ကြပ်ကြာကုပ်ပွဲတော်သည်လူရှိုင်းတို့၏ပွဲတော်သုံးမျိုးအနက် ယခုတိုင်နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပဆဲဖြစ် သော ပွဲတော်ဖြစ်သည်။ အခြားပွဲတော်ဖြစ်သော မင်းကုပ် (Min Kut) နှင့် ပေါလ်ကုပ် (Pawl Kut) တို့ကိုမူ ဆက်ကျင်းပခြင်းမရှိတော့ပါ။ မင်းကုပ်သည် ကွယ်လွန်သူများကို ရည်စူးကျင်းပသောပွဲဖြစ်၍၊ ပေါလ်ကုပ်မှာ အဓိကအားဖြင့် ကလေးများအတွက် ကျင်းပသော ပွဲတော်ဖြစ်သည်။ ကောက်သစ်ပေါ်ချိန် ကျင်းပလေ့ရှိ၍ လူငယ် လူရွယ များ၊ လူကြီးများလည်း ပါဝင်ပျော်ရွှင်ကြသောပွဲ ဖြစ်ခဲ့သည်။
လူရှိုင်း(ခေါ်) လူရှေမျိုးနွယ်စုတို့သည် (၁၃)ရာစုနှစ်ဦး ပိုင်း တွင် ကဘော်တောင်ကြားဒေသမှချင်းတောင်(ယခုချင်း ပြည်နယ်)သို့ထွက်ခွါသွားကြသည်ဟု သိရှိရပြီး ချင်းတောင်တွင် နေထိုင်စဉ် ဆိုခဲ့ ပြီးသောပွဲတော်များကို စတင် ကျင်းပခဲ့ကြသည် ဟုလေ့လာသိရှိရ ပါသည်။ ချင်းတောင်တန်းတွင် တောင်ယာစိုက် ပျိုးခြင်းကို အဓိက လုပ်ကိုင်ကြသည်။
တောင်ယာလုပ်ငန်းတွင် ရွှေ့ပြောင်းစနစ်ဖြင့် စပါးစိုက်ပျိုး သောအခါ မတ်လနှောင်း(သို့) ဧပြီလဆန်းတွင် တောများကိုခုတ်ထွင်ရှင်းလင်းရသည်။ခုတ်လှဲထားသောအပင်များကိုChapဟုခေါ်၍ယင်းသို့အခြောက်လှမ်းသောကာလကို Chapchar ကာလ ဟုခေါ်ကြသည်။ ဤအချိန်သည် တောင်ယာလုပ်ငန်းလုံးဝ နားချိန်၊ အားလပ်ချိန်ဖြစ်သည်။ကြပ်ကြာကုပ်ပွဲတော်သည် ဤ ကြပ်ကြာကုပ် ကာလတွင် ကျင်းပသော ပွဲ(Kut) ဖြစ်သဖြင့် ကြပ်ကြာကုပ် (ပွဲတော်)ဟု ခေါ်ဆိုကြခြင်းဖြစ် သည်။
ရှေးအဆိုအရ အေဒီ၁၄၅၀-၁၇၀၀ကာလတွင် (အချိန်ကာလ အတိအကျမသိရ)Kawlni မျိုးနွယ်သူကြီးက ယင်းခေတ်က ထင်ရှား သော ရွာကြီးတစ်ရွာဖြစ်သည့် Suaipuiရွာကို အုပ်ချုပ်ခဲ့သည်။ ယင်းခေတ်ကလူငယ်လူရွယ်ကာလသားများကတန်ဖိုးထားကြသော အရာများမှာ ခွန်အားဗလကြီးမားခြင်း၊ တိုက်ရေးခိုက်ရေးကျွမ်းကျင် ရေးတို့ဖြစ်သည်။ လူငယ်ကာလ သားများ ထူးချွန်ထက်မြက်လျှင် ဂုဏ်သတင်းကျော်စောသည်။ အုပ်ချုပ်သူရွာသူကြီး ဂုဏ်တက်သည်။ စစ်တိုက်ထွက်ရန်၊ အမဲလိုက်ရန် အရေးကြုံလာပါက ရွာသူကြီး(သို့) သူ၏သားက ဦးဆောင်လေ့ရှိသည်။
နွေဦးကာလတစ်ခုသော နံနက်ခင်းတွင် ရွာသူကြီးက ရွာရှိ အမဲလိုက် ကျွမ်းကျင်၍ ဖြတ်လတ်သော လူငယ်များ၊ မုဆိုးကျော် များကို ခေါ်ယူစုရုံးသည်။ သားကောင်များကျက်စားရာ တော နက်ထဲ ထိသွား၍ အမဲလိုက်ကြရန်ဖြစ်သည်။ သို့ဖြင့်ပြောင်းချော သေနတ် များ၊ လှံများ၊ ဓါးများ ကိုင်ဆွဲ၍ ထွက်သွားကြသည်။ ယမ်းလည်း အလုံအလောက်ထည့်သွားကြသည်။အမဲလိုက်ရာ၌ ရိက္ခာအဖြစ်ပါလာသော ဆန်များ ကုန်သည် အထိ သို့မဟုတ် သားကောင်ကြီးကြီးမားမား ပစ်ခတ်ရရှိ သည်အထိ ရက်များကြာသွားတတ်သည်။သို့ဖြင့်တစ်ရက်ပြီးတစ်ရက်အချိန်ကုန် သွားသည်။
