ချင်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဒိုင်ရ်ချင်းတို့၏စိတ်ဝင်စားဖွယ် ပါးရဲထိုးခြင်းဓလေ့တစ်ခု
Image

      ကမ္ဘာပေါ်ရှိလူမျိုး (သို့မဟုတ်) လူမျိုးနွယ်စုများ၌ စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာဓလေ့များ ရှိကြပါသည်။ ၎င်းတို့အနက် ဒိုင်ရ်ချင်းတို့၏မျက်နှာပါးရဲထိုးခြင်း ဓလေ့သည်လည်းစိတ်ဝင်စားဖွယ်ဓလေ့တစ်ခုဖြစ်ပါသည်။ ပါးရဲထိုးသည့်ပုံစံများ မှာမတူညီကြသော်လည်း အာဖရိက၊တရုတ်နှင့်အိန္ဒိယစသည့် နိုင်ငံများရှိတချို့လူမျိုးနွယ်စုများတွင် ပါးရဲထိုးဓလေ့များရှိခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံရှိ နာဂ၊ချင်း၊ဗမာနှင့်ရှမ်းတို့ တွင်လည်းပါးရဲထိုးခြင်း ဓလေ့ရှိခဲ့သည်။ ရှမ်းနှင့်ဗမာတို့တွင် ကိုယ် ခန္ဓာအစိတ်အပိုင်းများတွင်ထိုးထားကြသည်ကိုတွေ့ရှိရပြီး နာဂလူမျိုးတစ်ချို့တွင်မူ အမျိုးသားအမျိုးသမီးမခွဲခြားသည့်အပြင် မျက်နှာတွင်သာမကခန္ဓာကိုယ်တွင်လည်းထိုးလေ့ရှိကြောင်းလေ့လာသိရနိုင်သည်။ချင်းလူမျိုးများတွင် အမျိုးသမီးများကသာ မျက်နှာမှာ ပါးရဲထိုးလေ့ရှိကြသည်။ ချင်းပြည်နယ် တောင် ပိုင်း နှင့် အရှိုချင်းမျိုးနွယ်စု တစ်ချို့တွင် တွေ့ရှိနိုင်သည်။ ချင်းမျိုးနွယ်စုများမှာ စုမ်းတူ (Sumtu) ၊ လိုင်းတူ( Laitu)၊ ဒိုင်ရ် (Daai)၊ မွင်း(Muun)၊ ကာန်း(Kaang)၊ အုပု (Utpu) ၊ ငရာ့ (Ng’yah)၊ ယင်ဒူး(Yindu)သို့မဟုတ်ယင်ဒူးဒါလ်(Yindu Daar) ၊ချင်းပုံ(Chinpung )တို့တွင်မျက်နှာပါးရဲထိုးကြပါ သည်။ ဒိုင်ရ်မျိုးနွယ်စု ဘာသာစကားတွင် ပါးရဲကို မာန် (Ng’mang) ဟုခေါ်ပြီး ထင်ရှားသည့် ရိုးရာဓလေ့ဖြစ်သည်။ ခြေသလုံးနှစ်ဖက်၊နဖူးနှင့်လက်ခလယ်(သို့)လက်သူကြွယ် တို့တွင်လည်းထိုးလေ့ရှိကြသည်။

မျက်နှာမှာပါးရဲထိုးသည့်ဓလေ့ခေတ်စားသည့်အချိန်ကာလတွင် မျက်နှာပါးရဲ မထိုးသူများမှာ မပြည့်စုံသူများ သဖွယ်စားကြရသည်။ မိန်းကလေး၊ အမျိုးသမီးမပီသသူများဟု သတ်မှတ်ကြသည်။မျက်နှာပါးရဲထိုးသူများတွင်မူ အိုမင်းရင့်ရော်လာကြ သော်လည်းလှပနေဆဲဖြစ်သည်ဟုရှုမြင်ကြရသည်။ အနက်ရောင်တစ်ခုတည်းမဟုတ်ပဲလှပသည့်နက်ပြာရောင် (ng’kung) သာ ဖြစ်သည်။နောက်ဆုံးအယူအဆမှာမူ ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်သည့် အယူအဆ ဖြစ် သည်။ ဒိုင်ရ်ချင်းတို့၏ အယူအဆတွင် သေလွန်ပြီးနောက် ကောင်းကင် (Mopi) နှင့်ငရဲ (Japi) သွားရာလမ်း ဂိတ်တစ် ခုမှာဒိုင်ရ်လို(Monuooi)ဟုခေါ်သည့်တရားစီရင်သည့် ပုဂ္ဂိုလ် ရှိပြီး အမျိုးသားအမျိုးသမီးများကို စစ်ဆေး စီရင်သည်ဟု ဆို သည်။

