shawng Hlui)နေ့ အဖြစ်သတ်မှတ်ပြီး တောချောက် (အမဲလိုက်)ဖို့ရန် ပြင်ဆင်လျက်ရှိကြ သည်။ စတုတ္ထနေ့နှင့်ပဥ္စမနေ့တွင် လိုကြုံ(ရှောင်းလာ)နေ့အဖြစ် သတ်မှတ်၍ လူကြီး၊ကလေး စုပေါင်းကာအမဲလိုက်ကြသည်။ စုပေါင်းအမဲလိုက် (တောခြောက်) ခြင်းသည် ချင်းလူမျိုးများ၏ရိုးရာဓလေ့တစ်ခု ဖြစ် သည်။ ၎င်းနေ့များ၌ အမဲလိုက်ခြင်းမှရရှိလာသော တောကောင်၏ အသား များကို နတ်ဆရာ(နတ်ပဆန်း) အိမ်၌ “သဲန်” နေ့အဖြစ် သတ်မှတ်၍ ချက်ပြုတ်ကြလျက် ကုမ်သီ (နှစ်သစ်ကူးမင်္ဂလာ) နေ့အဖြစ် သတ်မှတ်ကျင်းပပြီး စားသောက်၍ တီးမှုတ်က ခုန်ကြသည်။ဆဌမနေ့နှင့်သတ္တမနေ့တွင်“ကျိမ်”နေ့အဖြစ်သတ်မှတ်ကာတောင်ယာအသစ်သို့သွားကြ၍မျိုးစေ့များကို အနည်း ငယ်(စတိသဘောဖြင့်)ပက်ဖြန်းခြင်းပြုလုပ်၍အိမ်မွေးတိရိစ္ဆာန်များတိုးပွားစေရန်၊ တောင်ယာ၌ သီးနှံများအထွက်ကောင်းစေရန်၊ ကျန်းမာရေး၊ စီးပွားရေးစသည်တို့အတွက် သီးနှံများအထွက် ကောင်းစေရန်၊ ကျန်းမာရေး၊ စီးပွားရေးစသည်တို့အတွက် နတ်ပူဇော်ခြင်း၊ ဆုတောင်းခြင်းပြုလုပ်၍ ပျော်ပျော်ပါးပါးတီးမှုတ်ကခုန် စားကြသောက်ကြလေ့ ရှိသည်။ ထိုရက် နှစ်ရက်သည် ပွဲတော်၏ နောက်ဆုံးနေ့များဖြစ်သည်။

      ချင်းလူမျိုးများသည် ရှေးအခါက နတ်ဘာသာကို ကိုးကွယ်ကြသော်လည်း ယခုအခါတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာများ လွှမ်းမိုးလာကြသည့် နည်းတူ ခေတ်နှင့် လျော်ညီမှုမရှိတော့သော ရွှေ့ပြောင်းတောင်ယာစနစ်လုပ်ကိုင်လာခြင်း နည်းပါးခြင်းကြောင့် လည်း ကောင်း၊ အမဲလိုက်ခြင်းဓလေ့များ ပျောက်ကွယ် လုနီးပါး ဖြစ်ခြင်းကြောင့်လည်းကောင်း ချို(ချင်း) မျိုးနွယ်စုများ သည် ကုမ်သီ (နှစ်သစ်ကူး) ပွဲတော်ကို ရှေးဓလေ့ရိုးရာအတိုင်း ကျင်းပခြင်းမရှိတော့ပေ။ ခေတ်နှင့်အညီ ပွဲတော် ရက်ကိုချုံ့လျက်ဘာသာရေးအရဆုတောင်းပွဲအဖြစ်ယနေ့ ထိတိုင်ကျင်းပနေကြောင်းကို ချို(ချင်း)အများစု နေထိုင် သော မင်းတပ်မြို့တွင် တွေ့ရှိရမည်ဖြစ်သည်။ ကုမ်သီပွဲတော်သည် ချို (ချင်း) များ၏ ဘိုး၊ဘွားအစဉ်အဆက် ကျင်းပခဲ့သည့် နည်းတူမျိုးဆက်သစ်များနှင့်လူငယ်လူရွယ် များမှ ရိုးရာဓလေ့ပွဲတော်များကို ဆက်လက်ထိန်းသိမ်း သင့်ပေသည်။