ရွာသူရွာသားများက မျှော်လင့်ချက်ကြီးမားစွာဖြင့် သူတို့ ပြန် အလာကို စောင့်မျှော်ကြသည်။ အမဲလိုက်သူများပြန်လာလျှင် အသားများများစားရမည်။ ခေါင်ရည်များသောက်၍ အောင်ပွဲ ကျင်းပ ကြမည်မဟုတ်ပါလား။ ရွာသူပျိုဖြူတို့က ပို၍စိတ်လှုပ်ရှား ကြသည်။ ကိုလူပျိုတို့တောကောင်ကြီးများရ၍ ပြန်လာပါက ဆင်အနွယ်များ အရိုးများဖြင့် နားကွင်းများ၊ ဘီးများနှင့် အခြားအဆင်အယင်များ ပြုလုပ်ပန်ဆင်ရမည်။ အိမ်သူမများကလည်း အမဲလိုက်မုဆိုးကျော် များပြန်လာပါက အမောပြေ သောက်ရန် အောင် အိုးကြီးကြီး များကို ရွေး၍ ခေါင်ရည်ချက်/ သိပ်ကြသည်။
သို့သော်ကံမကောင်းလှစွာသူကြီးနှင့်သူ၏မုဆိုးကျော်များ ကို တောကောင်များကို အစိုးရသော သခင်မ Chawngtinlari က မည်သည့်သားကောင်ကိုမျှမပေးပါ။ သူတို့အမဲတစ်ကောင်မျှ မရ။ လက်ချည်းဗလာဖြင့် ရွာပြန်ရောက်လာကြသည်။ ဤကဲ့သို့သော အခြေအနေသည်မျှော်လင့်တကြီးစောင့်မျှော်နေသော ရွာသူရွာသား များရှေ့တွင် အလွန်မျက်နှာငယ်စရာဖြစ် သည်။ အမဲလိုက် ပြန်လာ သူများ ခေါင်းမဖေါ်ဝံ့။ စိတ်ဓါတ်အလွန်ကျကြသည်။ ရွာသူများ ကမ်းပေးသော အမောပြေခေါင်ရည်ခွက်ကို ယူရန်လည်း လက်တွန့် နေကြသည်။
သို့ရာတွင် အကင်းပါးလှသောရွာသူကြီးက အခြေနေဆိုးမှ သူတို့ကိုကယ်လိုက်နိုင်သည်။ သို့ဖြင့်တစ်ဆင့်တက်၍ ယနေ့တိုင် ကျင်းပကြသည့် ကြပ်ကြာကုပ်ပွဲတော် သန္ဓေတည်ခဲ့သည်။
အရှက်ကြီးရှက်၍ မျက်နှာငယ်နေကြသည့်အခြေအနေကို ကျော်လွှားရန် စားသောက်ပွဲတစ်ခု အလျှင်အမြန်ကျင်းပဖို့ ရွာသူ ကြီးက အဆိုပြုသည်။ သူကိုယ်တိုင် သူ့ခြံမှ အကြီးဆုံးသောဝက် တစ်ကောင်ကိုပေါ်သည်။ အမဲလိုက်ဖေါ် မုဆိုးကျော်များကိုလည်း တစ်အိမ်ကြက်တစ်ကောင်ဆွဲစေသည်။ အသားများများ၊ ခေါင် ရည် တစ်သွင်သွင်ဖြင့် စားပွဲကြီးအထမြောက်သွားသည်။
သို့ဖြင့်စိတ်ပျက်ဝမ်းနည်းမှုများ ပြေပျောက်၍ ပြုံးပျော်လာ နိုင်ကြသည်။ လူငယ်များလည်း စိတ်ဓါတ်ပြန်တက်လာကြ သည်။ လူငယ်လုံမငယ်များ လက်ချင်းဆက်၍ပျော်မြူးစွာ ဝိုင်းဖွဲ့ ကကြ သည်။ လက်ခုတ်တီးသီချင်းဆို ပျော်ရွှင်နေကြသည်မှာအမဲ လိုက် သူများ သားကောင်ကြီးကြီးမားမား ရလာသည်ထက် ပိုမိုသည်ဟု ဆိုရ လောက်အောင်ဖြစ်သည်။ လူတိုင်းအရှုံးကို အပြုံးဖြင့် အစား ထိုးလိုက်ကြသည်ဟုဆိုရပါမည်။ ထို့ကြောင့် Chapchar Kut ပွဲတော် ဖြစ်ပေါ်လာသည်။
ယင်းနှစ်မှစ၍ ထိုသို့သောပွဲကို Suaipui ရွာတွင် နှစ်တိုင်း ကျင်းပကြသည်။ အခြားရွာများကလည်း အလျဉ်းသင့်သလို ထိုပွဲကို နှစ်တိုင်းကျင်းပလာကြသည်။