      ယောကျ်ားများအတွက် အသက်ရှင်စဉ်က သူတို့၏ ပွဲ လမ်းသဘင်(နွားနောက်သတ်ပွဲ)နှင့် မိမိတို့ရရှိသည့် နာမည် ကြီးတောတိရစ္ဆာန်အကောင် အမျိုးအစား၊အကောင် အရေ အတွက်တို့ဖြင့်သာတိုင်းတာပြီး အမျိုးသမီးများကိုမူ သူတို့ မျက်နှာမှာပါးရဲထိုး ၊မထိုးဖြင့်သာ စိစစ်ရသည်ဟု ယူဆကြ သည်။ ထိုအချက်များမှတစ်ခုမှာ ဖြစ်နိုင်ခြေ ငြင်းဆိုရန် ခက်ခဲသလို တိကျမှန်ကန်သည့် အကြောင်းပြ ချက်များ ဖြစ်သည်ဟု ပြောဆိုရန်လည်း ခက်ခဲသည်။ သေချာသည့် အချက်တစ်ချက်မှာ လူမျိုးနွယ်စု တစ်ခု၏ အရေးကြီးလှ သည့် ဓလေ့တစ်ခုကို ကျင့်သုံးလာခဲ့ကြခြင်းမှာ ငြင်းဆို၍ မရနိုင်ပါ။ဒိုင်ရ်ချင်းမျိုးနွယ်စု၏ ထင်ရှားသည့် သင်္ကေတ လက္ခဏာနှင့် ရိုးရာဓလေ့ပင် ဖြစ်သည်။ မျက်နှာပါးရဲထိုးရာ တွင် ဆူးပင်တစ်မျိုးမှ ရသည့် ဆူး (သို့) ကြိမ်ပင်မှရသည့် ကြိမ်ဆူး ၊ ဒိုင်ရ်လိုလှော် (Ng’hlo)ဟု ခေါ်သည့် နက်ပြာရောင်ကို ထွက်စေသောတောနွယ်ပင်ရွက် (သို့) လှော် (Ng’hlo) လို့ခေါ်သည့်အဝတ်အစားများကို အပြာနက်ရောင် တင်ရာတွင်အသုံးပြုသည့် တောင်ယာစိုက်လေ့ရှိသည့် အပင် တစ်မျိုးမှအရွက်ကို အရည်ညှစ်ပြီး ရောထည့်ရန် စုန်းကုန်း (Sungkung)ဟုခေါ်သည့် မီးဖိုမှရသည့် ကျပ်ခိုးမှုန့်  စသည် တို့ကို ဆုံကြသည်။ ထို့ပြင်မျက်နှာကိုဆူးဖြင့်ဖေါက်ရာတွင်ထွက်လာသည့်သွေးများကိုသုတ် ရန်အတွက် ဒိုင်ရ်လို ပေါလ် (K’poong) ဟုခေါ်သည့် အပင်တစ်မျိုး၏ အရွက်နုများကို လည်းအသုံးပြုကြသည်။

