ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

အရှို(ချင်း)ကောက်သစ်စားပွဲတော်( စောင်ထာအေပွေ)
Image

    အရှိုချင်းရိုးရာ ကောက်သစ်စားပွဲကို ရှေးယခင်က အရှို ချင်းတိုင်းရင်းသားများ မတင်းနေထိုင်ရာ ဒေသများတွင် ပြုလုပ်ခဲ့ ကြပြီးယခုအခါတွင်ကောက်သစ်စားပွဲကိုဦးဆောင်ကျင်းပသည့် ရိုးရာပဆန်းဆရာ ရှားပါးခြင်း၊ ဘာသာအယူဝါဒများ လွှမ်းမိုး ပြီးရိုးရာနတ်ကိုးကွယ်မှုတိမ်ကောခြင်းတို့ကြောင့် ငဖဲမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာအချို့တို့တွင်သာ ကျင်းပကြတော့ ကြောင်း သိရှိရပါသည်။

 ကောက်သစ်စားပွဲတော် (စောင်ထာအေပွေ) ဖြစ်ပေါ် လာပုံမှာ ကမ္ဘာဦးအစတွင် မိခင် ‘ယော်စိစအိုင်’ နှင့် သား ‘ချဲ့နှနှေး’ သားအမိနှစ်ဦးရှိခဲ့ကြသည်။ ထိုခေတ်က လူ လောက နှင့် တမလွန်လောက နှစ်မျိုးတွင် တမလွန် လောကသည် အလွန်သာယာ နေချင်စဖွယ်ဖြစ်သည်ဟု နာမည်ကြီးနေပါသည်။ မိခင်‘ယောစိစအိုင်’သည် တမလွန် လောကသို့ သွားရောက်လေ့လာရာ နေချင်စဖွယ်ဖြစ်၍ မပြန်လို ဖြစ်နေပါသည်။

တမလွန်လောကသို့ မသွားမီသားကို ‘ပေါင်းနှဲ’ ပင်ကို ပြုတ်၍ထားပါ။ မိခင်ပြန်လာလျှင် ထို‘ပေါင်းနှဲ’ ပြုတ်ရည်ဖြင့် ရေချိုးသန့်စင်ရန်အတွက် မှာကြားခဲ့ပါသည်။သားသံယောဇဉ်ကြောင့် တမလွန်လောကမှ ပြန်လာချိန်သည် နေ့လည်နေပူချိန်ဖြစ်၍ ကျားသရေကိုခြုံပြီး ပြန်လာပါသည်။ အိမ်သို့ ရောက်ချိန်တွင် ညသန်းခေါင်အချိန်ဖြစ်နေ၍ အိမ်စောင့်ခွေးမှ အလွန် ထိုးဟောင်ပါသည်။ ထိုအချိန်တွင်သားကလည်း ကြောက်လန့်၍ လေးဖြင့်ပစ်ရာ မိခင်က ငှက်ပျောပင် နောက်ကွယ်မှနေ၍ သားရေ မင်းအဲသလောက် ကြောက်နေရင် အမေတမလွန် လောကသို့ ပြန်သွားတော့မယ်။ တောင်ယာခုတ်ပြီးစပါး၊ ဟင်းသီးဟင်းရွက်စုံစိုက်ပါ။ ဟင်းသီးဟင်းရွက်ကို ပိုးမွှား၊ တိရစ္ဆာန်များ စားသောက်မဖျက်ဆီးမီတစ်ကြိမ်၊ စပါးနှံတို့ကို ပိုးမွှား တိရစ္ဆာန်များ စားသောက်မဖျက်ဆီးမီ တစ်ကြိမ် အမေကိုရည်စူးပြီး ချောင်းထဲမှ ဖား၊  ငါးနှင့်     တောင်ယာခင်းမှ ကြွက်ကိုဖမ်းပြီး ကောက်သစ်စားပွဲ ပြုလုပ်ပါ။ ဆန်၊ ရေ၊ စပါး၊ ဟင်းသီးဟင်းရွက် ပေါများအောင် တမလွန် လောကမှ ကူညီစောင့်ရှောက် ထောက်ပံ့ပေးပါ့မယ်’ ဟု မှာကြားပြီး တမလွန် လောကသို့ ပြန်သွားခဲ့ပါသည်။

ထိုအချိန်မှစ၍တောင်ယာခင်းမှ ကောက်ဦးပေါ်ချိန်တွင် ရိုးရာကောက်သစ်စားပွဲများ စတင်ပြုလုပ်လာကြပါသည်။ ကောက်သစ်စားပွဲ(စောင်ထာအေပွေ)သည် တောင်ယာခင်းမှဟင်းသီးဟင်းရွက်ပေါ်ခါစနှင့် စပါးဦး(ကောက်ဦး) ပေါ်ခါစ အချိန် တွင် ပြုလုပ်သော စားပွဲနှစ်မျိုးလုံးကို ဆိုလိုပါသည်။ ဟင်းသီးဟင်းရွက်စားပွဲကို ကဆုန်လတွင် ပြုလုပ်လေ့ရှိပြီး ကောက်ဦးစားပွဲကို သီတင်းကျွတ်လတွင် ပြုလုပ်လေ့ရှိ ပါသည်။