ပွဲတော်ကာလတွင် အရက်(Zu)၊ ခေါင်ရည်နှင့်အသားများ ကို ယူလာကြ၍ စုပေါင်းစားသောက်ကြသည့်ဓလေ့ ပေါ်ထွန်းခဲ့ သည်။
ပွဲကျင်းပချိန်သည် အေးသောဆောင်းရာသီအကုန်၊ နွေဦး ကာလဖြစ်သည်။ မပူလွန်းသေး။ တောင်ယာလုပ်ငန်းအနေဖြင့် လည်း ရွှေ့ပြောင်းတောင်ယာစနစ် ဖြစ်သည်နှင့်အညီ တောများ ကို ခုတ်ထွင်ရှင်းလင်းပြီး၊ ခုတ်လှဲထားသောအပင်များ အခြောက် လှမ်းချိန်ဖြစ်သည်။ တောင်ပေါ်ဒေသနေ အခြားမျိုးနွယ်စုများ ကလည်း ဆိုင်ရာဆိုင်ရာပွဲများကျင်းပချိန်လည်းဖြစ်သည်။
ပွဲကာလတွင် အိမ်ထောင်ရေးအဆင်မပြေ၍ ကွဲကွာကြသူ များ၊ အကြောင်းအမျိုးမျိုးကြောင့် မသင့်မမြတ်ဖြစ်ကြသူများအား ပြန်လည်သင့်မြတ်အောင် ဖော်ဆောင်သောပွဲလည်းဖြစ်သည်။
စတင်ကျင်းပစဉ်က အမဲမရ၍ စိတ်ဓာတ်ကျနေသော အမဲလိုက်ထွက်သူများအား စိတ်ဓါတ်မြှင့်တင်ပေးရန်ဖြစ်သော် လည်း နောင်အခါတွင် ရိုးရာပွဲတော်၊ ယဉ်ကျေးမှုပွဲတော်အသွင် ကျင်းပ လာခဲ့ကြသည်။ ရိုးရာအဆိုအကများ၊ ခေတ်ပေါ်အဆို အကများဖြင့် စည်ကားစွာကျင်းပလာကြသည်။အလျဉ်းသင့်သလို စာပေဆောင်းပါး ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများပြုလုပ်၍ ယဉ်ကျေးမှု ပြခန်းများ ပြသခြင်းဖြင့်ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းသောပွဲတော် ဖြစ်လာသည်။ မျက်မှောက်ကာလတွင် လူရှိုင်းတိုင်းရင်းသားတို့၏ ကြပ်ကြာကုပ်ပွဲကို ၁၉၇၂ ခုနှစ် မှစ၍ ကလေးမြို့၊ တာဟန်းရပ် တွင်စတင်ကျင်းပခဲ့ကြသည်။ ရိုးရာအဆို၊ အက၊ အားကစား(နပမ်း) ပွဲများထည့်သွင်း၍ နှစ်စဉ်ကျင်းပလာခဲ့ကြသည်။ သို့ရာတွင် ၁၉၈၇ ခုနှစ်မှစ၍ လုံခြုံရေးအကြောင်းပြချက်ဖြင့် သက်ဆိုင်ရာကပွဲ ကျင်းပ ခွင့်မပေး တော့ချေ။
ခေတ်ကာလပြောင်းလဲလာ၍ ၁၈ နှစ်အကြာ ၂၀၀၅ ခုနှစ် တွင်မှ ပြန်လည်၍စတင်ကျင်းပဖြစ်သည်။
သို့ဖြင့်၂၀၀၁ခုနှစ်တွင်ကလေးမြို့ တာဟန်း ကြပ်ကြာကုပ် ကို ပြည်လုံးကျွတ်အတိုင်းအတာဖြင့် ပထမအကြိမ်ကျင်းပနိုင်ခဲ့ သည်။ MITV (Myamar International Telivision)ကိုလည်း ဖိတ်ခေါ်၍ ပွဲတော်မှတ်တမ်းတင် video ရိုက်ကူးစေခဲ့သည်။ MITV ကလည်း ယင်းမှတ်တမ်းတင် video ကို အကြိမ်ကြိမ် လွှင့်တင်ပြသခဲ့သည်။
ယခုအခါ ကြပ်ကြာကုပ်ပွဲကို လူရှိုင်းစာပေနှင့် ယဉ်ကျေး မှုကော်မတီ (Lushai/ Lusei Leterature and Culture Committee)က ဦးစီး ဦးဆောင်ပြု၍ ကျင်းပသည်။ ယခု၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ဒုတိယအကြိမ် ကျင်းပခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းသာမက မန္တလေး၊ ရန်ကုန်ရှိ မိမိတိုင်းရင်းသားများကိုလည်း ဖိတ်ခေါ်ကာ ပြည်လုံးကျွတ် အတိုင်း အတာဖြင့် ကျင်းပနိုင်ခဲ့သည်။