မိသားစုမှမိန်းကလေးတစ်ဉီးသည် အသက်(၁၂)နှစ် မှ (၁၅) နှစ်ကြားရှိနေပြီး မျက်နှာပါးရဲထိုးရန်အချိန် ရောက်လာ ပါက မိဘများကပါးရဲထိုးကျွမ်းကျင်သူထံသို့သွားပြီးဆွေးနွေးညှိနှိုင်းရသည်။ ပါးရဲထိုးကျွမ်းကျင်သည့်သူမှာ အမျိုးသမီးတစ်ဦး (သို့)တစ်ဦးထက်ပိုပြီးရှိတတ်သည်။ မိန်းကလေးသည်ပါးရဲထိုးရမည့် အသက်အရွယ်ထက် ကြီးနေသည့် အသက်ဖြစ်နေပါကလည်း အနာကျက်ရန် ခက်ခဲသည့်အတွက် ပါးရဲထိုးသူများက ကိုင်တွယ်ဆောင်ရွက်ပေးရန် ငြင်းဆိုတတ် ကြသည်။လက်ခကို နေရာဒေသအလိုက်နှင့်ခင်မင်မှုအပေါ်မူတည်၍စက်၊မောင်း၊ရိုးရာပုတီး၊ ရိုးရာစောင်ကစပြီး နွားနောက်အထိပေးကြရကြောင်းသိရသည်။ 

     ထိုသို့ မျက်နှာပရဲထိုးရာတွင် အန္တရာယ်ကင်းစွာလုပ် ဆောင်နိုင်ရန်ထိုးထားပြီးနောက် လှပစွာ ပြန်လည်ကောင်းမွန် နိုင်ရေးအတွက် ဒိုင်ရ်ချင်းလိုစကားအရ Puik’tu (Puik’poh) ဟုခေါ်သော အနာဂတ်ကို ဟောကိန်းထုတ် တွက်ချက်ပေးလေ့ ရှိသည့်ပုဂ္ဂိုလ်ထံသို့ ဦးစွာမေးမြန်းကြရသည်။ထိုပုဂ္ဂိုလ်မှ ရိုးရာ ထုံးစံအတိုင်းဆောင်ရွက်ပြီးမည်သို့မည်ပုံ၊မည့်သည့် အချိန်တွင် ပြုလုပ်ပါက အဆင်ပြေကောင်းမွန်မည်ဖြစ်ကြောင်း တွက်ချက်ပေးရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုးကွယ် ယုံကြည်မှုအရ ပါးရဲထိုးမည့်မိန်းကလေးများအတွက် ရည်ရွယ်လျက် ကြက်၊ ခွေး ၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန် ဖြစ်သင့်ကြောင်း အနာဂါတ်ဟော သည့်ပုဂ္ဂိုလ်မှတွက်ချက်ပြီးမှသာ ၎င်းတို့ကို ယဇ်ကောင်အဖြစ် အသုံးပြုရသည်။ ထိုသို့ပြုလုပ်သူများ ပြီးမြောက်ပါက အနာဂတ် ဟောကိန်းတွက်ချက်ပေးသူ၏ ညွှန်ကြားချက်အတိုင်း လုပ်ငန်းကို စတင်ဆောင်ရွက်ကြရသည်။

