အရှိုချင်းလူမျိုးတို့အသုဘပွဲ ၊ မသာပွဲကျင်းပုံ မှာလည်း တမူထူးခြားသည့် ပွဲတစ်ပွဲဖြစ်၏။ငွေ ကုန်ကြေးကျများသော ပွဲတစ်ခုလည်းဖြစ်၏။ မသာ ပွဲကျင်းပလျှင် အိမ်မှာရှိသမျှ အိမ်မွေးတိရစ္ဆာန်များ အကုန်ကုန်လေ့ရှိ၏။ လူတစ်ဦးတစ်ယောက်သေဆုံး လျှင်အရင်ဦးဆုံးရချိုးပေးရ၏။ပြီးလျှင်သေသူသည်ယောကျ်ားလေးဖြစ်ပါကခြောက်ခါ မိန်းကလေးဖြစ်ပါက ငါးခါမောင်းတီးရသည်။ ရွာကိုတစ်ဦးတစ်ယောက် သေဆုံးသည့်အကြောင်းကြော်ငြာသည့်သဘောဖြစ်သည်။မောင်းတီးနေချိန်အတွင်းမှာပင်နတ်ဆရာက နတ်များထံသို့ကောင်းရာဘုံဘဝရောက်ရန်နှင့်ယခုအချိန်မှ စ၍ ကျန်ရစ်သူမိသားစုများနှင့် ခွဲခွာချိန် ရောက်သည့် အကြောင်းအရာများကို ပြောဆိုရ၏။ ပြီးလျှင် အလောင်းကိုအပြင်ကပြင်ပေါက် (လူဝင်ပေါက်မဟုတ်ဘဲ အိုး၊ခွက်စသည်တို့ဆေးသည့်နောက်ပေါက်) တွင် ခေါင်းလှည့်ပြီး မသေဆုံးခင်က ပုံစံအတိုင်းထားပေးရ၏။ သေသူ၏အဝတ်များထဲမှ အကောင်းဆုံး အင်္ကျီကို ဝတ်ဆင်ပေးရပြီး သနပ်ခါးစသည်လိမ်းပေးရ၏။ အသက်ရှင်စဉ်အသုံးပြုခဲ့သည့် ပစ္စည်းများ ကိုလည်းအနီးတွင်ထားပေးရသည်။ အလောင်း တင် ရန် အတွက်စင်ကိုခေါင်းရင်းခန်း၏ ဘေးခန်း တွင် ဆောက်ရ၏။ ဝါးပေါသော ဒေသဖြစ်သဖြင့် ဝါးစင်ပေါ် တင်ခါနီးတွင်လူအများဝိုင်းမ၍ ယောကျ်ား ခြောက်ခါ၊ မိန်းမငါးခါ မြှောက်ပြီးမှတင်ရသည်။ ပြီးလျှင် ကြက် ပေါက်စကလေးတစ်ကောင်ကို အမွှေးနှုတ်ရင်ဘတ်ကိုခွဲပြီး ထမင်းနှင့်ကြေးလင်ပန်းပေါ်မှာ ပုံထားပေးရသည်။ ၎င်း၏ဝိညာဉ် စားရန်ဖြစ်သည်။မပါမဖြစ်သည့် ခေါင်အိုးအသေးတစ်လုံးကို ဝါးနှီးပန်းသုံးတိုင်စိုက်ကာလင်ပန်းနှင့်အတူသေသူ၏ အလောင်း ခေါင်းရင်းမှာ ထားပေးရ၏။ သောက်ရန်အတွက် ရေ ခွက်ကိုလည်းထည့်ထားပေးရသည်။သေသူစားရန် ရည် စူးပြီးကျွေးမွေးထားသည့်၎င်းအစာများကိုခွေး၊ ကြောင်၊ ကြက် စသည်တို့ မစားစေရပါ။ အစာထည့်ထားသည့် ခွက်ကိုထိခိုက်ပြီး မဖိတ်စေရပေ။အကယ်၍ အကောင် များစားမိဖိတ်မိသွားပါက နောက်ထပ်လူခုနစ်ယောက်လောက်ထပ်ပြီး သေတတ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် အသုဘပွဲတွင် အလောင်းကို မီးမသင်္ဂြိုဟ် ခင်ရက်တိုင်းအလှည့်ကျ နေ့ညမပြတ် စောင့်ကြရ၏။