ကောက်သစ်စားပွဲ (စောင်ထာအေပွေ)ကျင်းပပြုလုပ်ရန်လိုအပ်သောပစ္စည်းများမှာ ဝက်ကြီးတစ်ကောင်၊ ခွေးတစ်ကောင်၊ ကြက်တစ်ကောင်၊ ခေါင်ရည်နှစ်လုံး၊ တောင်ယာအတွင်းမှ ဟင်းသီးဟင်းရွက်အစုံ၊ ဆန်စပါးတို့ လိုအပ်ပါသည်။ ကျင်းပ ပြုလုပ်ရသော အကြောင်းအရင်းမှာ ကောက်သစ်စားပွဲမပြုလုပ်မီ စားသောက်ပါက အစာမကြေရောဂါဖြစ်ပွားတတ်သည်ဟု အယူအဆရှိသောကြောင့်ဖြစ်ပါသည်။

ကောက်သစ်စားပွဲ (စောင်ထာအေပွေ) ကျင်းပပြုလုပ်မည့် အိမ်အတွင်းခန်းတွင် ပဆန်းဆရာမှ ဝက်အရှင်ကောင်ကို ပဆန်းပွယ်ရသည်။ ထို့နောက် ဝက်ကိုသတ်ဖြတ်ပြီး အသည်းကို ပဆန်းဆရာရှေ့တွင် ဖက်နှင့်ထုပ်၍ ပရောဟိတ် (ပဆန်းဆရာ) က နိမိတ်ဖတ် သည်။ ပြီးလျှင်ရိုးရာနည်းအတိုင်း (တင်ပဆုံသား၊ ပခုံးသား၊ လည်ပင်းသားအစရှိသဖြင့် အတွဲလိုက်) မခုတ် ထစ်ဘဲ ချက်ပြုတ်ရသည်။ ထိုအချိန်တွင်ပဆန်းပွယ်ပြီးသောခေါင်အိုးကို ပဆန်းဆရာမှ စတင်သုံးဆောင်စေပြီး သင့်တော် သူ များကို အစဉ်လိုက်ခေါ်ယူသုံးဆောင်စေသည်။

     လက်ထောက်ပဆန်းဆရာက အိမ်အပြင်ခန်းမှ သုံးဆောင်စေပြီး အခြားသင့်တော်သူများကို ဆက်လက် သောက်သုံးစေပါ သည်။ ထိုသို့ သုံးဆောင်စေရာတွင် အမျိုးသားပြီးမှ အမျိုးသမီးများကို ဆက်လက်ခေါ်ယူရပါသည်။ ဆွေမျိုးသားချင်းများ ယူဆောင်လာသော ခေါင်ဗူးများကို လိပ်ပြာကြီး (အိမ်ရှင်အမျိုးသား၏ ဆွေမျိုးများ)ကသာ သုံးဆောင်ရပါသည်။ သူတို့လွှဲအပ်မှ ခေါင်ရည်ကို သောက်သုံးခွင့် ရှိပါသည်။ ဟင်းချက်ပြီး သောကြက်သားကို ပဆန်းဆရာမှ ဆက်ပြီး ပွယ်ရပြန်သည်။ ခွေးနှင့်ကြက်ကိုလည်း သတ်ဖြတ်၍ ချက်ပြုတ်ရပါသည်။ ဟင်းချက်ပြီးသော (ပဆန်းပွယ်ထားသော) ဝက်သားကို ခုတ်ထစ်၍ ရိုးရာနည်း (မော်ဟေး)အရ နှာခေါင်း၊ ဦးနှောက်၊ တင်ပဆုံသား၊ ပခုံးသား၊ လည်ပင်းသား စသည်ဖြင့်သင့်ရုံမျှ သီးသန့်ခွဲထား၍ အားလုံးပေါင်းပြီး ထပ်မံ ပဆန်းပွယ်ရ ပြန်သည်။ မြေခွက်ထဲတွင် သီးသန့်ထည့်ထားသောအသားသည် ပဆန်းဆရာအတွက် ဖြစ်သည်။ ထို့နောက် ဝက်သားဖြင့် လိပ်ပြာကြီးများကို ကျွေးမွေးဧည့်ခံရပါသည်။

လိပ်ပြာကြီးများ စားသောက်ပြီးပါက လိပ်ပြာငယ် (အိမ်ရှင်အမျိုးသမီး၏ဆွေမျိုးများ)ကို ခွေးသား၊ ကြက်သား တို့ဖြင့် ကျွေးမွေးဧည့်ခံရပါသည်။ကြွင်းကျန်သော ဝက်သားများကို လိပ်ပြာငယ်များကို ပြန်လည်ဧည့်ခံရပါသည်။ သီးသန့် ချန်ထားသော ဝက်သားများကို ပဆန်းဆရာမှဆက်ပြီး ပဆန်းပွယ်ရပါသည်။ ပဆန်းပွယ်ပြီးနောက် ပဆန်း ဆရာမှမန္တာန်ရွတ်ဖတ်၍ ကောက်သစ်စားပွဲ (စောင်ထာ အေပွေ)ကို ရုတ်သိမ်းကာ ထမင်းလက်ဆုံ သုံးဆောင် ကြပါသည်။ပွဲအစတွင်ပါဝင်သောအသီးအရွက်အစုံများကို ညတွင်းချင်း မည်သူမဆို သုံးဆောင်နိုင်ပြီး မကုန်ပါက ကြွင်းကျန်သည်များကို စွန့်ပစ်ရပါသည်။

ထို့နောက် ကောက်သစ်စားပွဲ (စောင်ထာအေပွေ) ကျင်းပပြီးစီးပြီးဖြစ်၍ ဆွေမျိုးမိတ်ဆွေများ ပရိတ်သတ်များ မိမိအိမ်သို့ပြန်သွားကြပြီး ပွဲကိုပြီးဆုံးစေပါသည်။