      မျက်နှာပါးရဲထိုးသည့်လုပ်ငန်းကို စတင်ရတော့ မည့်အချိန် တွင်ပါးရဲထိုးမည့် မိန်းကလေးကို ဆွေမျိုးနီးစပ်သည့် အဒေါ် ၊ အစ်မတို့က တိတ်ဆိတ်သည့်အိမ် သို့မဟုတ် ရွာအပြင်တွင်ရှိ သည့် အဆောက်အုံ တစ်ခုခုသို့ ခေါ်ပြီး ညအိပ်ကြရသည်။ နောက်ရက်တွင် ပါးရဲထိုးခြင်း လုပ်ငန်းကိုစတင်ကြ ရသည်။ ထိုသို့ ဆောင်ရွက်စဉ်အတွင်း အခြားသူစိမ်းမသွားရောက် စေရန်ထင်သာမြင်သာရှိသည့် နေရာ၊အိမ်၏ အဝင်ဝဘက်ဝ ရန်တာတွင် သစ်ရွက်စိမ်းကို ထားရှိရသည်။ထိုအမှတ်အသား မှာ သူစိမ်းဧည့်သည် မဝင်ရန် တားမြစ်သည့်အမှတ် အသား အဖြစ်ဒိုင်ရ်ချင်းတို့က နားလည်ကြရသည်။ ပါးရဲထိုးရာတွင် အထက်မှာဖော်ပြပြီးဖြစ်သည့်ပစ္စည်းများကိုအသုံးပြုရသည်။ ကြိမ်ပင် သို့မဟုတ် ဆူးပင်တမျိုးမှ ဆူးသည် သွေးထွက် လာသည်အထိ မျက်နှာမှာ အကွက်ဖော်ရန် ဖြစ်သည်။ဒိုင်ရ်လို လှော် (Ng’hol) ဟုခေါ်သည့် အရွက်ကို အရည်ညှစ်ပြီး ကျပ်ခိုးမှုန့်နှင့် သမအောင်ရောရသည်။ ထို အရည် ထဲတွင်ဆူးအချောင်း အမြောက်အမြားစွာတို့၏ ထိပ် ဖူးကို စိမ်ထားပြီး ထိုစိမ်ထားသည့်ဆူးများကို အသုံးပြုကြရ သည်။ ပါးရဲထိုးသည့်အချိန်မှာ တစ်ရက်မှနှစ်ရက်ထိ ကြာ တတ်သည်။အချို့မိန်းကလေးများမှာ နာကျင်မှုကို မခံမရပ် နိုင်ဖြစ်ပြီး ထွက်ပြေးလေ့ရှိကြရာ နီးစပ်သည့် မိဘ၊ ဆွေမျိုး များက  အချိန်ပြည့် စောင့်ကြည့်ပေးရသည်။ ပါးရဲထိုး လုပ် ငန်း ပြီးဆုံးပြီးနောက် ပါးရဲထိုးထားသည့် မျက်နှာမှာ ပုံမှန် အားဖြင့်နှစ်ပတ်မှသုံးပတ်အတွင်းတွင် ပြန်လည် ကောင်းမွန် လေ့ရှိသည်။ ပလက်ဝမြို့နယ် ဖုန်းလောင်ဒေသဘက်တွင် လည်း ပါးရဲထိုးထားသည့်ဒိုင်ရ်ချင်းအမျိုးသမီးဘဝကို တွေ့ရှိ နိုင်သည်။

ကမ္ဘာကြီးသည်တစ်နေ့ပြီးတစ်နေ့ တိုးတက် ပြောင်းလဲလာသည့်အလျောက် မိဘများနှင့်သူတို့၏ သားသမီးများသည် ပါးရဲ ထိုးရန်မသင့်ကြောင်း နားလည်လာခဲ့ပြီး အားပေးခြင်းမပြုတော့ချေ။ထို့အပြင် မျက်နှာပါးရဲထိုးသည့် ဓလေ့သည် အန္တရာယ်များသောကြောင့်လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်ခန့်ကပင် စွန့်လွှတ်လာခဲ့ကြသည်။ ဤသို့မျက်နှာ ပါးရဲထိုးသည့်ဓလေ့သည် မျိုးနွယ်စုအတွက် အရေးကြီးသည့် အမှတ်အသား ဖြစ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုအရ တန်ဖိုးထား မြတ်နိုးခဲ့ကြရသည့် ဓလေ့လည်းဖြစ်ခဲ့သည်။ ယနေ့ခေတ် တွင် မျက်နှာပါးရဲထိုးသည့်ဓလေ့မရှိသလောက် နည်းပါးသွား ပြီး မျက်နှာပါးရဲထိုးသည့်အမျိုးသမီးများလည်း ရှားပါးနေပြီဖြစ်သည်။ပါးရဲထိုးခြင်းအားသတ္တိရှိခြင်း၊မျက်နှာ၏နာကျင်မှုခံနိုင်ရည်ရှိမှသာ မျက်နှာတွင် ပါးရဲရှိနေပေသည်။ ကျေးရွာတစ်ချို့တွင် အသက်ကြီးပိုင်း၊အဘွားအိုများလောက်သာ ကျန်ရှိနေပြီးထိုပုဂ္ဂိုလ် မရှိတော့သည့်အချိန်တွင် စိတ်ဝင်စားစရာ ကောင်းလှသည့် ဒိုင်ရ်ချင်းတို့၏ မျက်နှာပါးရဲထိုးခြင်း ဓလေ့သည် လုံးဝတိမ်ကော ပျောက်ကွယ်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ တန်ဖိုးထားအပ်သောရိုးရာဓလေ့တစ်ခုရှိခဲ့သည်ကိုနောင်လာနောင်သားများအား ပြောပြရန် သာဓက ကျန်ရှိနေချင်ပါသေးသည်။