အသုဘပွဲကျင်းပသည့်အခါ အကျဉ်းအကျယ် ဟု ခွဲခြားပြီး လုပ်လေ့ရှိ၏။ မိသားစုစီးပွားရေးအပေါ် မူ တည် ပြီးကျင်းပတတ်ကြသည်။ သေပြီးတစ်ရက် မှ ခုနစ်ရက်ထိ အဆင်ပြေသလို ထားလေ့ရှိ၏။ ကျန်ရစ် သူ မိသားစုက ကျွေးနိုင်လျှင် ကျွေးနိုင်သလောက် ရက် ကို ထားတတ်သည်။ အိမ်မှာထားသည့် ရက်များတွင် ဧည့်သည်များကို ကျွေးသလို စားသလို အလောင်းကို ညစာမနက်စာမပျက်မကွက်ကျွေးရ၏။ သေသူကျွေးသည့်အစာကိုလည်း သေချာစောင့်ရပြန်၏။ များသောအားဖြင့် နတ်ဆရာကစောင့်ရင်းမှာစရာ စကားများကို ထပ်ပြောနေတတ်သည်ကိုတွေ့ရ သည်။
အသုဘပွဲတွင် လာကြသည့် ဧည့်ပရိသတ်အား ကျွေးမည့်ဟင်းကောင်ကိုမသတ်ခင်ထုံးစံအတိုင်းအရင်ပွယ်ရ၏။ သတ်ပြီးအသားများကို အလောင်းစင် အောက်ခြေရင်းတွင် ခေါင်တစ်လုံးနှင့် ပွယ်ရ၏။ စင်၏နှစ်ဘက်ဘေးပတ်လည်တွင်လည်း ခေါင်နှစ်လုံးထားပြီးပွယ်ရပြန်၏။ ပြီးမှချက်ပြုတ်ပြီးအလောင်းကိုကျွေးရသည်။ ကျွေးပြီးမှ လာရောက်သူများ စားကြရသည် အလောင်းကိုအိမ်မှာထားသည့် ရက်တိုင်း ဤပုံစံပွယ် ပြီးမှစားကြရသည်။
အလောင်းကို ရက်ကြာထားရသည့် ဓလေ့မှာ သေသူ၏ဆွေမျိုးများ နောက်ဆုံးအချိန်မီရန်ဖြစ်သည်။ တောင်ပေါ်ဒေသသည်သွားလာရန်ခက်ခဲသည့်အတွက်အလွယ်တကူအကြောင်းကြားနိုင်ခြင်းလာရောက်နိုင်ခြင်းမရှိဖြစ်တတ်သည်။ထို့ကြောင့် သေသူဆွေမျိုးများကို စောင့်သည့်သဘော ဖြစ်သည်။ အများအားဖြင့် သုံး ရက်မြောက်နေ့တွင်လူစုံတတ်သဖြင့်သင်္ဂြိုလ်လေ့ရှိ သည်။ သင်္ဂြိုလ်သည့်နေ့တွင် ဝါးထမ်းစင်ကို ပြသာဒ် ပုံစံလုပ်ရ၏။ ပြသာဒ်လုပ်ရာတွင်လည်း တွေ့ရာ သစ် ဖြင့်မလုပ်ရ။အသုံးပြုနေကြသစ်ဖြင့်သာလုပ်ရသည်။ထမ်းစင်ကိုဝိုင်းထမ်းပြီးရွာတွင်းလှည့်ရသည်။ ၎င်း ထမ်း စင်ပေါ်တွင်သေသူကအမေဖြစ်လျှင် ၎င်း၏မောင်၊ သား တစ်ယောက်သေပါက အမေဘက် အမျိုးတစ်ယောက် ယောက်ထိုင်၍ စီးရသည်။ ဒေသအခေါ်အဝေါ် သတ် မှတ်ချက်တွင်လိပ်ပြာကြီး၊ လိပ်ပြာငယ်ဟု သတ်မှတ်ထားသည်။လိပ်ပြာကြီးဘက်ကစီးရသည်။ ထမ်းစင်ကို သေသူ၏ သူငယ်ချင်းအိမ် တစ်အိမ်တွင်ချထားပြီးမှခေါင်ရည်ဖြင့်လောင်းပေးရသေးသည်။ဤနေ့မှာပင် ပရိသတ်ဧည့်ခံရန်အတွက် ကျွဲဖြစ်စေ၊ နွားဖြစ်စေ တစ်ကောင်ကောင်ကိုသတ်လေ့ရှိသည်။ ထုံးစံအတိုင်း အရှင်ရော ၊ အသေပါပွယ်ရ၏။ ထူးခြားချက်တစ်ခု မှာ သေသူ၏ဆွေမျိုးအားလုံး ဝါးချောင်းလေးများတွင် ချည်ပြီးအိမ်အောက်ကိုဆွဲယူထားပေးရသည်။
အသုဘထမ်းစင် လှည့်လည်နေသည့် အချိန်တွင် လူငယ်များကခေါင်းပေါင်း၊ ပဝါလုပွဲနှင့် အမျိုးသမီး များက ဝါးညှပ်အကများဖြင့် ကပြတတ်ကြသည်။ ခေါင်းပေါင်း ပဝါလုပွဲမှာမြင်တွေ့ရခဲသည့် ပွဲတစ်ခု ဖြစ် သည်။ ခေါင်းတွင်ပတ်ထားသည့် ရိုးရာတဘက် ကို သူရ၊ ကိုယ်ရ လုရခြင်း ဖြစ်သည်။ ဘေးမှလင်း ကွင်း၊ ဗုံ ဖြင့်တီးပေး ၊ လက်ဝါးတီးကာအော်ဟစ် အားပေးကြ သည်။ တစ်ခါတစ်ရံလုရင်းကာကွယ် ရင်းထိုးမိ၊ ခိုက်မိ ဖြစ်တတ်သည်။ သို့သော်ရန်မဖြစ်ရပေ ။ အကယ်၍ ရှုံး သဖြင့် မကျေနပ်ပါက နောက်တစ်ခါ အသုဘပွဲအခြား ရွာ အသုဘပွဲတွင် ဆက်လက်ယှဉ် ပြိုင်နိုင်သည်။ ဤ သို့ ကပြကြရသည်မှာ ကျန်ရစ်သူမိသားစုများ ဝမ်းနည်းမှု သက်သာစေရန်ဖြစ်သည် ဟုသိရသည်။ ညပိုင်း ရောက်ပါကထမ်းစင်ကို အသုဘအိမ်သို့ ပြန်ယူလာကာ အိမ်ခြေရင်း၌ ထားပြီးစီးသူနှင့် ထမ်းသူတွေပါ ဝိုင်းပြီး ကကြပြန်သည်။ ထမ်းစင်စီးသူက သစ်သား ဓား တစ် ချောင်းနှင့် ဓားအစစ်၊ သံဓားတစ်ချောင်းကို ကိုင်ပြီးဓားသိုင်းက ရပြန်သည်။ ကနေချိန်တွင် တစ်ယောက် ယောက်က ရေအိုးကို ရိုက်ခွဲရ၏။ အကယ်၍သေသူက တစ္ဆေ၊သူရဲ ဖမ်းစားခံရပြီး သေဆုံးသူဖြစ်ပါကတစ္ဆေ၊ သူရဲမျာ းကြောက်လန့်စေရန်အတွက်ဖြစ်သည်။ ၎င်းတစ်ညလုံးနတ်ဆရာက ထိုင်ပြီး ပွယ်နေရ၏။ ပြီးမှ မနက်စာကျွေးမွေးသည်။ အလောင်းကို သင်္ချိုင်းပို့ခါနီး ပါကမပို့ခင်ဝိညာဉ်ကိုလင်းကွင်း၊ ဗုံများတီးပြီး သင်္ချိုင်းပို့ထားရသည်။ ဝိညာဉ်သင်္ချိုင်းပို့ပြီးပြန် လာသူများက အသုဘအိမ်ကိုခဲနှင့်ပစ်ပေါက်ရသေး၏။ တစ္ဆေ၊ သရဲ များထွက်သွားရန်ဖြစ်သည်။
ပြီးမှ အလောင်းကို ဖျာနှင့်လိပ်ကြိုးဖြင့်တုပ်ကာဝါးလုံး လျှိုထမ်းပြီးသင်္ချိုင်းပို့မီးရှို့ကြသည်။ အခေါင်းထဲ ထည့် ခြင်းဓလေ့မရှိပေ။ မီးသင်္ဂြိုလ်ပြီးပါကကြွင်းကျန်သည့် အရိုးနှင့်ပြာကိုကောက်ပြီးအိုးထဲထည့်ထားလေ့ရှိသည်။ ၎င်းအိုးကိုအခြားလူသေများ၏ အိုးများနှင့်အတူ သွား ထားလေ့ရှိသည်။ ထို့ကြောင့် သင်္ချိုင်းတွင်ဂူများ၊မြေပုံ များမရှိပေ။အိုးကြီးအိုးသေးအစုံရှိသည်။လူကြီးသေလျှင်အိုးကြီး ၊ လူငယ်၊ ကလေးသေကအိုးသေး၊ အိုးလတ် များကို တွေ့ရသည်။ အိုးထဲတွင် အရိုးစများနှင့် မသေ ခင်အသုံးပြုခဲ့ရသည့်သေသူ၏အသုံးအဆောင် တိုလီ မိုလီပစ္စည်းများကို တွေ့ရသည်။
ထိုသို့မီးသင်္ဂြိုလ်ပြီးပါက အိမ်ပြန်ပြီးဝိညာဉ် ကို နောက်တစ်ခါ ထပ်ခေါ်ရပြန်သည်။ သေသူတင်ရန် ဆောက်ထားသည့်စင်နားတွင် မီးဖိုသေးသေးတစ်ဖို ထပ်ဆောက်ထားရ၏။ ဆွေမျိုးများက ကြက်များယူ လာ ပြီးချက်ပြုတ်စားသောက်ကြသည်။ ပြီးလျှင် ခေါင် အိုးနှစ်လုံးစီထားပြီး ပွယ်ရပြန်သည်။ ည လယ်ရောက် သည့်အခါ ဝိညာဉ်ကိုနတ်ဆရာက အပြီးနှင်ထုတ်ရ၏။ ထိုသို့ဆိုလျှင်အသုဘပွဲပြီးစီးပြီဖြစ်သည်။ နောက်ဆက် တွဲအနေဖြင့် အရိုးတိုင်ပွဲ ကိုကျင်းပလေ့ရှိကြသည်။
အရိုးတိုင်ပွဲ
အသုဘပွဲ ကျင်းပြီးသည့်နောက်တွင် စီးပွားရေး အဆင်ပြေပါက အမှတ်တရအနေဖြင့် အရိုးတိုင်ပွဲ ကျင်းပကြ၏။ အရိုးတိုင်ပွဲဆိုသည်မှာ အရိုးအိုး ထား သည့်နေရာတွင် သစ်သားတိုင်ကို စိုက်ထူပေးခြင်း ဖြစ် သည်။ အရိုးတိုင်ကို အရုပ်များဖြင့် ထွင်းထုကာဆေး ရောင်ဖြင့် ခြယ်သလေ့ရှိသည်။ ဆင်ရုပ်၊မြင်းရုပ်၊လူရုပ်၊ ငှက်ရုပ်တို့ကိုအဆင့်ဆင့်လေးမျက်နှာလုံးတွင် ထွင်းထု လေ့ရှိသည်။ ယင်းသို့ အရုပ်များထွင်းထုရခြင်းသည်သေသူနောက်ဘဝတွင်စီးရန်အတွက်ဖြစ်၏။အရိုးတိုင် ပွဲကား အမှတ်တရ ကျင်းပသည်နှင့်အညီ ဆွေမျိုး များ အစုံအညီလာလေ့ရှိသည်။ အခြားပွဲများလို အလုပ် လည်း သိပ်မများ ပဲလာသည့် ဧည့်သည်များကို ဟင်း တစ်မျိုးမျိုးဖြင့် ဧည့်ခံကျွေးမွေးရုံသာဖြစ်သည်။ အများ အားဖြင့် တစ်နှစ်၊ နှစ်နှစ်ကျော်ကြာမှ ပြုလုပ်လေ့ ရှိ ပါသည်။ရိုးရာဓလေ့ရှိ နေသဖြင့် မလုပ်မဖြစ်ဟု ယူဆ ကာပြုလုပ်တတ်ကြ သည်။
မှတ်ချက်
ပွယ်= ပဆန်းဆရာက ရွတ်ဖတ်ခြင်း